လယ်တွင်းသားစောချစ်
‘‘နောက်တစ်ခုက မင်းကျောင်းသွား ကျောင်းပြန် အမှတ် ၁၁ လိုင်းကားစီးတဲ့အခါ ကားခပေးစရာမလိုဘူး’’
‘‘ဟ- သူတို့ကတောင်းရင် ငါမပေးလို့ဖြစ်မလားကွ’’
ဆရာ၊ ဆရာမများ ရယ်ကြသည်။
‘‘သူတို့က ဒီကျောင်းကဆရာဆိုရင် ဘယ်သူ့မှ ကားခမယူဘူးကွ။ မင်းကိုလည်း လုပ်အားပေးဆရာဖြစ်ကြောင်း လိုင်းဥက္ကဌကို ငါက တင်ပြမှာ။ လိုင်းဥက္ကဌက မင်းအတွက် စီးခလက်မှတ်ထုတ်ပေးလိမ့်မယ်’’
‘‘ဟာ...တယ်ဟုတ်ပါ့လားကွ’’
ဦးလှမင်းနှင့် ဆရာမများ ကိုလူအေးပြောလိုက်တိုင်း ရယ်ချည်းနေကြရသည်။ ကိုလူအေး၏ ပြောဟန်နှင့် လေသံကပင် ရယ်စရာကောင်းနေသည်။
‘‘ဒီထက်ဟန်ကျတာ ရှိသေးတယ်’’
‘ကျောက်မီးရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်၊ မုန့်တီဆိုင် ဘယ်ဆိုင်ဝင်စားစား ကျောင်းကဆရာဆိုရင် ပိုက်ဆံမယူဘူး’
‘‘ဟာ... ကောင်းလိုက်တာ။ ဟေ့ကောင်... မင်း ငါ့ကို ထုတ်မပစ်မချင်း ငါဒီကျောင်းလုပ်အားပေးက ငါမထွက်တော့ဘူး’’
အားလုံးရယ်ကြရပြန်သည်။ ထမင်းတစ်ဝိုင်းအတူစားရုံနှင့် ကိုလူအေးကို ဆရာ၊ ဆရာမများ ခင်မင်ရင်းနှီးသွားကြသည်။
ထမင်းစားပြီး၍ မကြာမီပင် နို့ဆီရုံတစ်ရုံမှ ဟောလစ်တစ်အိုး လာပို့သည်။
‘‘ဒီရွာမှာ နို့ဆီရုံခြောက်ရုံရှိတယ်။ နို့ဆီချိုးတို့၊ နို့ဆီတို့ နေ့တိုင်းလာပို့ကြလွန်းလို့ ကြာရင် ဆရာ၊ ဆရာမတွေ ဖက်တီးပုပ်ဖြစ်မှာစိုးလို့ မယူလာရဘူးလို့ အမိန့်ထုတ်ထားတယ်။ နို့ဆီရုံ ခြောက်ရုံရှိတာ နည်းပါတယ်။ဟောလစ်၊ မိုင်လို၊ အိုဗာတင်း အမျိုးမျိုးပို့တယ်။ ဟေ့ကောင် မြင့်အောင်လာဦး’’
ကျွန်တော်က ကိုလူအေးကို ပြောနေရာမှ စောစောက ကော်ဖီအိုးလာပို့သော ကလေးကို လှမ်းခေါ်လိုက်သည်။
‘‘မြင့်အောင်...မင်းတို့ နို့ဆီရုံက နို့ဆီချိုးတစ်ပန်းကန်နဲ့ နို့ဆီတစ်ပန်းကန်ယူခဲ့။ ဒီဆရာအသစ်ကို ကျွေးရအောင်’’
‘‘ဟုတ်ကဲ့’’
မြင့်အောင် ပြေးထွက်သွားသည်။ ကိုလူအေးက ကျွန်တော့်ကိုကြည့်ပြီး သဘောကျနေသည်။
ခဏကြာသောအခါ မြင့်အောင် ပြန်ပြေးလာပြီး နို့ဆီပန်းကန်နှစ်လုံးကို စားပွဲပေါ်တင်ပေးသည်။ ဇွန်းသေးတစ်ချောင်းလည်း ယူလာသည်။
‘‘ ဒီပန်းကန်က နို့ဆီရိုးရိုး... ဒီပန်းကန်က နို့ဆီချိုးပါဆရာ’’
မြင့်အောင်ပြောပြီးသည်နှင့် ဆရာများနားနေခန်းမှ ထွက်သွားသည်။
‘‘ကဲ သူငယ်ချင်း ကြိုက်ရာစား။ နို့ဆီချိုးကတော့ ပိုကောင်းတယ်’’
ကိုလူအေးက ရိုးရိုးနို့ဆီကို ဇွန်းကလေးနှင့် ကော်စားသည်။ ပြီးမှ နို့ဆီချိုးကို စားကြည့်သည်။
‘‘ဟာ...ဟုတ်တယ်။ ချိုးက ပိုကောင်းတယ်’’
ကိုလူအေးကိုကြည့်ပြီး ဆရာမလေးများ ပြုံးနေကြသည်။
‘‘ဆရာမတို့လည်း စားကြလေ’’
ကိုလူအေးက မျှဝေကျွေးနေသည်။
‘‘ ကျွန်မတို့က စားရလွန်းလို့ မစားချင်တော့ဘူးဆရာ’’
‘‘ငါ့ကို မနက်ဖြန်ခါလည်း တောင်းပေးပါဦးကွာ’’
ကိုလူအေးစကားကြောင့် ကျွန်တော်တို့အားလုံး ရယ်မိကြသည်။
‘‘ပေါင်မုန့်ယူလာပြီး နို့ဆီဆမ်း လုပ်စားချင်လို့ပါ’’
ကျွန်တော်တို့ ရယ်ကြရပြန်သည်။
‘‘သုံးရက်ပြီးရင်တော့ မစားတော့ပါဘူး။ မင်းပြောသလို ဖက်တီးပုပ်ဖြစ်မှာစိုးလို့ပါ’’
‘‘သြော်... နေဦးကွ။ ပြောစရာရှိသေးတယ်။ မနက်ဖြန်ခါတော့ မင်းဂျစ်ကားနဲ့ လာခဲ့ဦး’’
‘‘လိုင်းကားက ကတ်ပြားမရသေးလို့လား’’
‘‘ မဟုတ်ပါဘူး။ ဒီရွာဝန်းကျင်မှာ ဟိုဘက် ထုံးဘိုတို့၊ အုံးချောတို့ ရောက်တဲ့အထိ ခြံကြီးတွေရှိတယ်ကွ။ သင်္ဘောခြံ၊ သရက်ခြံ၊ သံပရာခြံ၊ ကမ္ဗလာသီးခြံ၊ ဂွေးသီးခြံ၊ ယိုးဒယားဆီးခြံကြီးတွေ အများကြီးရှိတယ်။ကလေးတွေက ခြံထွက်အသီးအနှံတွေ ယူလာပေးကြလွန်းလို့၊ ဒီစားပွဲရှည်ကြီးပေါ်မှာ အသီးတွေကို အများကြီးပဲ။ မန္တလေးက ဆရာ၊ ဆရာမတွေလည်း ဘယ်သူမှ မသယ်ချင်ကြဘူး။ ငါနေတဲ့ ဘကြီးမှုံနဲ့ ဒေါ်ဒေါ်မြိုင်လည်း မလိုချင်တော့ဘူး။ အဲဒါနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သစ်သီးတွေ လုံးဝမယူခဲ့ရဘူးလို့ အမိန့်ထုတ်ထားရတယ်’’
‘‘ဟာ...ရချင်လိုက်တာ’’
ကျွန်တော်တို့ ရယ်ကြရသည်။
‘‘ရမှာပါ... သူငယ်ချင်း။ ငါတို့ကလေးတွေကို မှာထားတယ်။ လိုချင်တဲ့ခါ မှာမယ်။ မှာမှယူခဲ့ရမယ်လို့ ပြောထားတယ်။ ဒီနေ့ညနေ မှာလိုက်မယ်။ မနက်ဖြန်ခါ ကျောင်းပြန်ရင် ကားနဲ့တင်သွား။ ဦးလေးနဲ့ ဒေါ်ဒေါ်ကို ကျွေးလိုက်’’
‘‘ကျွေးမယ်’’
ကိုလူအေး ပျော်နေသည်။
‘‘ မင်းအစ်ကိုလည်း ကျွေးလိုက်ဦး’’
‘‘ကျွေးမှာပေါ့’’
‘‘ အိမ်နီးနားချင်းတွေလည်း မျှဝေပေးလိုက်ဦး’’
‘‘ဟာ... ပျော်စရာကြီး’’
ကိုလူအေး ပြောလိုက်တိုင်း ဆရာဦးလှမင်းနှင့် ဆရာမများ အားပါးတရ ရယ်နေကြရသည်။
ညနေပိုင်း ကျောင်းတက်ချိန်တွင် ကိုလူအေးကို ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းခန်းများသို့ ခေါ်သွားပြီး အလယ်တန်းကျောင်းသားများနှင့် မိတ်ဆက်ပေးသည်။ ကျောင်းသားများပျော်နေကြသည်။
ညပိုင်းတွင် ရွာလူကြီးဦးညို အပါအဝင် ရပ်မိရပ်ဖနှင့် တွေ့ဆုံရာမှာ ကျောင်းသား၊ ကျောင်းသူများ တိုးလာ၍ ဆရာကနည်းပြီး မနိုင်မနင်းဖြစ်နေကြောင်း၊ မန္တလေးမှ ဘွဲ့ရသူငယ်ချင်းလာရောက် လုပ်အားပေးမည်ဖြစ်ကြောင်း ပြောပြ၍ ဝမ်းသာကြသည်။ နေ့လယ်စာ ရွာမှကျွေးရန် သဘောတူကြသည်။
နောက်ရက်များမှာ ဆယ်တန်းဖြေမည့် ကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူနှစ်ယောက်ပါ လုပ်အားလာပေးကြသည်။ ရွာမှ နေ့လယ်စာကျွေးသည်။ မူလတန်းမှာ အင်အားအပြည့်ဖြစ်သွားသည်။ ဆရာဦးလှမင်းကို မူလတန်းမှ ဆွဲထုတ်ပြီး အလယ်တန်းမှာ အင်အားပြည့် သုံးနိုင်သည်။
ကျောင်းနှင့်ဆိုင်ရာ ပြင်ပလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုပြီးလုပ်နိုင်လာသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁)
No comments:
Post a Comment