လယ်တွင်းသားစောချစ်
နှစ်ယောက်လွှတ်လျှင် လေးယောက်လာသည်။ မျက်လုံးမထိုးမိအောင်လည်း ရှောင်ရသေးသည်။ ထိုအချိန်တွင် တပည့်မလေး တစ်ယောက်က -
‘‘ဆရာကြီး ဧည့်သည်လာတယ်၊ ဧည့်သည်’’ ဟုသတင်းပေးသည်။
ကျောင်းရှေ့မှာ အသက် (၅ဝ) ခန့် လူတစ်ယောက် လွယ်အိတ်တစ်လုံးနှင့် လာနေသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ကျောင်းအပ်မည့် မိဘထင်၍ ဖြစ်ပါသည်။
ကျွန်တော် ရုံးခန်းသို့သွား၍ ကျောင်းအုပ်နေရာမှာ ထိုင်လိုက်သည်။ ဧည့်သည် ရုံးခန်းထဲသို့ ဝင်လာသည်။
‘‘ထိုင်ပါခင်ဗျ’’
ဧည့်သည်ကို ခရီးဦးကြိုပြုပါသည်။
‘‘ဆရာက ဒီကျောင်းက ကျောင်းအုပ်လား’’
‘‘ဟုတ်ပါတယ်’’
ကျွန်တော် ခပ်လွယ်လွယ် ပြောလိုက်သည်။
‘‘တစ်ကျောင်းလုံး ဆူညံနေတာပဲနော်’’
ဧည့်သည်က မကျေမနပ်အသံနှင့် ပြောသည်။ ကျွန်တော်ကြားချင်သည်က ကျောင်းအပ်မည့်စကား။ သူပြောနေသည်က မကျေနပ်စကား။
‘‘ဒီနေ့ ဆရာမနှစ်ယောက် မလာလို့ပါဗျာ’’
ကျွန်တော်က အမှန်အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ငါးတန်းခန်းဘက်မှ ခုံလဲကျသံကြားရသည်။ အသံက အတော်ကျယ်သည်။
‘‘ဟေ့ကောင်တွေ ငါးတန်းက ဓားပြတွေ ငါလာရိုက်ရမလား’’
ဆရာဦးလှမင်းက လေးတန်းခန်းမှ လှမ်းအော်နေသည်။
‘‘ဆရာမနှစ်ယောက်က ဘာလို့မလာတာလဲ’’
ဧည့်သည်၏ မေးခွန်းကို မကျေမနပ် ဖြစ်မိသည်။
‘‘ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ’’ဟု မေးလိုက်ချင်သည်။ သို့သော် မမေးလိုက်ပါ။
‘‘သူတို့သူငယ်ချင်း ဆရာမလေးတစ်ယောက် မင်္ဂလာဆောင်လို့ပါ’’
‘‘ခွင့်တိုင်သွားကြလား’’
ဧည့်သည်က အတော်လွန်လာပြီ။ ကျောင်းအပ်မည့် မိဘထင်၍သာ သည်းခံနေရခြင်း ဖြစ်သည်။
‘‘မတိုင်ပါဘူးဗျာ။ နားလည်မှုပေ့ါ’’
ကျွန်တော်ခပ်ပေါ့ပေ့ါ ပြောလိုက်သည်။
‘‘ဗျာ နားလည်မှုပေ့ါဆိုရင်တော့ ခွင့်မတိုင်ဘဲ ပျက်တဲ့ဆရာမနှစ်ယောက်ရော ကျောင်းအုပ်ရော သုံးယောက်လုံး အရေးယူမယ်။ ကျွန်တော်က ခုမှပြောင်းလာတဲ့ ခရိုင်ဝန်အသစ်ဗျ’’
‘‘ဗျာ...’’
ကျွန်တော်ထိုင်ရာမှ ထရပ်လိုက်သည်။
‘‘ကျောင်းတွေ စည်းကမ်းမဲ့ဖြစ်ကြလို့ ကျွန်တော်ဘယ်သူ့မှ မပြောဘဲ ရုတ်တရက် ထွက်လာတာ။ ခင်ဗျားကျောင်းကို အရင်ဝင်စစ်တာ။ ခင်ဗျားကျောင်းက တော်တော်ဆိုးတာပဲ။ ဘာမှစည်းကမ်းမှ မရှိဘူး’’
ခရိုင်ပညာဝန်အတော် စိတ်ဆိုးနေပါသည်။
‘‘တကယ်တော့ ကျွန်တော်က ဒီကျောင်းရဲ့ကျောင်းအုပ် မဟုတ်ပါဘူး’’
အမှန်အတိုင်းပြောမှ ကောင်းမည်မို့ ကျွန်တော်အမှန်ကို ပြောခြင်းဖြစ်ပါသည်။
‘‘မရဘူး ခင်ဗျားအခု ကျောင်းအုပ်လို့ ပြောပြီးပြီ မဟုတ်ရင် ဘာဖြစ်လို့ပြောရတာလဲ’’
ခရိုင်ပညာဝန်က ပိုပြီးမကျေမနပ် ဖြစ်နေသည်။
‘‘အဲဒီလိုပြောရတာ ခရိုင်ပညာဝန်မင်းကို ကျောင်းအပ်မယ့်မိဘထင်လို့ပါ။ အလယ်တန်းကျောင်းသားက နည်းနေလို့ ကျွန်တော် အလယ်တန်းကျောင်းသား ရချင်ပါတယ်။ လူကြီးမင်းကို ကျွန်တော် ကျောင်းအပ်မယ့်မိဘ ထင်လို့ပါ။ ဟိုတစ်ခါ မိဘတစ်ယောက် ကလေးနှစ်ယောက်လက်ဆွဲလာတယ်။ ကျောင်းအပ်မလို့ပါ။ ကျွန်တော့်ကို ကျောင်းအုပ်လားလို့ မေးတယ်။ ကျွန်တော်က ကျောင်းအုပ်မဟုတ်ပါဘူး။ အလယ်တန်းပြဆရာပါ။ ဒီကျောင်းမှာ ကျောင်းအုပ်မရှိသေးပါဘူး။ မကြာမီရောက်မှာပါလို့ အမှန်အတိုင်းပြောလိုက်ပါတယ်။ ကျောင်းအုပ်တောင်မရှိတဲ့ကျောင်း မထားဘူးကွာဆိုပြီး ကလေးနှစ်ယောက် ပြန်ခေါ်သွားတာ နှမြေလို့ပါ။ အခုလည်း လူကြီးမင်းက ကျောင်းအပ်မယ့်မိဘဆိုရင် ကျောင်းမအပ်မှာစိုးလို့ ကျောင်းအုပ်လို့ ညာပြောရတာပါ’’
ခရိုင်ပညာရေးမှူးက ကျွန်တော့်ကို ကြည့်ပြီးနားလည်သွားပုံရသည်။
‘‘ဒီကျောင်းမှာ ငါး၊ ခြောက်၊ ခုနစ် အလယ်တန်းသုံးတန်းရှိပေမယ့် အလယ်တန်းပြဆရာက တစ်ယောက်တည်းပါ။ မူလတန်းကလည်း သူငယ်တန်းလေးကနေ လေးတန်းအထိ အတန်းခြောက်တန်းရှိပေမယ့် မူလတန်းပြက သုံးယောက်ပဲ ရှိပါတယ်။ ပုံမှန်အတိုင်းတောင် မနိုင်မနင်းပါ။ အခုလို နှစ်ယောက်မလာတော့ပိုဆိုးသွားတာပါ’’
ခရိုင်ပညာဝန်ကို ကျွန်တော် အေးအေးဆေးဆေး ရှင်းပြပါသည်။
‘‘ကဲဗျာ..ဒါဆိုလည်း ကျွန်တော် ခင်ဗျားကို အကူအညီပေးခဲ့မယ်။ ခွင့်တိုင်စာမတင်ဘဲ ပျက်ကွက်တဲ့ ဆရာမနှစ်ယောက်ကို ထုချေလွှာ တောင်းခဲ့မယ်’’
ခရိုင်ပညာဝန်က ထုချေလွှာတောင်းစာရေးနေပါပြီ။
‘‘ခရိုင်ပညာဝန်မင်းကို ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်ရောက်ကတည်းက သူတို့တစ်ခါမှ မပျက်ဖူးပါဘူး။ ဒီနေ့မှ တစ်ခါပျက် တစ်ခါမိသွားတာပါ’’
‘‘နောင်စည်းကမ်းရှိအောင်လို့ ခင်ဗျားကို ကူညီတာပါဗျာ’’
‘‘ဒါဆိုရင်လည်း သူတို့ထုချေလွှာတင်တဲ့အခါ ခွင့်လွှတ်ပေးပါ ဆရာ’’
ကျွန်တော်ကြားကနေ တောင်းပန်နေမိသည်။
‘‘ဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျွန်တော့်ကိစ္စပါ’’
ခရိုင်ပညာဝန်က ခပ်တင်းတင်းမို့ ကျွန်တော် ဆက်မပြောရဲတော့ပါ။
နောင်တွင်မှ ကျွန်တော်သိရသည်မှာ အလွန်စည်းကမ်းကြီးသော ခရိုင်ပညာဝန်ဦးညွန့် ဖြစ်ပါသည်။
ဆရာမလေးနှစ်ယောက် နောက်နေ့ ကျောင်းလာသောအခါ ခရိုင်ပညာဝန်၏ ထုချေလွှာတောင်းစာကို ဖတ်ပြီး ငိုကြပါသည်။
တစ်ခါခိုး တစ်ခါမိ ကံဆိုးသည်ဟု ဝမ်းနည်းကြသည်။
ခရိုင်ပညာဝန် ကူညီသွားသည်မှာမှန်ပါသည်။ ကျွန်တော့်ကျောင်းလေး စည်းကမ်းကောင်းသွားသည်။ နောင်တွင် ဘယ်သူမျှ ခွင့်မဲ့ပျက်ကွက်ခြင်း မရှိတော့ပါ။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၁)
No comments:
Post a Comment