September 23, 2020

ပြည်ပပို့ကုန်အရည်အသွေးကောင်း ပဲမျိုးစုံရရှိရန်

ကိုရဲ (စိုက်ပျိုးရေး)

        တစ်ချိန်က မြန်မာနိုင်ငံသည် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု၌အာဆီယံနိုင်ငံများတွင် ထိပ်တန်းမှ ရရှိခဲ့သည်။ အထူးသဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတွင် ဈေးကွက်ကောင်းရှိခဲ့သည်။ ပြည်ပဈေးကွက်မှာ ပဲအမျိုးအစားသန့်ရမည်။ ရောရောနှောနှော မရှိရ။ မျိုးလည်း သန့်ရမည်။ အရည်အသွေးလည်း သန့်ရမည်။ ပဲစေ့အလုံးအရွယ်အစား အကြီး အသေးလည်း သန့်ရမည်။ ဖုန်၊ ခဲ၊ သဲ ကင်းရမည်။ ပဲစေ့ပျက်စီးမှု များဖြစ်သည့် လုံးပိန်၊ လုံးညှပ်၊ မှိုကပ်၊ မှိုတက်၊ အစေ့အရောင်ပျက် မရှိစေရ။ မတ်ပဲပို့လျှင် မတ်ပဲမှတစ်ပါး အခြားပဲအားလုံး မပါဝင်ရ။ အစေ့အရွယ်အစားသေးမှု၊ သတ်မှတ် မီလီမီတာဆန်ကာက အစေ့ရှိရမည်။ အစေ့ကြီးလျှင် ၃ မီလီမီတာ ဆန်ကာတွင်းတွင် ကျန်နေသော အစေ့ဖြစ်ရမည် ဖြစ်သဖြင့် သတ်မှတ်ချက်များ ရှိခဲ့သည်။ ရိုးရိုးအဆင့်၊ ပထမတန်းအဆင့်၊ အထူးစပယ်ရှယ်အဆင့် စသည်ဖြင့် သတ်မှတ်ချက်တွင် အမြင့်ဆုံး ခွင့်ပြုသတ်မှတ်ချက် ရာခိုင်နှုန်းအလိုက်၊ အရည်အချင်းရှိရမည်။ မတ်ပဲကို အာရှနိုင်ငံများတွင်သာမက အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ အမေရိကန်၊ စပိန်၊ နယ်သာလန်နှင့် အာဖရိကနိုင်ငံများအထိ ဝယ်လက်ရှိခဲ့သည်။

ဓာတ်ပုံ - foodindustory.com.mm

        ပဲစင်းငုံဆိုလျှင်လည်း အာရှနိုင်ငံများအပြင် အာရပ်စော်ဘွားပြည်ထောင်စုနိုင်ငံသို့ ရောင်းချခဲ့ရဖူးသည်။ ပိုးထိုး၊ ပိုးကိုက်၊ အကျိုးအပဲ့မပါသော သန့်သန့်များ တင်ပို့ခဲ့ကြရသည်။

        မတ်ပဲကဲ့သို့ ပြည်ပပို့မှုများသောပဲမှာ ပဲတီစိမ်းဖြစ်သည်။ ဈေးကွက်အတွက်လိုအပ်သော မျိုးစေ့အရည်အသွေးသတ်မှတ်ချက်တွင် သိုလှောင်ပိုးထိုးစေ့၊ ပိုးကိုက်စေ့၊ မျိုးတူနီးစပ်ပါဝင်နိုင်သည့် အစေ့ရာခိုင်နှုန်း သတ်မှတ်ချက်များရှိသဖြင့် ပဲတီစိမ်းသည် မတ်ပဲကဲ့သို့ အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ အာရပ်စော်ဘွားနိုင်ငံများနှင့် ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်တို့အထိ ဈေးကွက်ရှိသည်။ ပဲတီစိမ်းနှင့်မတ်ပဲမှာ ပဲပင်ပေါက်၊ အပင်ဖောက်၍ စားသုံးမှုများသည်။ မြန်မာနိုင်ငံတွင် ပဲကြာဆံကို ပဲတီစိမ်းမှ ပြုလုပ်ကြသည်။ ပဲတီစိမ်းအစေ့တစ်ပေါင်၊ ရေစိမ်အပင်ဖောက်ပါက ပဲပင်ပေါက် ခြောက်ပေါင်မှ ရှစ်ပေါင်အထိ ရနိုင်သည်။

        မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့သည် စားသုံးကုန်သာမက လူသုံးကုန်မျိုးစုံထုတ်လုပ်နိုင်သဖြင့် ပြည်ပမှ ဝယ်ယူမှုရှိသည်။ ဝယ်ယူရာတွင် စံချိန်အရည်အသွေးကောင်းရန် ဓာတုဆေးဝါးဓာတ်ကြွင်းပါဝင်မှုနည်းရန် မျိုးကောင်းမျိုးသန့်ရန် အဓိကလိုသည်။ ဤသည်မှာ စိုက်ပျိုးသူများက မျိုးကောင်းမျိုးသန့်ရွေးချယ်မှု မှန်ကန်စွာ စိုက်ပျိုး၍ စိုက်ပျိုးနည်းစနစ်ကောင်း ဂျီအေပီစနစ်ကျင့်သုံးကြမှသာ ဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံကို အားကိုးနေရခြင်းမျိုး မဖြစ်နိုင်ပါ။ စိုက်ပျိုးရေးထွက်ကုန်များသည် အန္တရာယ်ကင်း‌၊ ဘေးရှင်းစံချိန်မီသန့်လျှင် ရောင်းရပါမည်။ ရောင်းရလျှင် စိုက်ကြပါမည်ဟု သုံးသပ်မိပါသည်။ စိုက်ပျိုးထုတ်လုပ်သူများဘက်မှလည်း အရေးကြီးပါသည်။

ဒို့ကျေးရွှာဂျာနယ် အတွဲ (၁၆) အမှတ် (၂၂)

No comments:

Popular Posts