လယ်တွင်းသားစောချစ်
လုပ်အားဒါန စိတ်ထားလှ
‘‘တကယ်ပြောတာပေါ့ကွ၊ တကယ်ပေါ့’’ ကိုလူအေးက အခိုင်အမာ ပြန်ဖြေသည်။
‘‘ဟာ...ကိုလူအေးရာ..မင်း တကယ်လုပ်အားပေးမယ်ဆိုရင် ဝမ်းသာလိုက်တာကွာ...ငါတို့မှာ ဆရာက နည်းနေလို့ မနိုင်မနင်းဖြစ်နေတာကွ’’
‘‘ဟ...နေဦးကွ... ပိုဝမ်းသာရမှာက ငါကွ’’ ကိုလူအေးက အိမ်နားမှ ကလေးများကို အင်္ဂလိပ်စာ ခေါ်သင်ပေးသော်လည်း ဘယ်သူမှမတက်ချင်ကြောင်း၊ ခုလိုစာသင်ခန်းနှင့် စနစ်တကျ ပြန်သင်ရမည်ဆိုရင် အလွန်သင်ချင်ကြောင်း၊ နောက်နေ့က စပြီး လာမည်ဖြစ်ကြောင်း၊ ကိုလူအေးက ထုံးစံအတိုင်း သူကူညီရမည်ကို ပေါပေါလောလောဖြစ်အောင် ပြောနေသည်။
‘‘နေဦး သူငယ်ချင်း၊ လုပ်အားပေးဆိုပြီး လာချင်တဲ့ရက်လာ၊ မလာချင်တဲ့ရက်မလာ ဆိုပြီး ပေါ့တီးပေါ့ပျက်၊ အပျော်လုပ်လို့တော့ မရဘူးနော်။ ငါက မင်းလုပ်အားပေးမယ့်အကြောင်း တိုင်းပညာဝန်ဆီ လျှောက်လွှာတင်ရမှာ။ မင်းက ငါတို့ ဆရာ၊ ဆရာမတွေလိုပဲ နေ့စဉ် ကျောင်းတက်ကျောင်းဆင်းလက်မှတ်ထိုးရမှာ’’
‘‘ အမယ်လေး ငါသိပါတယ်ကွ... ငါတစ်ရက်ပျက်ရင်...မင်း ငါ့ကိုကျောင်းက ထုတ်ပစ်လိုက်ကွာ’’
‘‘ဟာ...ဟေ့ကောင်...ငါက ထုတ်ပစ်တော့ မင်းက လစာနဲ့ လုပ်တာမှ မဟုတ်ဘဲ..ဘာနစ်နာမှာလဲကွ’’
ကျွန်တော်ရယ်ရင်းပြောလိုက်သည်။
‘‘ဟာ...ဟေ့ကောင် မင်းကလည်း ငါ့အကြောင်းမသိတာကျလို့ကွာ။ မင်းကထုတ်ရင် ငါနစ်နာတာပေါ့ကွာ။ ငါက စာသိပ်သင်ချင်နေတာကွ။ ဒီကလေးတွေကို မင်းနဲ့အတူ သင်ပေးရရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲကွာ’’
သူငယ်ချင်းနှစ်ယောက် ရယ်မိနေရင်းမှ ကျောင်းဆင်းချိန်ရောက်ပြီမို့ ကျွန်တော်က စားပွဲပေါ်မှ ခေါင်းလောင်းကိုဆွဲယူပြီး ကျောင်းဆင်းခေါင်းလောင်းတီးလိုက်သည်။
ကိုလူအေးက ကျွန်တော့်ကို ကြည့်ပြီး တပြုံးပြုံးနှင့် သဘောကျနေသည်။
‘‘ဟေ့ကောင်ကြီး ဘာပြုံးနေတာလဲကွ’’
ကျွန်တော် မလုံမလဲမေးမိသည်။
‘‘မင်းခေါင်းလောင်းတီးတာ ကြည့်ရတာ ငါသိပ်သဘောကျတာပဲ။ မင်းက တကယ်အစစ်တီးနေတာကွ’’
‘‘ဟကောင်ရ၊ မင်းပြောလိုက်မှဖြင့် အဆန်းချည်းပဲ။ ဘယ်သူက အတုတီးလို့လဲ’’
‘‘ရုပ်ပုံထဲမှာ ကျောင်းဆရာခေါင်းလောင်းတီးကာ တကယ်အစစ်မဟုတ်ဘူးကွ။ မင်းခေါင်းလောင်းတီးတာက အစစ်တီးတာကို ပြနေရတာကွ’’
ကိုလူအေးနှင့်တွေ့ရင် ရယ်နေရသည်။ လုပ်အားပေးဆရာတစ်ယောက်ရ၍ စိတ်ထဲမှာလည်း ပေါ့ပါးပြီးပျော်နေသည်။
‘‘အဟုတ်ပါ သူငယ်ချင်းရာ။ ငါမင်းကို သိပ်သဘောကျတာပဲ။ မင်းက မင်းတတ်တဲ့ပညာနဲ့ တိုင်းပြည်တာဝန်ကို တကယ်ထမ်းနေရပြီ။ ထမ်းရတာလည်း ငါအားကျတဲ့ ကျောင်းဆရာအလုပ်ကွာ။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ။ တောင်ယာလုပ်ငန်း၊ ရုံးဝန်ထမ်းဆိုရင် ငါဒီလောက် အားမကျဘူးကွ။ ကျောင်းဆရာကတော့ တပည့်တွေနဲ့ နေရတာ၊ စာသင်ပေးရတာ ပျော်စရာကြီးကွ။ ငါကတော့ ငါသင်ထားတဲ့ ပညာနဲ့ ဘာမှ လုပ်ခွင့်မရသေးဘူး။ ငါ့မိဘတွေက ငါ့ကိုအဝေးခွဲသွားရမှာစိုးလို့တဲ့။ ဘာအလုပ်မှ လျှောက်ခွင့်မပေးဘူး’’
‘‘ဟကောင်ရဲ့၊ မင်းလည်း မင်းတတ်တဲ့ပညာနဲ့ အလုပ်လုပ်ရတော့မှာပါကွ။ လုပ်အားပေးစေတနာဆရာဆိုတော့ ပိုတောင်မွန်မြတ်သေး။ အဝေးလည်း မသွားရဘူးကွ။ မန္တလေးနဲ့ ကိုးမိုင်လောက်ပဲဝေးတာ။ ဆရာလေးတွေ၊ ဆရာမလေးတွေ နေ့တိုင်း မန္တလေးက လာနေကြတာပဲ။ ပြီးတော့ ငါနဲ့အတူ အလုပ်လုပ်မှာဆိုတော့ ဦးလေးနဲ့ အဒေါ်လည်း သဘောကျမှာပါကွ’’
ကိုလူအေး မိဘနှစ်ယောက်စလုံး ကျွန်တော်နှင့် ရင်းနှီးပါသည်။ တက္ကသိုလ်ကျောင်းတက်နေစဉ် သူတို့အိမ်ကို မကြာခဏရောက်၍ စားအိမ်သောက်အိမ် ဖြစ်သည်။
‘‘အေး...မင်းပြောတာဟုတ်တယ်။ ငါ့အိမ်ကလည်း မင်းနဲ့ဆိုရင် သဘောကျမှာပဲ။ မနက်ဖြန်ကစပြီး ငါ့ဘဝအဓိပ္ပာယ်ရှိတော့မယ်။ ပျော်စရာကြီး’’
ကျောင်းမှ ဆရာ၊ ဆရာမများနှင့် နှုတ်ဆက်ပေးပြီး နေ့လယ်စာစားရန် ဆရာ၊ ဆရာမများနားနေခန်းသို့ ကိုလူအေးကို ခေါ်ခဲ့သည်။
နားနေခန်းမှာ ဆရာ၊ ဆရာမများ စုံနေပြီ။ ကိုလူအေးနှင့် မိတ်ဆက်ပေးသည်။ လုပ်အားပေးမည့်ဆရာဆို၍ ဝမ်းသာနေကြသည်။
နားနေခန်းစားပွဲရှည်ကြီးပေါ်မှာ ထမင်းချိုင့်များဖွင့်၍ စုပေါင်းစားကြသည်။ ကိုလူအေးကိုလည်း ချိုင့်တစ်ခုခွဲပေးပြီး ပါဝင်အစားခိုင်းသည်။
ကိုလူအေးမှာ ချက်ချင်းဆရာတစ်ယောက်အဖြစ် ပူးပေါင်းပါဝင်ခွင့်ရ၍ ဝမ်းသာနေ၏။
ထမင်းကိုလည်း အားရပါးရစားနေသည်။ ကိုလူအေးချိုင့်မှာ ကျွန်တော်ထပ်ဖြည့်ပေးလိုက်သည်။
‘‘စားရတာ ပျော်စရာကောင်းလိုက်တာ။ မနက်ဖြန်ကျရင် ငါလည်း ထမင်းထုပ်ခဲ့မယ်’’
‘‘ကိုလူအေး ထမင်းထုပ်ခဲ့ဖို့မလိုပါဘူး။ ညကျရင် ကျွန်တော် ရွာလူကြီးတွေကို တင်ပြမှာပါ။ ကျွန်တော်အခု ထမင်းခပေးစားနေတဲ့ ဘကြီးမှုံအိမ်က နေ့လယ်စာထမင်းတစ်ချိုင့်ထည့်ပေးရင် နှစ်ဆယ်ပဲကျမှာပါ။ ရွာလူကြီးတွေရဲ့ ရန်ပုံငွေက ပေးမှာပါ။ ရွာရန်ပုံငွေက မပေးရင် ကျွန်တော်တို့ မိဘဆရာအသင်း ရန်ပုံငွေကလည်း ပေးနိုင်ပါတယ်’’
‘‘ဟာ...မလုပ်ပါနဲ့ သူငယ်ချင်းရာ၊ ငါ့ဟာငါ ထမင်းထုပ်ခဲ့မှာပါ။ ရွာကို ဒုက္ခမပေးချင်ပါဘူး’’
ကိုလူအေးက အရိုးခံအတိုင်းပြောခြင်း ဖြစ်သည်။
‘‘ရွာကို ဒုက္ခပေးတာ မဟုတ်ပါဘူးကွာ။ တို့ရွာကျောင်းကူညီတဲ့ဆရာကို တို့ကလည်းသိတတ်ရမှာပေါ့ကွာ။ မင်းအနေနဲ့ ထမင်းထုပ်ယူလာနိုင်ပေမယ့်နောက်ထပ် လုပ်အားပေးမယ့် ဆရာ၊ ဆရာမတွေအတွက်ပါစဉ်းစားရမယ်။ ဆံထုံးထုံးရ ဆီစိုက်ရဆိုရင် ဘယ်ကောင်းပါ့မလဲ’’
‘‘အေးပါ... အေးပါ။ ဒါတော့ မင်းပြောတာ ဟုတ်ပါတယ်’’ ကိုလူအေး သဘောတူလိုက်သည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၄)
No comments:
Post a Comment