ကိုရွှေငါး(ဓနုဖြူ)
‘ငါး’တွင် အသားဓာတ်၊ အိုမီဂါ -၃ ဖက်တီးအက်ဆစ်၊ ပိုတက်ဆီယမ်နှင့် ဗီတာမင်များစွာ ပါဝင်သော အစားအစာဖြစ်ပါသည်။ ငါးကိုစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး နှလုံးရောဂါ၊ လေငန်းရောဂါ၊ စိတ်ကျရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါများ ဖြစ်ပွားမှုကို နည်းစေနိုင်ပါသည်။ ငါးစားသုံးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ ပျောက်ကင်းစေခြင်းတို့ကို တွေ့ရှိရသဖြင့် ကလေး၊ လူကြီး အရွယ်မရွေး ကျန်းမာရေးအတွက် ငါးများများစားသုံးသင့်ပါသည်။
ဦးနှောက်ကိုဖွံ့ဖြိုးစေသည်
ငါးစားသုံးခြင်းသည် ဦးနှောက်၏ အတွေးအခေါ်များကို တိုးတက်မြင့်မားလာစေနိုင်သည်။ သို့သော် တူနာငါးကဲ့သို့ မာကျူရီ ပြဒါးဓာတ်အမြောက်အမြားပါဝင်သည့် ငါးအမျိုးအစားကို ရှောင်ကြဉ်ပါ။ အိုမီဂါ-၃ သို့မဟုတ် ငါးကြီးဆီကဲ့သို့ ဗီတာမင်ဖြည့်စွက် အားတိုးစေသော ငါးများကိုသာ မှီဝဲပါ။ လူသားတို့၏ ဦးနှောက်သည် စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာ ထိရောက်သောလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဖက်တီးအက်ဆစ်ကဲ့သို့ ငါးများနှင့် ငါးကြီးဆီစသည့် ငါးများကို စားသုံးသင့်သည်။ သို့မှသာ ဦးနှောက်စွမ်းရည်ကိုသာမက အထွေထွေကျန်းမာရေးကိုပါ အထောက်အကူ ပြုစေနိုင်သည်။
နှလုံးရောဂါအမျိုးမျိုးအတွက် ငါးကြင်းဗိုက်သား
နှလုံးရောဂါကို ကြိုတင်ကာကွယ်မှုအနေဖြင့် ငါးကြင်း (Cirrhinus mrigala) ဝမ်းဗိုက်သားအား မန်ကျည်းသီးနှစ်ဖြင့် အချဉ်ဆီလည်ရေလည်ချက်ကာ စားပါ။ ငါးကြင်းဝမ်းဗိုက်သားသည် အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်လို့ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်နိုင်ပါသည်။
ဆီးကျောက်တည်ရောဂါအတွက် ငါးပြေမ
‘‘ယောကျ်ားမှာဆီး၊ မိန်းမမှာမီး’’ဆိုသကဲ့သို့ အမျိုးသမီးများတွင် မီးယပ်သွေးဆုံးရောဂါသည် ကြောက်စရာကောင်းသလို အမျိုးသားများအတွက် ဆီးသည် အရေးကြီးပါသည်။ ဆီးသွား၍မရ၊ ဆီးကျောက်တည်ခြင်းသည် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ ဆီးကျောက်တည်ခြင်းအတွက် ငါးပြေမ (Anabas testudineus) နှင့် စောင်းလျားသီးကို ချက်စားပါက ပျောက်ကင်းစေနိုင်ပါသည်။ ချက်ပြုတ်ရာတွင် ငါးပြေမ ၁၅ ကျပ်သားအား အကြေးခွံထိုး၊ ပါးဟက်ခွာ၊ ဗိုက်ခွဲ အူထုတ်၍ ခန္ဓာကိုယ်ဘေးနှစ်ဘက်ကို ဓားဖြင့် ခပ်ဖြည်းဖြည်းမွှန်း၍ ရေစင်အောင်ဆေးပြီး ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ မျှတစွာထည့်ပြီး အကွင်းလိုက်လှီးပါ (အစေ့များ ဖယ်ထုတ်ပစ်ပါ)။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်နှင့် ရောထောင်းထားပြီး ပုံမှန်ဟင်းများချက်နည်းအတိုင်း ချက်ပြုတ်ပါ။ ငါးမိနစ်ခန့်ကြာသောအခါ အကွင်းလိုက်လှီးထားသော စောင်းလျားသီးများကို ဟင်းအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။ ငါးများကျက်လျှင် ဟင်းအိုးကိုချပါ။ စောင်းလျားသီး အာနိသင်များသည် ငါးပြေမအတွင်းသို့ ရောက်ရှိသွားပါသည်။ ထိုအခါ ငါးပြေမစောင်းလျားသီး ရေချိုဟင်းကို ထမင်းနှင့်နယ်စားပါ။ စားပြီး ၁၂ နာရီကျော်ပါက ဆီးများများသွားပြီး ဆီးအောင့်ခြင်း၊ ဆီးကျင်ခြင်းများ သက်သာလာပါမည်။ နေ့/ည ရက်သတ္တပတ် တစ်ပတ်ခန့်စားသွားပါက ဆီးကျောက်တည်ခြင်းရောဂါ ပျောက်ကင်းစေပါသည်။ ထို့အတူ ငါးခေါင်းပွနှင့် စောင်းလျားသီးကို ချက်စားလျှင်လည်း ဆီးကျောက်တည်ရောဂါကို ပျောက်ကင်းစေပါသည်။
![]() |
ဓာတ်ပုံ-newscientist.com |
အင်အားပြည့်စေဖို့ ငါးမီးဖုတ်
လူတိုင်းလူတိုင်း ကျား မ မရွေး၊ ကလေး၊ လူကြီး ပိန်းချုံးချည့်နဲ့၍ အားအင်ကုန်ခန်းချို့တဲ့နေလျှင် ငါးကိုမီးဖုတ်၍ စားသုံးပါက အင်အားများပြည့်ဖြိုးလာစေပါသည်။ ငါးမီးဖုတ်ကို အရေခွံတင်းနေအောင် မီးဖုတ်ပါ။ ကြက်သွန်နီ ဥကြီးအား အကွင်းလိုက်လှီး၍ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာသီးညှစ်ပြီး နံနံပင်ဖြင့် ငါးမီးဖုတ်သုပ်စားပါက အင်အားပြည့်ဖြိုးလာစေပါသည်။
ဒူးနာရောဂါအတွက် ငါးကြင်းခေါင်းဟင်းချိုချက်သောက်ပါက ဒူးနာရောဂါကို သက်သာပျောက်ကင်းစေပါသည်။ ငါးကြင်းခေါင်းအတွင်းရှိ ကျန်းမာရေးအတွက် အထောက်အကူပြုသော အဆီများမဆုံးရှုံးစေရေးအတွက် ငါးခေါင်းကို ထက်ခြမ်းမခွဲဘဲ အလုံးအတိုင်းရေစင်စင်ဆေးပါ။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငံပြာရည်တို့ဖြင့် ရောနယ်၍ထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ၊ ချင်းအနည်းငယ်ကို ရောထောင်းပြီး ဆီကျက်ပါက ဆီသတ်၍ အဝါရောင်သမ်းလာပါက ငရုတ်သီးမှုန့် (အရောင်တင်မှုန့်) အနည်းငယ် (လက်ဖက်စားဇွန်းတစ်ဇွန်း) ထည့်၍ ငါးခေါင်းများထည့်ပြီး ဒယ်အိုးအား ဖုံးအုပ်ထားပါ။ ငါးခေါင်းများ ကြေမသွားစေရန်နှင့် အတွင်းသားများနူးနပ်စေရန် ငါးခေါင်းများကို ထောင်၍ မြုပ်သည်အထိ ရေနွေးထည့်ပြီးချက်ပါ။ ဟင်းရည်ဆူပွက်ပါက အပေါ့အငန်မြည်း၍ ကြက်သွန်ဖြူဓားပြားရိုက်ထည့်ပြီး မီးဖိုပေါ်မှချပါ။ ဟင်းရည်သောက်ပန်းကန်လုံးအတွင်း ရှောက်ရွက်ပါးပါးလှီး၍ဖြစ်စေ၊ သံပရာရည်ညှစ်၍ဖြစ်စေ ထည့်သောက်ပါကအရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးကြင်းခေါင်းဟင်းချိုကို စားသုံးနိုင်ပါသည်။ ငါးခေါင်းထဲမှ အဆီနှင့်အသားများကို စုပ်၍စားပါ။ တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်စားပေးပါက ဒူးနာရောဂါ ပျောက်ကင်းစေပါသည်။
‘‘ခေတ်မီသူတိုင်း ရေငန်ငါးကိုစားကြသည်’’ဟု ခေတ်စားလာချိန်တွင် ကျန်းမာသန်စွမ်းခြင်းနှင့် အာဟာရအင်အားမျှတမှုကို ရရှိစေသောကြောင့် လူသားတိုင်း ငါးစားသုံးခြင်းဖြင့် ‘‘ကျန်းမာပျော်ရွင်သော မိသားစုဘဝကို ရေရှည်ရပ်တည်နိုင်ကြပါစေ’’ဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၁)
No comments:
Post a Comment