လယ်တွင်းသားစောချစ်
‘‘ရပါတယ်။ ဖျာလေးက စုတ်ပေမယ့် ချောပါတယ်’’
ကျွန်တော်မြန်မြန် ထိုင်လိုက်ရသည်။
‘‘ဆရာကြီးဖို့ ရေနွေးဘန်းယူခဲ့ပါ’’
ယောကျ်ားက ဧည့်ခံကောင်းပါသည်။ အမျိုးသမီးက မြေကရားအိုးအမည်းကြီး ယူလာသည်။ လက်ဖက်ရည်ပန်းကန်က နှုတ်ခမ်းပဲ့နေသည်။
‘‘နင့်ပန်းကန်ကလည်း နှုတ်ခမ်းကပဲ့လို့ဟာ။ သွား စျေးသည်ဒေါ်ဘုတို့အိမ်က ပန်းကန်တစ်ချပ် သွားငှားချည်ပေါ့’’
‘‘ဒါ..ဒေါ်ဘုမအိမ်က ငှားလာတာပဲ’’
ကျွန်တော်မပြုံးမိအောင် သတိထားလိုက်ရသည်။
‘‘ရပါတယ်..ဒီပန်းကန်နဲ့ပဲ သောက်ပါ့မယ်’’
‘‘ဆရာကြီးဖို့ ပဲလှော်ဆီရွှဲရွှဲဆမ်းယူခဲ့ပါဟာ’’
ယောက်ျားက စေတနာကောင်းနေပါသည်။ ပဲလှော်က ဆယ်စေ့မှာ တစ်စေ့လောက်သာ ဆီထိသည်။
‘‘နင်ကလည်းဟာ ဆီရွှဲရွှဲဆမ်းပါဆိုမှ၊ သွားထပ်ဆမ်းချေဦး’’
‘‘အဲဒါပုလင်းထဲရှိတာ အကုန်လောင်းလာတာပဲ’’
ကံအောင်အမေ တောသူမကြီးက ရိုးသည်။ စေတနာကောင်းကြသော ကံအောင်တို့ မိသားစုကို ကျွန်တော် ချစ်ခင်ရင်းနှီးမိသည်။ တပည့်ငယ်ကံအောင်ကိုလည်း စေတနာမေတ္တာပို့ရသည်။ ကံအောင်က ကျွန်တော့်ဘေးနားမှာ ထိုင်နေသည်။
ကလေးများမိဘများနှင့်စကားပြောရင်း ကျွန်တော် တစ်ခုသိလာရသည်။ တမင်ပြောကြခြင်း မဟုတ်ပါ။ မတော်တဆသိရခြင်း ဖြစ်သည်။
ကျောက်ချောရွာမှ ကျောက်မီးကျောင်း လာတက်ကြသော တပည့်များကို ဘတ်စ်ကားတချို့က မတင်ချင်ကြပါ။ တင်ရလျှင် ညည်းညူအပြောခံရသည်။ ကလေးများ ဘတ်စ်ကားမစီးတော့ဘဲ မနက်(၄) နာရီထွက်သော ထင်းကားနှင့် လိုက်ရသည်။ မနက် (၃) နာရီစောင့်ရသည်။ ကျောင်းရောက်တော့ မလင်းသေး။ မုန့်ဆိုင်တန်းမှာ တစ်ရေးအိပ်ကြရသည်။ ကလေးများအတွက် စိတ်မကောင်းဖြစ်ရသည်။
ကျွန်တော်မသိပါ။ ဘယ်သူမှလည်း သိပုံမရပါ။ သိလျှင် ကျွန်တော့်ကို ပြောပြကြလိမ့်မည်။ ကျွန်တော် ကျောက်မီးပြန်ရောက်ပြီး အမှတ် (၁၁) ဘတ်စ်ကားလိုင်းဥက္ကဌနှင့် တွေ့ဆုံပြောပြသည်။
ဥက္ကဌပါ စိတ်မကောင်းဖြစ်သည်။ ကားအသင်းမှ ကားပိုင်ရှင်များကို အစည်းအဝေးခေါ်ပြီး ပြောပြသည်။ စိတ်ရင်းကောင်းသော ကားပိုင်ရှင်တစ်ဦးက သူ့ကားက နေ့စဉ် ၈ နာရီ ထွက်ပါမည်။ ကလေးများအားလုံးကိုတင်ပါမည်။ သူ၏ ဒရိုင်ဘာ၊ စပါယ်ယာလုံးဝ မငြူစူစေရပါဟု ကတိပြုပါသည်။
နောက်တစ်နေ့ကစပြီး တပည့်လေးများ အဆင်ပြေသွားကြသည်။ စျေးဆိုင်တန်းမှာ တစ်ရေးမအိပ်ရတော့ပါ။ မိဘများ စိတ်ချမ်းသာသွားကြသည်။
ခွင့်တိုင်စာနှင့် ဧည့်သည်
ကျွန်တော် ကျောက်မီးရွာ၊ ကျောက်မီးကျောင်းမှာ နေသားကျနေပြီ။ မိဘများနှင့်ရော ကလေးများနှင့်ပါ ချစ်ခင်ရင်းနှီးနေပြီ။ အတူတကွ လုပ်ဖော်ကိုင်ဘက် ဆရာ၊ ဆရာမများနှင့်လည်း မောင်နှမကဲ့သို့ ရင်းနှီးနေပြီ။ ချစ်သူကို မကြာ မကြာ သတိရသော်လည်း လွမ်းလွမ်းဆွေးဆွေး ငေးငေးငိုင်ငိုင်တော့ ဖြစ်မနေပါ။
ကျောင်းမှာ စာသင်သံ၊ စာကျက်သံ၊ ကဗျာရွတ်သံများနှင့် စည်စည်ညံညံရှိနေသည်။ ကလေးတစ်ယောက်သည် အိမ်တစ်အိမ်အတွက် ဆည်းလည်း ဖြစ်သည်။ စာသင်ကျောင်းသည် ရွာတစ်ရွာအတွက် ခေါင်းလောင်းသံချိုချိုဖြစ်သည်။
‘‘ဆရာ မနက်ဖြန်ခါ ကျွန်မတို့နှစ်ယောက် ကျောင်းမလာဘူး’’
‘‘ဟောဗျာ ဘာဖြစ်လို့တုန်း’’
ဘေးနားမှာ ရပ်နေသော ဒေါ်ခင်စန်းကလည်း ခေါင်းငြိမ့်ပြီး
‘‘ဟုတ်ပါတယ်’’ဟု ထောက်ခံနေသည်။
‘‘ကျွန်မတို့ သူငယ်ချင်း ဆရာမလေးတစ်ယောက် မင်္ဂလာဆောင်မှာမို့ သွားကူလုပ်ပေးရမှာ ဆရာ’’
‘‘မသွားလို့မရဘူးလား ဆရာမတို့ရယ်’’
ကျွန်တော့်လေသံက တောင်းတောင်းပန်ပန်နှင့်။
‘‘မသွားလို့ဘယ်ကောင်းမလဲ ဆရာ၊ ဒီလောက်ရင်းနှီးတဲ့သူငယ်ချင်းတွေ’’
ဒေါ်ခင်ဌေးက ဆုံးဖြတ်ထားပြီ။ ကျွန်တော်ဒေါ်ခင်စန်းကို လှမ်းကြည့်လိုက်သည်။ သူက ပြုံးပြသည်။
‘‘သွားမှဖြစ်မှာမို့ဆရာ’’
ပြော၍ ရမည်မဟုတ်သည်ကို ကျွန်တော်သိပါပြီ။
‘‘ဒါဆိုလည်း ခွင့်စာလေးတော့ တင်သွားကြပေ့ါဗျာ’’
ဒေါ်ခင်ဌေးက ပြုံးသည်။
‘‘ဆရာကလည်း အချင်းချင်းတွေ ခွင့်တွေတင်နေရဦးမှာလား နားလည်မှုပေါ့’’
ဒေါ်ခင်ထွေးက ခပ်ပေါ့ပေါ့ပြောလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့်ကို သူခင်မင်လေးစားပါသည်။ မရိုမသေမဟုတ်သည်ကို ကျွန်တော်သိပါသည်။
‘‘တစ်ယောက်ယောက်များ ကျောင်းလာစစ်ရင် ပြစရာရှိအောင်လို့ပါ’’
‘’လုပ်မနေပါနဲ့ ဆရာကလည်း ဒီကျောင်းမျိုး ဘယ်သူမှ လာမစစ်ပါဘူး’’
‘‘မစစ်ရင် ကျွန်တော်ဆုတ်ပစ်လိုက်ပါ့မယ်။ ခွင့်စာကို ရေးပြီး စားပွဲပေါ်ထားခဲ့ပါ’’
ဆရာမနှစ်ယောက် မရေးခဲ့ မတင်ခဲ့ဘဲနဲ့ ပြန်သွားကြပါသည်။
နောက်တစ်နေ့ စာသင်ချိန်ရောက်သောအခါ ဆရာမရှိသော အတန်းနှစ်တန်းမှာ ဆူညံနေပါသည်။ အတန်းထဲမှာ ပြေးကြလွှားကြဆော့ကစားကြသည်။ ကျွန်တော်တို့ အလယ်တန်းများကိုလည်း စာကောင်းကောင်းသင်၍ မရပါ။
ဆရာဦးလှမင်းကို လေးတန်းအဝင်ခိုင်းပြီး ကျွန်တော်က အငယ်လေးများကို ဝင်ထိန်းရသည်။ အလယ်တန်းများကို လေ့ကျင့်ခန်းများပေး၍ အလုပ်ခိုင်းထားရသည်။
ကလေးတစ်ယောက်က လက်တစ်ချောင်းလာထောင်သည်။ နောက်တစ်ယောက်က နှစ်ချောင်းလာထောင်သည်။ သူ့အဓိပ္ပာယ်နှင့်သူ။ တစ်ယောက်လွှတ်လျှင် နှစ်ယောက်လာသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၀)
No comments:
Post a Comment