August 22, 2020

မျိုးစပ်ငါးခူ သားဖောက်မွေးမြူမည်ဆိုလျှင်

စံလွင် (ငါးဦးစီး)


        ယခုတလော ငါးခူမွေးမြူရေးနှင့် ပတ်သက်၍ သတင်းများ တက်လာသည်ကို ဖတ်ရှုမိပါသည်။ အချိန်တိုအတွင်း မွေးမြူထုတ်လုပ်နိုင်၍ မွေးမြူသင့်ကြောင်း သတင်းများတက်လာသည့်နည်းတူ မွေးမြူခွင့် ရှိ၊ မရှိမွေးမြူ၍ရ၊ မရကို သိရှိလိုကြောင်း မေးခွန်းများကိုလည်း ဖတ်ရှုရပါသည်။

မြန်မာ့ငါးခူ

        မြန်မာနိုင်ငံ၌ ဒေသမရွေးတွေ့ရှိရသော တိုင်းရင်းငါးခူမျိုးဖြစ်သည့် မြန်မာ့ငါးခူ၏ သိပ္ပံအမည်မှာ Clarias Bat-rachus ဖြစ်ပြီး မိုးဦးကျ၌ ပေါများစွာတွေ့ရသည့် ဒေသအခေါ် လယ်ငါးခူနှင့် အချို့အရပ်ဒေသများ၌ တွေ့ရှိရသည် တစ်ကိုယ်လုံးဖြူဆွတ်နေသည့် ငါးခူအဖြူတို့နှင့် မျိုးစိတ်အတူတူပင်ဖြစ်ပါသည်။ ထိုမြန်မာငါးခူကို ငါးလုပ်ငန်းဦးစီးဌာန၏ ငါးလုပ်ငန်းစခန်းများ၌ သားပေါက်များ ဝယ်ယူရရှိနိုင်ပါသည်။ ပုဂ္ဂလိက ငါးသားဖောက်ထုတ်လုပ်သူများကိုလည်း မြန်မာငါးခူသားပေါက်ခွင့်လိုင်စင်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုပေးပါသည်။ သို့ဖြစ်၍ မြန်မာငါးခူမျိုးကို လွတ်လပ်စွာ ဝယ်ယူမွေးမြူနိုင်ပါသည်။

မျိုးစပ်ငါးခူ

        အခြားငါးခူအမယ်သစ် တစ်မျိုးမှာ မျိုးစပ်ငါးခူဖြစ်ပါသည်။ ယင်းမျိုးစပ်ငါးခူအား အာဖရိကငါးခူ (Clarias Gariepinus) အထီးနှင့် ထိုင်းငါးခူ (Clarias Macrocephalus) အမတို့ မျိုးစပ်သားဖောက်ထားခြင်း ဖြစ်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးလုပ်ငန်းစခန်းများ၌ မျိုးစပ်ငါးခူသားပေါက်များကို မွေးမြူရန် ဝယ်ယူရရှိနိုင်ပါသည်။ မည်သည့်ပုဂ္ဂလိက ငါးသားပေါက်ထုတ်လုပ်သူများကိုမျှ မျိုးစပ်ငါးခူသားပေါက် ထုတ်လုပ်ခွင့်လိုင်စင်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ခွင့်မပြုပါ။ ထုတ်မပေးပါ။ အကြောင်းမှာ မျိုးစပ်ငါးခူအမည်ခံ၍ အာဖရိကငါးခူအထီးအမများမှ ဖောက်ယူသည့် အာဖရိကငါးခူစစ်စစ်မျိုးများကို မျိုးစပ်ငါးခူအဖြစ် ဖောက်လုပ်ရောင်းချလေ့ရှိသောကြောင့် ဖြစ်ပါ၏။ သို့ဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်းများမှ ထုတ်လုပ်သော မျိုးစပ်ငါးခူများကိုသာ ဝယ်ယူမွေးမြူနိုင်ပါသည်။

အာဖရိကငါးခူ

        အာဖရိကငါးခူသည် အာဖရိကဒေသမျိုးရင်းဖြစ်သည်။ ရေချိုပိုင်းတွင် ကြီးစိုးသောငါးမျိုးဖြစ်ပြီး အရွယ်အစားမှာ သုံးပေမှ ခြောက်ပေခန့်နှင့် ကိုယ်အလေးချိန် ၃၆ ပိသာခန့်အထိ ကြီးထွားနိုင်ပါသည်။ ယင်းအာဖရိကငါးခူကို ကျူးကျော်ဝင်ရောက်နှောင့်ယှက်သော တိုင်းတစ်ပါးငါးဟု သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံအများအပြားက မွေးမြူရန် တင်သွင်းခွင့် ပိတ်ပင်ထားကြပါသည်။

        အာဖရိကငါးခူသည် သားစားကျူးသောငါးမျိုးဖြစ်ပြီး အင်းဆက်၊ ကဏန်း၊ ခရု၊ ငါး၊ ငှက်၊ ရေနေကုန်းနေသတ္တဝါ၊ ပုပ်သိုးသောအသား၊ အပင်နှင့် အသီး စသည့် အစာမရွေးဘဲ အလုံးစုံစားသုံးသည့် ငါးမျိုးဖြစ်ပါသည်။ ထို့ပြင် အာဖရိကငါးခူများသည် လွန်စွာအကြမ်းခံသည့် ငါးမျိုးဖြစ်ပြီး အောက်စီဂျင်၊ အပူချိန်၊ ဆားငန်နှုန်း၊ ချဉ်ဖန်နှုန်းအနည်းအများရှိ ရေပြင်များတွင်ပင် ရှင်သန်နိုင်ပါသည်။

        အာဖရိကငါးခူသည် အစာမရွေး စားသုံးခြင်း၊ အရွယ်ရောက် အာဖရိကငါးအထီးအမတစ်စုံမှ သားပေါက်ကောင် သုံးသိန်းမှ ရှစ်သိန်းအထိ ပေါက်ပွားနိုင်ခြင်း၊ ဒေသခံဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်များကို ထိခိုက်စေခြင်းတို့ကြောင့် မွေးမြူရန်မသင့်သော ငါးမျိုးစိတ်ဖြစ်ပါသည်။

        သို့ဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာနသည် အာဖရိကငါးခူမျိုးများအား ဌာန၏ ခွင့်ပြုချက်မရဘဲ ပြည်တွင်းသို့ တင်သွင်းခွင့်မပြုကြောင်းနှင့် ပြည်တွင်း၌လည်း အာဖရိကငါးခူများကို သားပေါက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းတို့ကို မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၅/၂ဝဝ၁ ထုတ်ပြန်ပြီး တားမြစ်ထားပါသည်။

        အမိန့်ကြော်ငြာစာပါ သတိပေး တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၁ အရ အရေးယူမည်ဖြစ်ပြီး ပြစ်ဒဏ်အဖြစ် ငွေဒဏ် ကျပ် ၁ဝဝဝဝ အထိဖြစ်စေ၊ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည့်အပြင် သက်သေခံပစ္စည်းများဖြစ်သည့် ငါးများနှင့် ငါးမွေးကန်များအားလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည် ဖြစ်ပါသည်။

        ၄င်းငါးခူမျိုးစိတ်များကို ခွဲခြားရာ၌ ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်ပိုင်းဆက်သည့် သီးဆက်နေရာရှိ မျဉ်းပုံသဏ္ဌာန်ကိုကြည့်၍ အလွယ်တကူခွဲခြားနိုင်ပါသည်။ ထိုမျဉ်းကွေးသည် ကကြီး(က) ပုံသဏ္ဌာန်ဖြစ်နေပါက မြန်မာငါးခူဖြစ်ပြီး ပစောက်(ပ)ပုံသဏ္ဌာန် ဖြစ်ပေါ်နေမ ထိုင်းငါးခူဖြစ်ပါသည်။ မျဉ်းကွေးသည် ဆူးပုံသဏ္ဌာန်ဖြစ်နေပါက မြန်မာငါးခူဖြစ်ပြီး ကိုယ်ထည်ဘက်သို့ ရှည်ထွက်နေပါက အာဖရိကငါးခူဖြစ်ပါသည်။

        အာဖရိကငါးခူ ခွဲခြားသည့် အခြားအချက်မှာ ဦးခေါင်းခွံပေါ်၌ ဆူးငယ်များ စုပြုံရှိနေခြင်းကြောင့် လက်ဖြင့်စမ်းကြည့်ပါက ဗြုတ်ထနေပါသည်။ မြန်မာငါးခူနှင့် ထိုင်းငါးခူများ၌မူ ငါးဦးခေါင်းခွံ၌ ဆူးများမပါရှိခြင်း ကြောင့် ချောမွေ့နေပါသည်။

        ငါးမျိုးစိတ်အမယ်သစ် ထုတ်လုပ်ရန်ရည်ရွယ်၍ မျိုးစပ်ငါးခူကို ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ နာမည်ကြီးဟင်းလျာတစ်မျိုးဖြစ်သည့် ငါးခူပွကြော်သည် ထိုမျိုးစပ်ငါးခူကို အသုံးပြုထားခြင်းဖြစ်သည်။ အကောင်ကြီး၍ အသားများခြင်း၊ အရသာချိုခြင်းတို့ကြောင့် အမယ်သစ်ငါးခူမျိုးအဖြစ် အာဖရိကငါးခူအထီးနှင့် ထိုင်းငါးခူမတို့ မျိုးစပ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

        အခြားငါးခူမျိုးများနှင့် မျိုးစပ်ငါးခူများကို ခွဲခြားရန်မှာ ဦးခေါင်းခွံကြမ်းတမ်းနေခြင်း အချက်ဖြင့်သာ ခွဲ၍ရပါသည်။ ဦးဆက်ရှိ မျဉ်းကွေးသဏ္ဌာန်မှာမူ အမိ အဖလွှမ်းမိုးမှုပေါ် မူတည်နေသောကြောင့် ၄င်းအချက်ကိုကြည့်၍ ခွဲခြားရန် မလွယ်ကူလှပါချေ။

ဓာတ်ပုံ - i.ytimg

ပုဂ္ဂလိကမျိုးစပ်ငါးခူသားဖောက်ခွင့်လိုင်စင်စိစစ်ခြင်း

        အရွယ်ရောက် မျိုးစပ်ငါးခူအမတစ်ကောင်သည် သားပေါက် ၅ဝဝဝ မှ ၈ဝဝဝ အထိသာ ပေါက်ပွားသော်လည်း အရွယ်ရောက် အာဖရိကငါးခူ အမတစ်ကောင်သည် သားပေါက်သိန်းဂဏန်းအထိ ပေါက်ပွားသောကြောင့် ငါးသားဖောက်သူများသည် အလွယ်လမ်းကိုလိုက်၍ အာဖရိကငါးခူများကို သားဖောက်ရောင်းလေ့ ရှိကြပါသည်။

        ထို့ပြင် အာဖရိကငါးခူသည် သားဖောက်ရာ၌ လွယ်ကူခြင်း၊ ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ အပိုလေရှူအင်္ဂါများ ပါရှိ၍ လေထဲမှ အောက်စီဂျင်တိုက်ရိုက်ရှူနိုင်သောကြောင့် တစ်နေရာမှတစ်နေရာသို့ အလွယ်တကူသယ်ယူနိုင်ခြင်း စသည့် အားသာချက်များကြောင့် အာဖရိကငါးခူများကို သားဖောက်ရောင်းချကြပါသည်။

        မွေးမြူသူများကလည်း အာဖရိကငါးခူများသည် အစာမရွေးသောကြောင့် စားကြွင်းစားကျန်များ စွန့်ပစ်အစာများကို စျေးနှုန်းသက်သာစွာ ကျွေးနိုင်ခြင်း၊ နှစ်လ၊ သုံးလ ကာလတိုအတွင်း အစာကျွေးနှုန်းပေါ်မူတည်၍ ၁ဝ ကျပ်သားမှ ၁၅ ကျပ်သားအထိ ကြီးထွားခြင်းကြောင့် တွက်ခြေကိုက်ခြင်း၊ သဘာဝတိုင်းရင်းငါးခူများနှင့်ရောနှောရောင်းချခြင်းကြောင့် စျေးကောင်းရခြင်း စသည်များကြောင့် ခိုးဝှက်မွေးမြူနေကြခြင်းဖြစ်ပါသည်။

        ယင်းအာဖရိကငါးခူများသည် သဘာဝရေပြင်များသို့ ရောက်ရှိသွားပါက ဒေသခံငါးမျိုးများ ပြုန်းတီးစေခြင်းနှင့် သဘာဝရေသယံဇာတများ ပျက်စီးစေသောကြောင့် ငါးလုပ်ငန်းဦးစီးဌာနက ဥပေဒေများထုတ်ပြန်ကာ တားဆီးရခြင်း ဖြစ်ပါသည်။ ယခုအခါတွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ငါးလုပ်ငန်း ဆိုင်ရာဥပဒေများ ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်ထားသည်ဖြစ်ရာ မျိုးစပ်ငါးခူအမယ်သစ်များ သားဖောက်ထုတ်လုပ် ဖြန့်ဖြူးလိုပါက မိမိဒေသရှိ သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနများထံ ညှိနှိုင်းတင်ပြဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၈)

No comments:

Popular Posts