August 10, 2020

အချိန်ကို သုံးတတ်လျှင် တော်လည်းတော်နိုင်ပါတယ် ပျော်လည်းပျော်နိုင်ပါတယ်

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

        လူတိုင်းဟာ တော်ချင်ကြပါတယ်။ တတ်ချင်ကြပါတယ်။ အောင်မြင်တိုးတက်ချင်ကြပါတယ်။ ပြီးတော့လည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ပျော်မွေ့စွာ နေချင်ကြပါတယ်။ အဲဒီလိုအကျိုးကျေးဇူးများကို ရနိုင်ဖို့အတွက် အချိန်ကို အသုံးချတတ်ဖို့ လိုပါတယ်။ ကျွန်မဟာ ဒီဆောင်းပါးမှာ လူတတ်ကြီး၊ ဆရာကြီးတစ်ယောက်အနေနဲ့ ဘာမှမပြောနိုင်ပါဘူး။ ကျမ်းများကိုလည်း ကိုးကားပြီး မပြောလိုပါဘူး။ ကိုယ်ကိုယ်တိုင် စာသင်သားတစ်ယောက်အနေနဲ့ အခုထက်တိုင် ပြုမူကျင့်ကြံနေဆဲဖြစ်တဲ့ အချိန်နဲ့ပတ်သက်တဲ့ အလေ့အကျင့်များကို တင်ပြလိုပါတယ်။

၁။ အချိန်ကို သတိဖြင့် စိစစ်အသုံးပြုပါ

        လူတိုင်းလူတိုင်းမှာ အများလက်ခံကြတဲ့ အသိဉာဏ်ပညာ(Concept)အရ တစ်နေ့မှာ ၂၄ နာရီစီ အညီအမျှရကြပါတယ်။ တချို့ကလည်း အဲဒီ ၂၄ နာရီအတွင်း အလုပ်အများကြီးပြီးအောင် လုပ်နိုင်ကြပြီး တချို့ကတော့ မပြီးပါဘူး။ မလုပ်နိုင်ကြပါဘူး။ တချို့က အလုပ်မပြီးဘဲ ပျာယာခတ်ပြီး အချိန်မလောက်ပါဘူး။ အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေများ ပေးတတ်ကြပါတယ်။

        အလုပ်အမျိုးအစားနဲ့ ပမာဏမကွာသလို လူများရဲ့ ဉာဏ်ရည်နဲ့ ကျွမ်းကျင်မှုကလည်း ပြောပလောက်အောင် မကွာဘဲနဲ့ အချိန်လောက်တဲ့သူနဲ့ မလောက်တဲ့သူဆိုပြီး ကွဲပြားသွားရတာကတော့ အချိန်ကို အသုံးချတဲ့စနစ်မတူလို့ပဲ ဖြစ်ပါတယ်။ အလုပ်များများကို အချိန်တိုတိုအတွင်းမှာ ပြီးစီးအောင်၊ အောင်မြင်အောင် ဆောင်ရွက်လိုတဲ့သူဟာ ပထမဦးစွာ အချိန်ကို သတိနဲ့စိစစ်ပြီး အသုံးပြုသင့်ပါတယ်။

        ပထမဦးစွာ မနက်အိပ်ရာက နိုးလျှင်နိုးချင်း အိပ်ရာကမထဘဲ လှိမ့်နေတတ်သည့်အကျင့်(ရှိနေပါက) ဖျောက်ပစ်ပါ။ ကျန်းမာရွှင်လန်းနေတဲ့သူဟာ အိပ်ရာထဲမှာ ကြာရှည်မနေတတ်ပါ။ တကယ်လို့ မအီမသာဖြစ်နေတယ်ဆိုရင်လည်း ရောဂါကို မွေးမထားဘဲ ချက်ချင်းဆေးကုပါ။

        ကျွန်မရဲ့ အတွေ့အကြုံအရ ပြောရရင် နေမကောင်းသလို မအီမသာဖြစ်နေရင် အိပ်ရာကထပြီး မျက်နှာသစ် ရေမိုးချိုးပစ်လိုက်တာနဲ့ ရောဂါတစ်ဝက်သက်သာပါတယ်။ ကိုယ့်ဘာသာကိုယ် ဝမ်းချုပ်သလား၊ ခေါင်းထဲသွေးရောက်နေသလားဆိုတာ ဆန်းစစ်လို့ရပါတယ်။

        အိပ်ရာက နိုးလျှင်နိုးချင်း လှိမ့်နေတတ်တဲ့ အကျင့်က စိတ်ကိုလေစေနိုင်ပါတယ်။ မကောင်းတဲ့အတွေးများ ဝင်လာစေနိုင်ပါတယ်။ အဲဒါကြောင့် မနက်ပိုင်းမှာ အိပ်ရာက နိုးလျှင်နိုးချင်း အပျင်းထူမနေပါနဲ့၊ ချက်ချင်းအိပ်ရာမှ ထပါ။

        အိပ်ရာကထတာနဲ့ နာရီကိုကြည့်ထားလိုက်ပါ။ ကျောင်းရောက်တဲ့အချိန် ဒါမှမဟုတ် အလုပ်ခွင်ကိုရောက်တဲ့အချိန်မှာ အချိန်ဘယ်လောက်ကုန်သွားပြီလဲ၊ ဘာအလုပ်တွေပြီးပြီလဲဆိုတာ စိစစ်ကြည့်လိုက်ပါ။ ဥပမာဆိုပါတော့ အိပ်ရာက နိုးတာ ၅ နာရီခွဲ၊ ကျောင်းကိုရောက်တာ ၉ နာရီဆိုပါတော့၊ ခြားနားချက်၄ နာရီရှိပါတယ်။ အဲဒီ ၄ နာရီအတွင်းမှာ ဘာအလုပ်မှ မယ်မယ်ရရမပြီးခဲ့ဘူးဆိုရင် အချိန်တွေ ဖြုန်းတီးနေတာကို သိနိုင်ပါတယ်။

        အဲဒီ ၄ နာရီအတွင်းမှာ အိမ်အလုပ်၊ မိမိကိုယ်ကို သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်တဲ့အလုပ်၊ အပြင်မထွက်ခင် ဘုရားရှိခိုးတဲ့အလုပ်စတဲ့ အလုပ်တွေဟာ အချိန်မဖင့်ဘဲ လုပ်လို့ပြီးအောင် စီစဉ်လို့ရပါတယ်။ အရေးကြီးတာက အလုပ်ကို စီစဉ်တတ်ရပါမယ်။ ငေးမောတွေဝေမနေဖို့ သတိနဲ့ထိန်းတတ်ရမယ် ဖြစ်ပါတယ်။ ကျွန်မဟာ ကျောင်းသူဘဝကတည်းက အခုအထိ အဲဒီလိုအချိန်ကို စိစစ်ကြည့်တတ်တဲ့ အကျင့်ကိုထိန်းထားပါတယ်။ ညနေပိုင်းမှာလည်း အချိန်ကို စိစစ်ကြည့်တတ်ပါတယ်။ အလုပ်က ပြန်လာတဲ့အချိန်နဲ့ ကိုယ်ညနေစာ စားပြီးတဲ့ အချိန်ရဲ့ကြားမှာ ဘယ်လောက်အချိန်ကွာသွားပြီလဲ၊ ဘာ အလုပ်တွေများ ပြီးပြီလဲပေါ့။

        အဲဒီအကျင့်ဟာ စွဲစွဲမြဲမြဲ အသုံးပြုကြည့်မိရင် တကယ့်ကို အကျိုးဖြစ်ထွန်းစေတဲ့ အကျင့်ပါပဲ။ သတိတရားကို ပိုပြီး မြဲမြံစေပါတယ်။ အချိန်ကို ပေါ့ပေ့ါတန်တန် ဖြုန်းတီးဖို့ အတော်ခက်ခဲသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာပဲလုပ်လုပ် ထပ်ကြပ်မကွာလိုက်နေမှာဖြစ်လို့ပါပဲ။

        အချိန်ကို ပေါ့ပေါ့တန်တန်အသုံးပြုမိတယ်ဆိုရင် အဲဒီအချိန်တွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အချိန်များဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

        နုနယ်ပျိုမျစ်သော သူများရဲ့ အချိန်များဟာ အလွန်နှမြောဖွယ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထက်မြက်တက်ကြွစွာ အလုပ်လုပ်နိုင်တဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာနိုင်တဲ့ အချိန်များဖြစ်နေလို့ပါပဲ။

ဓာတ်ပုံ - အင်တာနက်


၂။ မိမိကိုယ်ကို အလုပ်တာဝန် သတ်မှတ်ပြဌာန်းပေးပါ

        ပေါ့ပေါ့နေလို့ရရင် အမှတ်မထင် ပေါ့ပေါ့နေတတ်တဲ့သူဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ များပါတယ်။ အဲဒီအထဲမှာ ကိုယ်လည်း ပါသွားနိုင်ပါတယ်။ မပါအောင် ထိန်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အလုပ်တာဝန် သတ်မှတ်ပြဌာန်းထားဖို့ လိုပါတယ်။

        ကျောင်းသားများအနေနဲ့ သင်ခန်းစာများကို နေ့မကူးအောင် ကျက်မှတ်နိုင်တာ၊ သင်ခန်းစာ လေ့ကျင့်ခန်းများကို ပြီးစီးအောင် လုပ်နိုင်တာလောက်နဲ့ ပြဌာန်းချက်များကို ရပ်မထားသင့်ပါဘူး။ လေ့လာစရာ သိစရာများပြားလှတဲ့လောကမှာ မိမိရဲ့ဝါသနာကို ဖွံ့ဖြိုးအောင်၊ အသိပညာကို တိုးတက်အောင်၊ စိတ်ဓာတ်ကို ရင့်ကျက်ခိုင်မာအောင်၊ မိမိရဲ့ခန္ဓာကိုယ်ကျန်းမာအောင် လုပ်ဆောင်စရာကိစ္စများလှပါတယ်။ အဲဒီတစ်ကိုယ်ရေကိစ္စများအပြင် လုပ်သင့်လုပ်ထိုက်တဲ့ ဘာသာရေး၊ လူမှုရေးကိစ္စများလည်း များပြားလှပါတယ်။ အဲဒီတော့ မိမိကိုယ်ကို အလုပ်တာဝန်ပြဌာန်းတဲ့အခါမှာ မနည်းလွန်းစေသင့်ပါဘူး။ အလုပ်တွေက ပြီးနေပြီဆိုပြီး ပေါ့ပေါ့နေမိမှာ စိုးရပါတယ်။ အဲဒါကြောင့် အလုပ်တာဝန်ကို တစ်ဆင့်ထက်တစ်ဆင့်မြှင့်ပြီး ပြဌာန်းပေးဖို့ လိုပါတယ်။ စစချင်း အချိန်နဲ့မမျှအောင် များပြားတဲ့တာဝန်များ ပြဌာန်းလိုက်ရင်တော့ ဘယ်လိုမှ ပြည့်မီအောင် မလုပ်နိုင်တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်။ အချိန်မီတာဝန်ကို ကျေပွန်အောင် မလုပ်နိုင်တဲ့အကြိမ်များလာတာနဲ့ မထူးတော့ပါဘူးဆိုတဲ့စိတ်နဲ့ ပေါ့သွားတတ်ပါတယ်။ အဲဒီတော့ အချိန်နဲ့ အလုပ် ကာမိစေအောင် အရင် ပြဌာန်းသင့်ပါတယ်။ နောက်မှ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီး ပြဌာန်းသင့်ပါတယ်။ ပြီးအောင်လည်း လုပ်သင့်ပါတယ်။

        အလုပ်တာဝန်ကို သတ်မှတ်ပြဌာန်းပြီး လုပ်တာဟာ အမှတ်မထင်အချိန် မဖြုန်းမိအောင် ကာကွယ်တဲ့နေရာမှာ အလွန်ထိရောက်ပါတယ်။ အလုပ်မပြီးတာနဲ့ မတွင်တာနဲ့ အချိန်ကို ဘယ်လိုသုံးမိသလဲဆိုတာ ချက်ချင်းသတိထားမိစေနိုင်ပါတယ်။ ပြန်လည်စစ်ဆေးနိုင်ပါတယ်။

        အဲဒီလိုနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်နေတဲ့ အခြေအနေက လွတ်မြောက်သွားနိုင်ပါတယ်။ အလုပ်တာဝန်ကို သတ်မှတ်ပြဌာန်းထားတာကြောင့် အချိန်နဲ့အမျှ မိမိရဲ့တန်ဖိုးမြင့်မားလာတာကို မိမိဘာသာ ခံစားသိရှိနိုင်ပါတယ်။ မိမိကိုယ်ကို ပိုပြီး ယုံကြည်မှုရှိလာနိုင်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းပြီး သောကလျော့ပါးလာပါလိမ့်မယ်။ အလုပ်လည်း ပိုပြီး လုပ်နိုင်ပါလိမ့်မယ်။ အားကစားသမားများလိုပါပဲ။ စစချင်းမှာတော့ ပင်ပန်းမှာပါပဲ။ နောက်တော့ သက်လုံကောင်းလာပြီး သတ်မှတ်စံချိန်ကိုတောင် ချိုးနိုင်လာပါလိမ့်မယ်။

၃။ အချိန်ကို ခွဲတမ်းချပြီး အသုံးပြုပါ

        ကျောင်းသားများဟာ စာတော်ချင်တာနဲ့ စာအုပ်နဲ့မျက်နှာမခွာဘဲ ကျက်နေတယ်ဆိုရင် အဲဒီနည်းက မမှန်ပါဘူး။ လူငယ်လူရွယ်များ အသိပညာတိုးချင်ဇောနဲ့ စာကိုချည်းဖိပြီး ဖတ်နေတယ်ဆိုလည်း အဲဒီအလုပ်က မဟုတ်သေးပါဘူး။

        ပညာ၊ ဥစ္စာ၊ ကုသိုလ်ဆိုသလို သူ့နေရာနဲ့သူ ယူသင့်တဲ့ ကောင်းသောမြတ်သော အရည်အချင်းတွေ များပြားပါတယ်။ လုပ်သင့်ကိုင်သင့်တဲ့ ကောင်းသော မြတ်သောအလုပ်တွေလည်း များပြားပါတယ်။ 

        လူမှုရေးပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင်မှာ သက်သောင့်သက်သာနေရင်း ပညာရနိုင်ကြပါတယ်။ လူမှုရေးတာဝန်များလည်း ကျေပွန်နိုင်ပါတယ်။ အချင်းချင်းစကားလက်ဆုံကျရင်း အသိပညာတိုးပွားနိုင်ပါတယ်။ အသိစိတ်ဓာတ်မြင့်မားလာနိုင်ပါတယ်။ စိတ်အနေရင့်ကျက်လာနိုင်ပါတယ်။ အဲဒါကြောင့် စကားပြောဆိုတာ တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတာစတဲ့ အလုပ်များကိုလည်း လုပ်သင့်ပါတယ်။ ဒါပေမဲ့ အရည်မရ၊ အဖတ်မရ အတင်းအဖျင်းများပြောပြီး အချိန်ဖြုန်းမမိရင်တော့ ဆိုးကျိုးများကိုသာ ရစေနိုင်ပါတယ်။

        မကောင်းတဲ့စကားတွေကို ပြောနေရတာ အချိန်လည်း ကုန်ပါတယ်။ စိတ်လည်း ညစ်နွမ်းတတ်ပါတယ်။ ကိုယ်တိုင်မပြောဘဲ ကြားနေရတာတောင်မှ စိတ်မကြည်မလင်ဖြစ်တတ်ပါတယ်။ အလုပ်ပြန်လုပ်ဖို့ တာစူတဲ့နေရာမှာတောင် အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် အပန်းဖြေတဲ့သဘောနဲ့ စိတ်အေးလက်အေးနေမယ်ဆိုရင် အတိုင်းအတာနဲ့ နေနိုင်ပါတယ်။ ဒါပေမဲ့ အပြစ်ကင်းတဲ့စကား၊ အပြစ်ကင်းတဲ့အပြုအမူတို့နဲ့သာ မိမိကိုယ်နဲ့ မိမိစိတ်ကို အပန်းဖြေစေသင့်ပါတယ်။

        လူငယ်လူရွယ်များအနေနဲ့ ဝတ်စားဆင်ယင်မှု၊ ရုပ်ရှင်၊ ဗီဒီယို၊ ဝတ္ဃုစတဲ့ အပန်းဖြေစရာတွေကို ဝါသနာပါတတ်ကြပါတယ်။ အပြစ်ဆိုစရာမရှိပါဘူး။ ဒါပေမဲ့ လိုအပ်တာထက် အချိန်ပေးပြီး အလှပြင်နေတာ၊ ရုပ်ရှင်၊ တေးဂီတ၊ ဗီဒီယိုအစရှိတဲ့ ဖျော်ဖြေမှုများမှာ နစ်မြောသွားပြီး အချိန်တွေ ပြုန်းတီးကုန်တာမျိုး မဖြစ်သင့်ပါဘူး။ အတိုင်းအတာတစ်ခုအထိသာ မိမိကိုယ်ကို မိမိအလျှော့ပေးသင့်ပါတယ်။ မပိုစေသင့်ပါဘူး။

        အလှအပဆိုတာကလည်း နှလုံးသားအလှကသာ တာရှည်ခံတတ်တယ်ဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။ ဖျော်ဖြေမှုနဲ့ဆိုင်တဲ့ကိစ္စများကိုလည်း မိမိရဲ့အကျိုးကျေးဇူးကို ထိခိုက်တဲ့အထိ မလိုက်စားသင့်ပါဘူး။ မိမိရဲ့အတွေးအခေါ်ကို မှားယွင်းစေမယ့်၊ ပေါ့တန်စေမယ့်၊ ယစ်မူးစေမယ့်အရာများကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်ကို ခွဲတမ်းချပြီး သုံးပါလို့ဆိုရတာက သုံးထိုက်တဲ့နေရာမှာ အချိန်ကို ပိုသုံးနိုင်အောင်၊ မသုံးထိုက်တဲ့နေရာမှာ အချိန်ကို ချွေတာပြီးသုံးနိုင်အောင် မိမိကိုယ်ကို သတိပေးဖို့အတွက် လိုက်နာရမယ့်စည်းကမ်းဖြစ်ပါတယ်။ လိုတိုးပိုလျှော့လုပ်နိုင်ပါတယ်။ အချိန်ကို အကျိုးရှိရှိအသုံးပြုသင့်တဲ့နေရာမှာသုံးပြီး အချိန်ကိုမဖြုန်းတဲ့သူများဟာ အစဉ်အသင့်ဖြစ်နေတတ်ကြပါတယ်။ ကျောင်းသားဆိုရင်လည်း အဲဒီလူမျိုးဟာ စာမေးပွဲနီးမှ ပျာယာခတ်ပြီး နေ့မအိပ်၊ ညမအိပ်နဲ့ ကျန်းမာရေးထိခိုက်တဲ့အထိ စာကျက်တဲ့ကျောင်းသားမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။

        အခုတင်ခဲ့တဲ့အကြောင်းအရာများကို ဖတ်ပြီး မလွယ်လိုက်တာလို့ ပြောကြမယ့်သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ‘စမ်းကြည့်စမ်းပါဦး’လို့ စေတနာနဲ့ တိုက်တွန်းပါရစေ။ စိတ်ကို ကြည်လင်စွာထားပြီး တစ်ချိန်မှာ တစ်ခုမှန်မှန်သာ လုပ်သွားရင် အလုပ်လုပ်ရတာ မပင်ပန်းပါဘူး။ စိတ်အေးချမ်းသာလည်းရှိပါတယ်။ အလုပ်တွေ အချိန်မီပြီးစီးတော့လည်း စိတ်ချမ်းသာရပါလိမ့်မယ်။

        အလုပ်ကို မှန်မှန်ကန်ကန်လုပ်တဲ့ သူဟာ အတိတ်ကို ပြန်လှန်ပြီး ဘာဖြင့် မလုပ်ခဲ့ရလေခြင်းလို့လည်း စိတ်ပင်ပန်းမှာမဟုတ်ပါဘူး။ အနာဂတ်ကို စိတ်နဲ့ ပြေးကြည့်ပြီး ဘာဖြင့် မလုပ်ရသေးဘူးလို့လည်း မလိုအပ်ဘဲ ပူနေမှာမဟုတ်ပါဘူး။ မိမိကိုယ်တိုင် စိတ်ချယုံကြည်စွာနဲ့ လုပ်သင့်ရာရာကို မှန်မှန်ကန်ကန် လုပ်နိုင်အောင် အချိန်နဲ့အမျှ ကြိုးစားရမှာပါပဲ။

        ကဲ-မပျင်းမရိ ကြိုးစားနိုင်ဖို့ ‘အခုချက်ချင်းပဲ စကြပါစို့’။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)

No comments:

Popular Posts