September 13, 2020

ဒုတိယအရွယ် (၂၂)

လယ်တွင်းသားစောချစ်

ပန်းနှင့် ဥယျာဉ်မှူး

        ကျောင်းဆရာဘဝကို လေးစားသည်။ ကျောင်းဆရာဘဝကို အမြတ်တနိုး တန်ဖိုးထားသည်။ကျောင်းဆရာ၏ မူလဘဝကိုက ပရဟတိကို အခြေခံသည့်အလုပ် ဖြစ်သည်။ မတစ်ထောင် သားသမီးများကို ပညာသင်ပေးရုံမက လိမ္မာအောင်လည်း ဆုံးမသွန်သင်ပေးရသည်။

        ကျွန်တော့်ကို သားအဖြစ် မွေးစားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည့် ကျေးဇူးရှင် အဖေကြီးသည် မူလတန်းကျောင်းအုပ်ဆရာကြီး ဖြစ်သည်။ မူလတန်းပညာကို အဖေကြီးထံမှာပင် သင်ယူခဲ့ရသည်။

        ‘‘ငါ့မြေး... သံမဏိကောင်းဆိုတာ ထုလေမာလေကွ။ ယောကျ်ားကောင်းဆိုတာလည်း ဘဝမှာ အခက်အခဲတွေ့လေ ကြံ့ခိုင်ရတယ်။ ငါ့မြေး သစ်တစ်ပင်ကောင်းဖြစ်အောင် ကြိုးစား၊ ကိုယ့်နောက်က ညီတွေနှမတွေ အားကိုးရရုံမက၊ တောသူတောင်သားတွေရဲ့ ဖြစ်နိုင်သမျှ အားကိုးရတဲ့သူဖြစ်အောင် ကြိုးစားကွ’’

        ‘‘ငါ့မြေးစိတ်ကောင်းရှိအောင် ကြိုးစားကွ။ စိတ်ကောင်းရှိရင် စိတ်ကောင်းရှိတဲ့ အကျိုးခံစားရတယ်ကွ’’

        အဖေကြီး ဆုံးမသော စကားများဖြစ်သည်။

        ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်များ အပါအဝင် ပုံပြင်ပေါင်းများစွာ တာဝန်ကျေစွာ ပြောပြခဲ့ပါသည်။ နားထောင်၍ အလွန်ကောင်းပါသည်။ ပြောသမျှ ပုံပြင်တိုင်းမှာ စိတ်ကောင်းရှိရေး ရည်မှန်းချက်များချည်း ဖြစ်သည်။ အဖေကြီးကျေးဇူး ကြီးလှပါသည်။

        အဖေကြီးသည် ကျောင်းဆရာကောင်းတစ်ဦးဖြစ်သည်။ တပည့်များကို ပညာသင်ပေးရုံမက လိမ္မာယဉ်ကျေးအောင်လည်းဆုံးမသည်။

        ကျောင်းသားကျောင်းသူအားလုံးကို အဖေကြီးပြောသော စကားတစ်ခုကို ကျွန်တော်သဘောကျ၍ ယနေ့တိုင် မှတ်မိနေပါသည်။

        ‘‘ဆရာဆိုတာ တပည့်က စာမသိလို့ မေးချင်ရင် အိပ်ပျော်နေတုန်း နှိုးမေးကွ။ စိတ်မဆိုးရဘူး’’ဟူ၍ ဖြစ်သည်။

        ကျွန်တော်ငယ်စဉ်ကတည်းက အဖေကြီးကို ချစ်ခင်လေးစား အားကျခဲ့သည်။ ကြီးလာလျှင် အဖေကြီးလို ကျောင်းဆရာမျိုး ဖြစ်ချင်ခဲ့သည်။ ကျွန်တော် ကျောက်မီးကျောင်းတွင် ကျောင်းဆရာလုပ်သောအခါ အဖေကြီး၏ ဆုံးမစကားများသည် ကျွန်တော့်အတွက် ကြီးမားသော အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။

        ဆရာသည် တပည့်တို့အပေါ်မှာ မေတ္တာထားနိုင်လေ ကြည်နူးစရာ ပျော်စရာကောင်းလေဖြစ်သည်။

        ကျောင်းဆရာသည် ပန်းကလေးများ ပွင့်လန်းလာအောင် ပြုစုပျိုးထောင်ပေးရသော ဥယျာဉ်မှူးနှင့်တူ၏။

        သို့သော် ဆရာသည် ပန်းကလေးများကို ပွင့်လန်းစေရုံသာမက ရနံ့ပါ မွှေးပျံ့အောင် ထည့်ပေးရသည်။



        ကလေးများကို ပညာသင်ကြားပေးခြင်းသည် ပန်းကလေးများ ပွင့်လန်းလာအောင် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ လိမ္မာယဉ်ကျေးအောင် ဆုံးမသွန်သင်ခြင်းသည် ပန်းကလေးများကို ရနံ့မွှေးအောင် ထည့်ပေးခြင်းဖြစ်သည်။

        ကျောင်းဆရာသည် ဥယျာဉ်ထဲမှ ဥယျာဉ်မှူးထက် ပို၍ ကြီးကျယ်၏။ ပန်းကလေးများကို ပွင့်စေ၊ မွှေးစေသူ ဖြစ်သည်။

        သက်ရှိပန်းကလေးများသည် သက်မဲ့ပန်းကလေးများထက် ပို၍ နူးညံ့သိမ်မွေ့သည်။ ခံစားမှုရှိသည်။ စေတနာနှင့်ပင် ဖြစ်သော်လည်း အကိုင်အတွယ်မှား၍ မရပေ။

        ကျွန်တော် ကျောက်မီးကျောင်းတွင် ပညာသင်ပေးစဉ် ကလေးများနှင့် မေးလိုက်ဖြေလိုက် လုပ်နေကြရာမှ စိတ်ကူးတစ်ခုရ၏။

        ကျွန်တော်မေးလိုက်တိုင်း ရှေ့ပိုင်းမှ မအုံးကျင်၊ မောင်မြင့်ဌေး၊ မျိုးမျိုးအေးတို့ တစ်သိုက်သာလျှင် လက်တစ်ထောင်ထောင်နှင့် ဖြေချင်နေသည်။ မအုံးကျင်က စာအတော်ဆုံးနှင့် အဖြေနိုင်ဆုံးဖြစ်သည်။ မေးလျှင်လည်း အဖြေချင်ဆုံး။

        ‘‘သိတယ်....သိတယ်’’

        လက်ညှိုးလေးတစ်ထောင်ထောင် တစ်ရမ်းရမ်းနှင့်။

        စာမေးပွဲတိုင်းလည်း သူချည်း ပထမ။

        ကျွန်တော်စာမေးတိုင်း သူတို့ကချည်း ရှေ့ကဖြေနေကြ၍ နောက်မှ ကျောင်းသားများ မဖြေကြ။ ပါဝင်ခြင်းမရှိသည်ကို သတိထားမိသည်။

        ကျွန်တော်သင်ပေးမည့် ရည်ရွယ်ချက်မှာ ကလေးတစ်စုအတွက် မဖြစ်သင့်။ အားလုံးအတွက်

ဖြစ်သင့်သည်။

        နောက်မှ ကလေးများပါ တက်ကြွစွာ ပါဝင်လာအောင် ကြိုးစားကြည့်ချင်သည်။

        နောက်တစ်နေ့စာသင်ချိန်တွင် စာမေးသောအခါ ထုံးစံအတိုင်း မအုံးကျင်၊ မောင်မြင့်ဌေးတို့ လက်တစ်ထောင်ထောင် ဖြေခွင့်တောင်းနေကြသည်။

        ကျွန်တော် သူတို့ကို မမေးဘဲ နောက်ဆုံးခုံမှ သိန်းဇော်ကို မေးလိုက်သည်။ သိန်းဇော်က သူ့မေးမှန်းပင်မသိ။ ပန်းချီဆွဲနေသည်။ သူ့ဘေးမှ ကျောင်းသားက လက်တို့ပြောမှ ကယောင်ကတန်း မတ်တပ်ထသည်။

        ကျွန်တော်က သူ့ကို အလစ်အငိုက် အပြစ်ရှာချင်၍ မဟုတ်။ ပါဝင်စေချင်၍ ဖြစ်သောကြောင့် မေးခွန်းကို ပြန်မေးလိုက်သည်။ မေးခွန်းကလည်း လွယ်လွယ်ဖြေနိုင်မည့် မေးခွန်းဖြစ်သည်။ သို့သော် သူက စာမကြည့်ခဲ့၍ မဖြေနိုင်ခဲ့ပါ။

        ကျွန်တော်က သူဖြေနိုင်အောင် ထောက်ပေးသည်။ ကူပေးသည်။ ဖြေရင်းဖြေရင်းနှင့် အဖြေမှန်ရသွားသည်။

        ကျွန်တော် သိန်းဇော်ကို ချီးကျူးသည်။ နောက်ထပ်ခပ်လွယ်လွယ်မေးခွန်းများ ထပ်မေးပြန်သည်။ ချောင်ခိုနေသော နောက်ပိုင်းမှ ကျောင်းသားများကို မေးသည်။ မဖြေနိုင်လျှင် ထောက်ပေးသည်။ ထောက်ပေး၍ ဖြေနိုင်လျှင် ချီးကျူးသည်။

        နောက်တော့ နောက်ပိုင်းမှ ကျောင်းသားများ ချောင်ခိုနေ၍ မရကြောင်း သိလာသည်။ စာကြည့်လာကြသည်။ မေးခွန်းများကို ဖြေနိုင်လာကြသည်။

        သို့သော် ဆယ်ရက်ခန့် ကြာသောအခါ ကျွန်တော် တစ်ခုသတိထားမိလာသည်။ ရှေ့ပိုင်းမှ မအုံးကျင်တို့ စာတော်သော ကျောင်းသားကျောင်းသူများ လက်မထောင်တော့သည်ကို သတိထားမိလာသည်။

        ‘‘ဘယ်လို ဖြစ်တာပါလိမ့်’’

        ကျွန်တော်သံသယဖြစ်မိသည်။

        ထို့ကြောင့် မေးခွန်းတစ်ခု မအုံးကျင်ကို မေးလိုက်သည်။

        ‘‘မသိဘူး’’

        မအုံးကျင်ဖြေပုံက ပြတ်သားသည်။ မေးလိုက်သည်မှာ မခက်ပါ။ စာတော်သော မအုံးကျင်အတွက် လွယ်ကူစွာ ဖြေနိုင်မည့် မေးခွန်းဖြစ်သည်။

        နောက်နေ့များတွင်လည်း ကျွန်တော်မေးသည်များကို မအုံးကျင်၊ မောင်မြင့်ဌေး၊ မျိုးမျိုးအေးစသည့် စာတော်သူများ လက်မထောင်ကြပါ။ မေးလျှင်လည်း မသိဘူးသာ ဖြေကြသည်။ တစ်ခုခုမှားနေပြီ။

ဆက်လက်ဖော်ပြပါမည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၇)

No comments:

Popular Posts