September 14, 2020

အဆုတ်တီဘီရောဂါအကြောင်း သိကောင်းစရာ

ဒေါက်တာမြင့်သန်းထွန်း

        အဆုတ်တီဘီရောဂါသည် ကူးစက်ရောဂါဖြစ်ပါသည်။ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလျက်ရှိသော နာတာရှည်ကူးစက်ရောဂါ ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနှုန်းမြင့်မားလျက် ရှိပါသည်။ သေဆုံးနှုန်းလည်း မြင့်မားပါသည်။ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ကာ ကူးစက်နှုန်းလည်း များပြားလာပါသည်။

ရောဂါဖြစ်စေသောပိုး

        အဆုတ်တီဘီရောဂါသည် မျိုးရိုးစဉ်ဆက်ဖြစ်ပွားသော မွေးရာပါရောဂါမဟုတ်ပါ။ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း စနစ်တကျ စောစီးစွာကုသပါက လုံးဝပျောက်ကင်းသောရောဂါ ဖြစ်ပါသည်။ အဆုတ်တီဘီရောဂါသည် Mycobacterium Tuberculosis ပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်ပါသည်။

တီဘီရောဂါအမျိုးအစားများ

        တီဘီရောဂါသည် အဆုတ်တွင် အများဆုံးဖြစ်ပါသည်။ အဆုတ်တွင်သာမက လည်ပင်းအကြိတ်၊ ဦးနှောက်အမြှေးပါး၊ နှလုံးအမြှေးပါး၊ အရိုးအဆစ်၊ အစာအိမ်လမ်းကြောင်း၊ အရေပြား၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း စသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့တွင်လည်း ဖြစ်ပွားလေ့ရှိပါသည်။

ရောဂါကူးစက်ပုံ

        တီဘီရောဂါသည် ရောဂါပိုးရှိသော လူနာမှတစ်ဆင့် နှာချေ၊ ချောင်းဆိုးခြင်းကြောင့် ရောဂါပိုးများ လေထဲသို့ ပြန့်သွားပြီး အနီးအနားတွင်ရှိသော ကျန်းမာသည့်လူအများ ၄င်းလေကို ရှူရှိုက်မိခြင်းဖြင့် ရောဂါပြန့်ပွားစေပါသည်။ တံတွေးထွေးခြင်း၊ ကျယ်လောင်စွာ ပြောဆိုခြင်းတို့မှလည်း ကူးစက်နိုင်ပါသည်။ လူဦးရေထူထပ်ပြီး လူနေမှုအဆင့်အတန်းနိမ့်ကျသော နေရာများ၌ ရောဂါဖြစ်ပွားကူးစက်ပျံ့နှံ့မှု ပိုမိုများပြားပါသည်။

ဓာတ်ပုံ - kapamilya.com

လူကြီးတွင်ဖြစ်ပွားသော ရောဂါလက္ခဏာများ

        နှစ်ပတ်၊ သုံးပတ်ထက်ကျော်လွန် ချောင်းဆိုးခြင်း၊ သလိပ်ပွခြင်း၊ ညနေပိုင်းတွင် အဖျားတက်ခြင်း၊ ညအခါ ချွေးအလွန်ထွက်ခြင်း၊ သလိပ်တွင်သွေးပါလာခြင်း၊ ကျောနှင့် ရင်ဘတ်အောင့်ခြင်းနှင့် အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန် လျော့ခြင်းနှင့် မောပန်းလွယ်ခြင်းသည် အဆုတ်တီဘီရောဂါ လက္ခဏာများပင်ဖြစ်ပါသည်။

ကလေးများတွင်ဖြစ်ပွားသော ရောဂါလက္ခဏာများ

        ကလေးသူငယ်များတွင် ဖြစ်ပွားလေ့ရှိသော လက္ခဏာများမှာ ဖျားခြင်း၊ ထပ်တလဲလဲချောင်းဆိုးရင်ကျပ်ခြင်း၊ လည်ပင်းကြိတ်များ ရောင်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပိန်ချုံးချည့်နဲ့ အားအင်နည်းခြင်း စသည်တို့ဖြစ်ပါသည်။

ရောဂါရှာဖွေခြင်း

        တီဘီရောဂါ ရှိမရှိ စုံစမ်းရှာဖွေရပါမည်။ နှစ်ပတ်ကျော် ချောင်းဆိုးသူတိုင်း သလိပ်စစ်ဆေးရပါသည်။ ကလေးများတွင် (Tuber Culin Test) ကျူဘာဆူလင်းထိုးစမ်းသပ်ခြင်း၊ CP (Complete Picture and ESR) သွေးဖောက်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်း စသည့်နည်းများကို အသုံးပြုရောဂါရှာဖွေရပါသည်။

ကုသခြင်း

        ကူးစက်မှုကို ပြန့်ပွားစေပြီး လောလောဆယ် ရောဂါဝေဒနာကို ခံစားနေရသော လူနာများကို ဦးစားပေး ကုသမှုပေးရပါသည်။ ၄င်းတို့တွင် သလိပ်၌ ပိုးပါသောလူများနှင့် ဓာတ်မှန်တွင် ကလိုဏ်ပေါက်ပါသူများဖြစ်ပါသည်။

        ကျန်းမာရေးအနေနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ တီဘီစီမံချက်အရ (ဆေးခန်းများတွင် အစွမ်းထက်သော တီဘီဆေးများအပြင် အခမဲ့ ကုသပေးနေပါသည်။ ခြောက်လမှ ရှစ်လအထိ ဆေးသောက်ရပါမည်။ ဆေးသောက်မမှန်ကန်ခြင်း၊ ပြီးဆုံးအောင် မသောက်ခြင်းတို့ကြောင့် ကုသ၍မရသော ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်လာနိုင်ပါသည်။

        ဆေးကုသရာတွင် အဓိကအားဖြင့် တီဘီဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း စနစ်တကျမှန်ကန်သော ကုသမှုလိုအပ်ပါသည်။ မမှန်ကန်သော အရပ်စကားများကို ယုံလွယ်ခြင်းနှင့် ဆေးမြီးတိုသုံးခြင်းများကို ရှောင်ကြဉ်ရပါမည်။

        ကုသမှုစနစ်မကျ မမှန်ပါက ဆေးယဉ်ခြင်းကြောင့် အလွန်စျေးကြီးသော ဆေးကြီးများ မှီဝဲကုသရခြင်း၊ ရောဂါတိုး၍ အသက်အန္တရာယ်ဖြစ်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။

ဓာတ်ပုံ - kapamilya.com

ဆေးကုသမှု ခံယူနေစဉ်အတွင်း သတိပြုရမည့်အချက်များ

        ဆေးကုသမှုခံယူနေစဉ်အတွင်း မျက်စိနှင့် အရေပြားများ ဝါလာခြင်း၊ မျက်စိများမှုန်လာခြင်းနှင့် အမြင်အာရုံဝါးလာခြင်း၊ တစ်ကိုယ်လုံး အဖု၊ အပိန့်များ ထွက်ပြီး ယားယံလာခြင်း၊ နားအူလာခြင်း၊ ထပ်တလဲလဲ အန်ခြင်း၊ ခေါင်းမူးဝေခြင်းနှင့် ကိုယ်ခန္ဓာဒယိမ်းဒယိုင်ဖြစ်ခြင်း စသည့် ဆေး၏ ဘေးထွက်ဆိုးကျိုး လက္ခဏာများကို ကြုံတွေ့ရပါက ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းသွားရောက်ဆွေးနွေးပြီး ကုသမှုကို ခံယူရပါမည်။

ကာကွယ်ခြင်း

        အဆုတ်တီဘီရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် ကာကွယ်ရပါမည်။ ရင်သွေးငယ်များကို (ဘီစီဂျီ)တီဘီကာကွယ်ဆေး ထိုးပေးရပါမည်။ ကလေးများနှင့် ပြည်သူလူထုများအား ရောဂါကူးစက်ပုံနှင့် ပျံ့နှံ့ပုံများကို သိရှိနားလည်ရန် ကျန်းမာရေး ပညာပေးရပါမည်။ လူနာနှင့် အတူနေသူများနှင့် ရောဂါမသင်္ကာသူများအား လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ရပါမည်။ ကျန်းမာသောလူများသို့ ရောဂါမပြန့်ပွားစေရန် ဆေးကုလူနာအား ကြီးကြပ်ခြင်း၊ ကုသမှုပျက်ကွက်သည့်လူနာများအား မှန်ကန်စွာ ကုသမှုခံယူရန် အရေးတယူဆောင်ရွက်ရပါမည်။ နွားနို့ကိုကျိုချက်၍ သောက်ရပါရမည်။ ကျန်းမာရေးဌာနများသို့ ချောင်းဆိုးလက္ခဏာဖြင့် လာရောက်ပြသသူများအား သလိပ်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေပေးရပါမည်။

အကြံပြုချက်

        အဆုတ်တီဘီရောဂါ ကူးစက်ပြန့်ပွားမှုသည် လူနာ၏ သလိပ်မှအများဆုံးဖြစ်သောကြောင့် သလိပ်များကို စနစ်တကျ စွန့်ပစ်ရပါမည်။ ချောင်းဆိုး၊ နှာချေပါက လက်ကိုင်ပဝါကို အသုံးပြုရပါမည်။ လူနာ၏ အဝတ်အထည်များကို သီးသန့်အိုးဖြင့် ပြုတ်၍ လျှော်ခြင်း သို့မဟုတ် တိုက်ရိုက်နေရောင်ခြည်ကြာမြင့်စွာ လှန်းရပါမည်။ လူနာနေသောအခန်းအား လေကောင်း၊ လေသန့်နှင့် နေရောင်ခြည် လုံလောက်စွာရရှိအောင် ဆောင်ရွက်ရပါမည်။ သလိပ်၊ တံတွေးများကို အဖုံးပါသော ခွက်ထဲသို့ ထွေးရပါမည်။ အာဟာရပြည့်ဝမျှတစွာ စားရပါမည်။ ဆေးလိပ်၊ အရက်ကို ရှောင်ရှားရပါမည်။ သင့်တော်သော လေ့ကျင့်ခန်းများ ပြုလုပ်ရပါမည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၁)

No comments:

Popular Posts