August 23, 2020

ဆေးဖက်လည်းဝင် ဝင်ငွေလည်းရ ရုံးပတီပင်ကို စိုက်ပျိုးကြ

ရွှေမင်းအောင် (ကျောက်ပန်းတောင်း)

        ယနေ့ခေတ် မိသားစုကျန်းမာရေးအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးပင်များထဲမှ ဆေးဖက်လည်းဝင်သည့် ရုံးပတီပင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ရုံးပတီသီးကို စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အရိုးများကို သန်မာစေခြင်း၊ နှလုံးအားကို ကောင်းစေသဖြင့် နှလုံးရောဂါများကို ကာကွယ်ပေးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ သွေးပေါင်ကို ထိန်းပေးခြင်း၊ ခန္ဓာကိုယ်သွေးလည်ပတ်မှုအားကို ကောင်းစေခြင်း၊ မျက်စိကြည်လင်စေခြင်း၊ ခန္ဓာကိုယ် ညောင်းညာကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။

        ရုံးပတီသီးတွင် ဗီတာမင်ဓာတ်များစွာပါဝင်သည်။ ထို့အပြင် ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ လူ့ခန္ဓာကိုယ်ရှိ သွေးသားများကို သန့်ရှင်းကောင်းမွန်စေပါသည်။ ရုံးပတီသီးကို စားသုံးခြင်းသည် သွေးတိုးခြင်း၊ လေဖြတ်ခြင်းရောဂါများကို ကာကွယ်ပေးပါသည်။

        အမျိုးသမီးများတွင် အဖြစ်များသော အရိုးပွ၊ အရိုးပါးရောဂါများအား ရုံးပတီသီးကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေပါသည်။ အထူးသဖြင့် အရိုးကျီးပေါင်းတက်ခြင်းရောဂါကို သက်သာပျောက်ကင်းစေပါသည်။

ဓာတ်ပုံ - Farmguru.org

        မြန်မာ့တိုင်းရင်းဆေးလောကတွင် ဆေးဝါးဓာတ်စာအဖြစ် ရုံးပတီသီးသည် အသုံးဝင်လှပါသည်။ ရုံးပတီပင်သည် နေရာဒေသမရွေး၊ မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ ရုံးပတီပင်သည် ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် ရေတော်မိုးတော်၊ ဆည်ရေသောက်ဒေသများ၊ မြေအောက်ရေရရှိသော ဒေသများတွင် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပါသည်။

        ရုံးပတီစိုက်ပျိုးရန်အတွက် နွားထယ်တစ်စပ်၊ နွားထွန်ဖြင့် ထွန်ရေးညီညာကောင်းမွန်အောင် ဆောင်ရွက်ပါ။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရပါမည်။ မြေခံအဖြစ် သဘာဝမြေသြဇာ နွားချေးလှည်းငါးစီးမှ ရှစ်စီးနှုန်း တစ်ဧကစာထည့်သွင်းပါ။ တန်းကြား နှစ်ပေ၊ ပင်ကြား နှစ်ပေ စိုက်စနစ်ဖြင့် တစ်ကျင်းလျှင် ရုံးပတီစေ့နှစ်စေ့နှုန်း စိုက်ပျိုးပေးပါ။ တစ်ဧကလျှင် အပင်ပေါင်းတစ်သောင်းကျော် ရရှိနိုင်ပါသည်။ စိုက်ပျိုးရက် ၃ဝ ရက်သားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရပါမည်။ 

ဓာတ်ပုံ - အင်တာနက်

        ရုံးပတီပင်ငယ်စဉ်၊ ငါးအမိုင်နိုရွက်ဖျန်းအားဆေးကို ၁ဝ ရက်ခြားတစ်ကြိမ် ဖျန်းပေးပြီးလျှင် သဘာဝပိုးနှင်ဆေးအဖြစ် ဆေးရွက်ကြီး ငါးကျပ်သား၊ ဂျင်း ၅ဝ ကျပ်သား၊ ငရုတ်သီးစိမ်း ၅ဝ ကျပ်သား ထုထောင်း၍ အလုံပိတ်ပုံးတစ်ပုံးတွင် ၁ဝ ရက်ခန့်စိမ်ပြီး အီးအမ်အပြင်း တစ်လီတာ၊ ရေ ၅ဝ လီတာပါရောထည့်ပါ။ ပူသောရာသီတွင် ၁ဝ ရက်ခန့် အေးသောရာသီတွင် ၁၅ ရက်ခန့် စိမ်ထားပြီး ရုံးပတီသီးစိုက်ခင်းတွင် ရေလေးဂါလန်၊ ဆေးရည် ၂ဝဝ စီစီ ရောစပ်ပက်ဖျန်းနိုင်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၈)


No comments:

Popular Posts