အောင်ဆန်း (စိုက်ပျိုးရေး)
ရိက္ခာသီးနှံများ ရိတ်သိမ်းချိန်တွင် ကိုင်တွယ်ထိန်းသိမ်းမှုသည်လည်း သီးနှံများ၏ အရည်အသွေးကျဆင်းမှုကို ကြီးစွာလွမ်းမိုးထားပါသည်။ သီးနှံများအား ရိတ်သိမ်းဆွတ်ခူးချိန်တွင် ထိခိုက်ပွန်းပဲ့ခြင်း၊ ဒဏ်ရာရရှိခြင်း၊ ခြစ်မိခြင်း၊ ဖြတ်မိခြင်းများဖြစ်ပါက ဒဏ်ရာများဖြစ်သည့်အပြင် ရောဂါဝင်ရောက်ပြီး ပုပ်ရိစေပါသည်။ အရည်အသွေး ကျဆင်းစေပါသည်။ သို့အတွက် သီးနှံများ ရိတ်သိမ်းရာတွင် ဂရုတစိုက် ကိုင်တွယ်ထိန်းသိမ်းခြင်းဖြင့် အရည်အသွေးကျဆင်းခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ သီးနှံ၏ အရည်အသွေး အမြင့်ဆုံးအချိန်တွင် ရိတ်သိမ်းဆွတ်ခူးရန် လိုပါသည်။
နေ့တစ်နေ့၏ အအေးဆုံးအချိန် (နေထွက်ခါစအချိန်)တွင် ရိတ်သိမ်းဆွတ်ခူးရန် လိုပါသည်။ သီးနှံ၏ အရည်အသွေးကို တာရှည်စေပါသည်။ သီးနှံတစ်မျိုးတည်းကို ရင့်မှည့်ချိန် မတူညီအောင် ဆင့်ကဲဆင့်ကဲ စိုက်ပျိုးရန် လိုပါသည်။ သီးနှံအရည်အသွေးမကျဆင်းမီ ထုပ်ပိုးရောင်းချနိုင်သလောက်သာ ရိတ်သိမ်းဆွတ်ခူးပြီး အရည်အသွေး မကျဆင်းမီ စားသုံးသူလက်ဝယ်သို့ အမြန်ရောင်းချနိုင်အောင် စီမံဖို့လိုပါသည်။ ရိတ်သိမ်းဆွတ်ခူးပြီးသော သီးနှံများကို ရေငွေ့ပျံမှုနှင့် အစိုဓာတ်ခန်းမှုတို့အတွက် ဟန့်တားရန် အေးသော အရိပ်အောက်တွင်သာ ထားရှိရန် လိုအပ်ပါသည်။
![]() |
ဓာတ်ပုံ - ရဲသူရအောင် |
ရိက္ခာသီးနှံများ၏ အရည်အသွေးကို ကျဆင်းစေရန် လွှမ်းမိုးနေသည့်အချက်များတွင် ရိတ်သိမ်းချိန်လွန်အချက်များလည်း ပါဝင်နေပါသည်။ ၄င်းအချက်များမှာ ပတ်ဝန်းကျင်လေထုအတွင်းတွင်ရှိသော အပူချိန်၊ စိုထိုင်းဆ၊ ဓာတ်ငွေ့တို့ ပါဝင်နေခြင်း ဖြစ်ပါသည်။ အပူချိန် အနိမ့်အမြင့်သည် ရိက္ခာသီးနှံများ၏ အရည်အသွေးပေါ် လွန်စွာလွှမ်းမိုးထားပါသည်။ အပူချိန်ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခြင်းဖြင့် သီးနှံများ၏ အရည်အသွေးနှင့် ရိတ်သိမ်းချိန်လွန်သက်တမ်းကို ပိုမိုရှည်ကြာစွာ ထိန်းထားနိုင်ပါသည်။
သီးနှံများကို အပူချိန် သုညမှ နှစ်ဒီဂရီစင်တီဂရိတ်အတွင်း အေးခဲပေး၍ သိုလှောင်ခြင်းဖြင့် အအေးလွန်ဒဏ်ရာရစေခြင်းကို ရှောင်ကွင်းနိုင်ပါသည်။ အအေးလွန်ဒဏ်ရာရသော သီးနှံများသည် ရေစိုနာကွက်များ ဖြစ်ပေါ်စေခြင်း၊ မှန်ကဲ့သို့အကွက်များ ဖြစ်ပေါ်စေခြင်းများကြောင့် သီးနှံ၏ အရည်အသွေးကို ကျဆင်းစေပါသည်။
အအေးလွန်ဒဏ်ရာရရှိသော သီးနှံများသည် ဇီဝကမ္မဆိုင်ရာပုံစံ မှားယွင်းပြောင်းလဲခြင်း၊ အတွင်းသားအရောင် ပြောင်းလဲခြင်း၊ အမြင်ပိုင်းအရောင်ပျက်စီးခြင်း၊ မျက်နှာပြင်ပေါ်တွင် အချိုင့်ငယ်များ ဖြစ်ပေါ်စေခြင်း၊ အမှည့်မညီခြင်း၊ အနံ့ပျောက်ခြင်း၊ ပျက်ပြယ်ခြင်း၊ ပုပ်ရိခြင်း၊ အာဟာရတန်ဖိုး ဆုံးရှုံးသွားခြင်းများဖြစ်ပေါ်၍ အရည်အသွေးကျဆင်းစေပါသည်။ အအေးလွန်ဒဏ်ရာကို အေးသောအခြေအနေ သိုလှောင်ထားစဉ် မတွေ့ရဘဲ သိုလှောင်ရုံမှထုတ်လိုက်၍ အပြင်အပူချိန်မြင့်ဖြင့် ထိတွေ့သောအခါမှသာ တွေ့မြင်နိုင်ပါသည်။
![]() |
ဓာတ်ပုံ - ရဲသူရအောင် |
ရိက္ခာသီးနှံအနက် သရက်သီး၊ ငှက်ပျောသီး၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ သခွားသီး၊ ရုံးပတီသီး၊ ကန်စွန်းဥကဲ့သို့သော အပူပိုင်းသီးနှံများ၊ အပူလျော့ပိုင်းသီးနှံများသည် နိမ့်သောအပူချိန်ကို ခံနိုင်ရည်နည်းပါးကြသည်။ သခွားမွှေးသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ချိုသီးတို့မှာ ခံနိင်ရည်အသင့်အတင့်ရှိကြပါသည်။ သီးနှံများ အအေးလွန်ဒဏ်ရရှိပြီး အရည်အသွေးကျဆင်းခြင်းကို အပူချိန်ကြိုတင်ညှိထားခြင်း၊ စိုထိုင်းဆထိန်းညှိခြင်း၊ ထိန်းချုပ်ထားသောလေထုတွင် ထိန်းသိမ်းထားခြင်း ဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်ခြင်းဖြင့် လွှမ်းမိုးမှုကို ကာကွယ်ဟန့်တားနိုင်ပါသည်။ နိမ့်သောအပူချိန်သည် ရင့်မှည့်ခြင်းကို တားမြစ်နိုင်သော်လည်း အအေးလွန်ဒဏ်ရာရစေခြင်းကြောင့် ဤသို့မှည့်ခြင်းကို ရှောင်ရှားရန် သင့်တင့်သောအပူချိန်ကို ရွေးချယ်စီမံရန် လိုပါသည်။
အေးသောအပူချိန်သည် သီးနှံများ၏ အသက်ရှူနှုန်းကို ထိန်းပေးထားနိုင်ပြီး အသက်ရှူခြင်းကြောင့် အပူထွက်ပေါ်လာပြီး ဆဲလ်များအတွင်းမှ သကြား၊ အဆီနှင့် အသားဓာတ်တို့ကို ဓာတ်တိုးပြောင်းလဲမှုဖြစ်စေပါသည်။ အေးသောအပူချိန်သည် ပျက်စီးဆုံးရှုံးလွယ်သော သီးနှံများ၏ မှည့်ခြင်း၊ ပျော့ခြင်း၊ ဖွဲ့စည်းပုံနှင့် အရောင်ပြောင်းလဲခြင်း၊ ရင့်ရော်ခြင်း၊ ဇီဝကမ္မပြောင်းလဲခြင်း၊ အသက်ရှူခြင်း၊ အပူထုတ်လွှတ်ခြင်း၊ အစိုဓာတ်ဆုံးရှုံးခြင်း၊ ညှိုးနွမ်းခြင်း၊ အဏုဇီဝသက်ရှိများကြောင့် ပုပ်ရိပျက်စီးခြင်း၊ အာလူးတွင် အညှောင့်ပေါက်ခြင်းများကြောင့် သီးနှံအရည်အသွေးကျဆင်းခြင်းအား ဟန့်တားနိုင်ပါသည်။
ပန်းသီးအသီးပျော့သွားခြင်း၊ သိုလှောင်စဉ်ပုံစံမှားယွင်း ပြောင်းလဲခြင်း၊ အသီး၏မျက်နှာပြင် အပူလောင်ဒဏ်ရာရစေခြင်း၊ ရေမြှုပ်ကဲ့သို့ အပေါက်ငယ်များဖြစ်ပေါ်ပြီး သီးနှံ၏ အရည်အသွေးကျဆင်းခြင်းကို မသိုလှောင်မီ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်တွင် သုံးရက်မှ လေးရက်ထိ အပူပေးခြင်းဖြင့် ကုစားနိုင်ပါသည်။
ပတ်ဝန်းကျင်ရှိ စိုထိုင်းဆအနည်းအများသည် သီးနှံများ၏အရည်အသွေးကို ချုပ်ကိုင်ထားပါသည်။ ရိတ်သိမ်းပြီးနောက် ရေဓာတ်ဆုံးရှုံးခြင်းသည် သီးနှံများရှုံ့တွခြင်း၊ ညှိုးနွမ်းခြင်း၊ ကျွတ်ဆတ်မှုမရှိတော့ခြင်း၊ တစ်သျှူးများမာခြင်း၊ ပျော့ခြင်း၊ စားသုံးရန် မသင့်တော်ခြင်း၊ အလေးချိန်လျော့ခြင်း၊ ပုပ်ရိမှုဖြစ်စေခြင်း၊ အမှည့်မညီညာခြင်း၊ အသီးမျက်နှာပြင် မှိုတက်ခြင်းများကြောင့် အရည်အသွေးကျဆင်းခြင်းကို စိုထိုင်းဆ ၈၅ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းထိထား၍ ထိန်းကွပ်သိုလှောင်ပေးခြင်းဖြင့် ကာကွယ်တားဆီးထားနိုင်ပါသည်။
ပတ်ဝန်းကျင်ရှိ ဓာတ်ငွေ့များ ပါဝင်ဖွဲ့စည်းမှုသည်လည်း သီးနှံအရည်အသွေးများကို ကြိုးကိုင်ထားသော အချက်တစ်ချက် ဖြစ်ပါသည်။ အောက်စီဂျင်လျှော့ချခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်မြှင့်တင်ခြင်းတို့သည် ရည်ရွယ်ချက်မရှိဘဲ (သို့) ရည်ရွယ်ချက်ရှိခြင်း၊ ပျက်စီးယိုယွင်းခြင်းများကို မြင့်တက်စေနိုင်သကဲ့သို့ ဟန့်တားစေနိုင်သည်လည်း ဖြစ်နိုင်ပါသည်။ ဤသို့ဖြစ်ပေါ်နိုင်မှုစွမ်းအားသည် ပစ္စည်းအမျိုးအစား၊ ဇီဝကမ္မဆိုင်ရာသက်တမ်း၊ အောက်စီဂျင်နှင့် ကာဗွန်ဒိုက်အောက်ဆိုဒ်ပမာဏနှင့် သိုလှောင်ချိန်တို့အပေါ် မူတည်ပါသည်။
![]() |
ဓာတ်ပုံ - ရဲသူရအောင် |
ဒဏ်ရာရထားသော၊ ရောဂါရထားသော သစ်သီးများသည် အီသလင်းထုတ်လွှတ်မှု မြင့်မားပြီး အခြားသီးနှံများကိုလည်း မြန်ဆန်စွာ မှည့်စေပါသည်။ အသီးရင့်မှည့်ပါက ရောဂါဒဏ်ခံနိုင်မှု ပိုနည်းလာစေပါသည်။ အီသလင်းထုတ်လွှတ်နိုင်သော သီးနှံများကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များနှင့် ရောနှောမသိုလှောင်သင့်ပါ။ သီးနှံများ သက်တမ်းတိုခြင်း၊ အရွက်ဝါလာခြင်း၊ အသီးများပျော့သွားခြင်း၊ အရောင်နှင့် အရသာ ပျက်စီးခြင်း၊ အညှောင့်ပေါက်ခြင်းများကြောင့် သီးနှံအရည်အသွေး ကျဆင်းခြင်းကို အီသလင်းဓာတ်အား သီးနှံများ၏ပတ်ဝန်းကျင်မှ နည်းလမ်းတစ်မျိုးမျိုးဖြင့် ဖယ်ရှား၍ ဟန့်တားနိုင်ပါသည်။
ရိက္ခာသီးနှံများ ရိတ်သိမ်းပြီးနောက် အရည်အသွေးကို တာရှည်ထိန်းထားနိုင်ခြင်းသည် အလွန်အရေးပါသော လုပ်ငန်းဖြစ်သည်။ အနည်းငယ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ စီမံဆောင်ရွက်နိုင်သည်ဆိုလျှင်ပင် သီးနှံများ၏အရည်အသွေးကို ထိန်းသိမ်းထားနိုင်ပါသည်။ ရိတ်သိမ်းပြီးသီးနှံများကို ပွန်းပဲ့ဒဏ်ရာများမရရှိအောင် ထိခိုက်မှုမရှိအောင်၊ ပုပ်ရိမှုမရှိအောင်၊ အောက်သို့လွတ်ကျခြင်းမရှိအောင် စနစ်တကျ ဂရုတစိုက် ကိုင်တွယ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျှင်ပင် သီးနှံများ၏ အရည်အသွေးမကျဆင်းအောင် ထိန်းသိမ်းမှုကို များစွာအထောက်အကူဖြစ်စေပါသည်။
သီးနှံများ ရိတ်သိမ်းပြီးနောက် ကွင်းထဲမှ အပူချိန်ပါလာခြင်း၊ အသက်ရှူနှုန်းကို နွေးစေခြင်း၊ ရေငွေ့ပျံနှုန်းကို လျော့ကျစေခြင်း၊ အဏုဇီဝပိုးများ ပေါက်ပွားမှုကို လျော့ကျစေခြင်းများအတွက် အအေးပေးခြင်းစနစ်ဖြင့် ဆောင်ရွက်ကုစားနိုင်ပါသည်။ သီးနှံများကို ရိတ်သိမ်းပြီး ခြောက်နာရီအတွင်း အပူချိန် သုညဒီဂရီစင်တီဂရိတ်တွင် အအေးပေးရမည်ဖြစ်သည်။
သီးနှံများ ရိတ်သိမ်းပြီးနောက်ပါလာသော အညစ်အကြေးများ၊ မြေကြီးရွှံ့များ၊ ပိုးမွှား၊ ဘက်တီးရီးယားများ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ ဓာတ်ကြွင်းများကြောင့် အရည်အသွေးကျဆင်းမှုကို ရေသန့်သန့်ဖြင့် ငါးကြိမ်မှ ခြောက်ကြိမ်ထိ ဆေးကြောသန့်စင်ပေး၍ ဆေးဖျော်ရည်နှင့်လည်း ဆေးကြော၍ ဖယ်ရှားပစ်နိုင်ပါသည်။ ဆေးကြောသန့်စင်ခြင်းကို ရိတ်သိမ်းဆွတ်ခူးပြီး ရှစ်နာရီအတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ သရက်သီးကို ရိတ်သိမ်းဆွတ်ခူးပြီး အစေးစစ်ပြီးသောအခါ ရေအေးအေးဖြင့် လျင်မြန်စွာဆေးကြောသန့်စင်ပြီး လေသလပ်ခံအခြောက်ခံထားရန် လိုပါသည်။ အကယ်၍ အသီးတွင် အစေးစွန်းထင်းနေပါက စွန်းထင်းနေသော အသီးများကို တစ်ရာခိုင်နှုန်း အက်စစ်တစ်အက်ဆစ်ဖျော်ရည်နှင့် ဆေးကြောရမည်ဖြစ်သည်။ အသီးတွင် မှည့်ပျောက်စွန်းရောဂါရရှိပါက ၃၅ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိ ရေနွေးဖြင့်လည်းကောင်း၊ ငါးဒီဂရီစင်တီဂရိတ်အပူချိန်ရှိ သိုင်အိုဗင်နာဇောလ် (သို့) ဘီနိုမိုင်းဖျော်ရည်တွင် ၁ဝ မိနစ်ခန့်စိမ်၍ ဆေးကြောသန့်စင်ပြီး ဖယ်ရှားနိုင်ပါသည်။ ဖျော်ရည်များ၏ အပူချိန်ကြောင့် သရက်သီးအတွင်းသားများအပူချိန်မြင့်တက်လာပြီး အီသလင်းဓာတ်ပေါင်းထွက်လာခြင်းကြောင့် မြန်မြန်မှည့်သွားစေနိုင်သဖြင့် ၂၃ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိရေတွင် လေးငါးမိနစ်ခန့် ပြန်လည်စိမ်ပေးရန် လိုပါသည်။ ပြီးလျှင် ချက်ချင်း လေသလပ်ခံရန် လိုပါသည်။
ရိက္ခာသီးနှံများ ရိတ်သိမ်းပြီးနောက် အသက်ရှူနှုန်းနှေးစေရန်၊ ရေငွေ့ပျံနှုန်း လျှော့ချစေရန်၊ ပိုးမွားရောဂါနှင့် ထိခိုက်ပွန်းပဲ့ခြင်းအား ကာကွယ်ရန်၊ သေးငယ်သောဒဏ်ရာ၊ အပွန်းအပဲ့များ ဖုံးကွယ်စေရန်နှင့် ၄င်းတို့ အကျိုးဆက်ကြောင့် အရည်အသွေးကျဆင်းခြင်းမှ ဟန့်တားရန်အတွက် ဖယောင်းလွှာတင်ပေးခြင်းဖြင့် ဖန်တီးနိုင်ပါသည်။ ဖယောင်းလွှာတင်ခြင်းသည် သီးနှံအများစုအတွက် ကောင်းကျိုးတရားများ ပေးစွမ်းနိုင်သော်လည်း အချို့သီးနှံများ၌ အတွင်းတွင်အောက်စီဂျင်လျော့နည်းသွားစေပြီး အချဉ်ပေါက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ သေချာစွာ လေ့လာပြီးမှသာ ဆောင်ရွက်သင့်ပါသည်။
သို့ပါ၍ ရိက္ခာသီးနှံများ၏ အရည်အသွေးကျဆင်းခြင်း ဖြစ်ပေါ်စေရန် လွှမ်းမိုးနေသောအချက်များကို လူတို့၏ အစီအမံစွမ်းပကားဖြင့် ဖယ်ရှားရန်စီမံပြီး အရည်အသွေးကောင်းသီးနှံများကို ထုတ်လုပ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)
No comments:
Post a Comment