မိုးပန်းမွန်(ရာမည)
လူတိုင်း လူတိုင်း ရည်ရွယ်ချက်ရှိကြသည်။
စကားတတ်စ ကလေးဘဝမှာပင် မိဘများက မေးခွန်းဖြင့် လုပ်ငန်းစကြသည်။ ကြီးလာလျှင် ဘာလုပ်မလဲဟု မေးတတ်သည်။ ကလေးက သူ့စိတ်ကူးရှိရာ သူဖြေလိမ့်မည်။ လူကြီးသူမများက သဘောကျ ရယ်မောပျော်ရွှင်ကြရစမြဲ။ ထိုကလေးငယ်များ၏ ရင်ထဲတွင် ရည်ရွယ်ချက်ဟူ၍ ရှိသည်မဟုတ်။
ကျောင်းနေပြီး အတန်းစဉ်တက်၊ အလယ်တန်းကျောင်းသူ၊ ကျောင်းသားအရွယ်ရောက်မှ အကောင်းအဆိုးကို ခွဲခြားသိမည်။ အင်ဂျင်နီယာနှင့် နီးစပ်သူက အင်ဂျင်နီယာလုပ်မည်ဟု ပြောသည်။ စစ်ဗိုလ်၊ ကပ္ပတိန်နှင့် နီးစပ်သူက စစ်ဗိုလ်လုပ်မည်၊ ကပ္ပတိန်လုပ်မည်ဟု ဖြေမည်။ ထိုအရွယ်မှစ၍ ရည်ရွယ်ချက်ရှိလာပြီ။ အကောင်းအဆိုးကို သိလာပြီ။ မည်သူကမှ ‘ရေခဲချောင်း ရောင်းချင်တယ်’ဟု တွံတေးသိန်းတန်သီချင်းထဲကကလေးလေးလို တွေးမည်မထင်။
မိဘများထားသော ကျောင်းကို ငြင်းပယ်ရန် အခွင့်အရေးမရှိ။ ကျောင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ရမည်။ ဆရာ၊ ဆရာမများ သင်ကြားပေးသမျှ သင်ယူကျက်မှတ်ရမည်။ စာတော်သော လိမ္မာရေးခြားရှိသော ကျောင်းသားအဖြစ် ကျောင်းဂုဏ်ကို ဆောင်ကြရမည်သာ။ စာသင်နှစ်တစ်နှစ်တွင် ကျောင်းသားတစ်ဦးအတွက် မိဘများက ငွေကြေးများစွာ ကုန်သည်။ ထို့အတူ နိုင်ငံတော်၏ ဘဏ္ဍာငွေမှလည်း ကုန်ကျမှုများစွာ။
ကျောင်းနေစဉ်တွင် လူငယ့်သစ္စာအဓိဌာန်ဆိုခဲ့ကြချိန်ကို သတိရသည်။ ‘‘မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။ မိမိတိုင်းပြည်ကို ကောင်းအောင် ကြိုးစားမည်။’’
ထိုသစ္စာအဓိဌာန်ကို ဆိုစဉ်ကဆိုခဲ့ပြီး ကျောင်းနှင့်ဝေးချိန်တွင် မေ့သွားကြသူများသည်။ ကျောင်းသားမဟုတ်တော့ဘူးဆိုသည်နှင့် အချိန်ဖြုန်း၊ ငွေဖြုန်း၊ အသိပညာဖြုန်းနေကြလျှင် အချည်းနှီးသာ။
လူတစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အရည်အချင်းများရှိပြီးဖြစ်သည်။ ကျောင်းနေစဉ် လူငယ်ဘဝတွင် ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ဆိုသော ဆောင်ပုဒ်ကို လိုက်နာကြသည်။ အထက်တန်းအောင်မြင်ပြီးသည်နှင့် ထိုဆောင်ပုဒ်ကို မေ့လျော့လာကြသည်။ တက္ကသိုလ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ လိုက်နာသင့်ပါလျက် ဥပေက္ခာပြုထားကြစမြဲ။ ထိုလူငယ်များအတွက် ရည်ရွယ်ချက်များလည်း မှိန်ပါးပါးသာရှိတော့မည်။
![]() |
ဓာတ်ပုံ - selfvirtue.com |
လူတိုင်းတွင် ပန်းတိုင်ရှိသည်။ မိမိပိုင်ဆိုင်သော ပန်းတိုင်ရှိရာသို့ သွားနေကြသူချည်း ဖြစ်သည်။ လိုချင်တပ်မက်သော ပန်းတိုင်သည် တစ်ခုတည်း ဖြစ်ကောင်းဖြစ်မည်။ အခွင့်အလမ်းတစ်ခုကို ရယူနိုင်ပြီး အများအကျိုးလည်း ဆောင်ရွက်သူဖြစ်သင့်သည်။ ‘ပန်းတိုင်’ဆိုပြီး အတ္တဆန်သော ချမ်းသာကြွယ်ဝမှု၊ အောင်မြင်မှုများကို မျှော်တွေးသူလည်း ရှိသည်။ ကိုယ့်လူမျိုးနွယ်စု တစ်စုအတွက်ချည်း တွေးသူလည်းရှိ၏။
အချို့အချို့သောသူများသည် အောင်မြင်သော ပန်းတိုင်အတွက် စေတနာမှားနှင့် လမ်းများလျှောက်နေကြသည်။ အခက်အခဲများစွာကို မကျော်ဖြတ်ချင်၊ သူတစ်ပါးအတွက် မတွေး၊ ကိုယ်ကျိုးအတွက် ရသည့်နည်းနှင့် ပန်းတိုင်ကို အရောက်လှမ်းကြသည်။ ထိုလူမျိုးအတွက် ‘တန်ဖိုးရှိသော ပန်းတိုင်’ပဲ ဟု ချီးမွမ်းသူရှားလိမ့်မည်။ ‘တန်ဖိုးရှိသော လူတစ်ယောက်’ဟု အများက သတ်မှတ်သည့်အချက်များတွင် ရိုးသားသော စိတ်ကောင်းစေတနာရှိရမည်။ စေ့စပ်သေချာမှုနှင့် ဝီရိယရှိရမည်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမည် စသည်တို့ဖြစ်သည်။
အတွေးမှား၊ ဆုံးဖြတ်ချက်မှားလျှင် ပန်းတိုင်လည်း မှားတတ်သည်။ ကိုယ်၏ ကြိုးပမ်းမှုသည် အများအကျိုးကိုလည်း အထောက်အကူဖြစ်သင့်သည်။ မွန်ရာဇဝင်ထဲမှ အများသိပြီးသား ပုဂ္ဂိုလ်တစ်ယောက်အကြောင်း နမူနာပြချင်သည်။ ရှေးဟံသာဝတီနေပြည်တော်၏ သူရဲကောင်း‘သမိန်ဗရမ်း’သည် နိုင်ငံနှင့်လူမျိုးအတွက် စွန့်စွန့်စားစား စွမ်းဆောင်ခဲ့သည်။ သက္ကရာဇ်(၇၇၃-၇၄)ခုနှစ် ဝန်းကျင်လောက်တွင် အင်းဝဘုရင်မင်းခေါင်နှင့် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်တို့နှင့် နှစ် (၄ဝ)နီးပါး စစ်ကစားကြသည်။
အင်းဝသူရဲကောင်း မင်းရဲကျော်စွာနှင့် ဟံသာဝတီသူရဲကောင်း သမိန်ဗရမ်းတို့ ဆင်စီးချင်းထိုးကြချိန်၊ မင်းရဲကျော်စွာတပ်၏ လျှို့ဝှက်စီစဉ်ထားသော တွင်းနက်ထဲသို့ သမိန်ဗရမ်းပြုတ်ကျရသည်။ အဖမ်းခံရပြီး အင်းဝတွင် ထောင်သွင်းအကျဉ်းချခံရသည်။ ထိုကာလတွင် စိန့်ပြည်မှ ဧကရာဇ်က အင်းဝကို စစ်အင်အားဖြင့် ဝန်းရံထားသည်။ ‘သူရဲကောင်းဂါမဏိနှင့် စီးချင်းထိုးနိုင်သူရှိက ခုနစ်ရက်အတွင်း အကြောင်းပြန်ရန် စိန့်ပြည်၏သူရဲကောင်း ရှုံးလျှင် အင်းဝကို တဲငယ်တစ်လုံးမျှကို မထိခိုက်စေဘဲဆုတ်မည်။ အကယ်၍ အင်းဝသူရဲကောင်း ရှုံးလျှင် အင်းဝကို ကြည်သာစွာဖြင့် ငါ့လက်အပ်ရန်’ စသည်ဖြင့် သဝဏ်လွှာပါးသည်။
ဘုရင်မင်းခေါင်၏ သူရဲကောင်းများ ဟံသာဝတီစစ်မြေပြင်သို့ ရောက်ရှိနေချိန်ဖြစ်၍ အင်းဝဘုရင် အားလျော့ရပြီ။ စိန့်ပြည်၏ သူရဲကောင်းသည် ထွားကြိုင်းသူ၊ စစ်ရေးကျွမ်းသူ၊ ဓားလှံလေးမြားထိုးမပေါက်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်သူဟု သတင်းကြီးနေသေးသည်။ ဘုရင်မင်းခေါင် အကြံကုန်သဖြင့် မြို့ရွာအတွင်း မောင်းကြေးနင်းလှည့်လည်စေသည်။ မှူးမတ်များနှင့် မည်သူတစ်ဦးမျှ စစ်ခင်းဝံ့သူမရှိ။ စိန့်ပြည်ဧကရာဇ်ထံအင်းဝကို အပ်ရတော့မည်ဟု နှလုံးမသာမယာဖြစ်နေသည်။ ထိုသို့ မောင်းကြေးနင်းလှည့်ခတ်သံကို ထောင်နန်းစံနေသည့် သမိန်ဗရမ်းက ကြားသည်။ အကျဉ်းချုံးရလျှင် ...
‘‘မည်သူတစ်ဦးတစ်ယောက်မဆို ဗိုလ်ဂါမဏိကို အနိုင်တိုက်ခိုက်နိုင်သူအား သူရဲကောင်းဘွဲ့ပေး၍ သမီးတော်နှင့် လက်ဆက်စေပြီး အိမ်ရှေ့အရာအပ်နှင်းမည်’’ဟူ၍ဖြစ်သည်။ ထိုအသံကိုကြား၍ အစောင့်ရဲမက်များအား ခွင့်ပန်သည်။ ဗိုလ်ဂါမဏိကို နိုင်စေရမည်။ ဘုရင့်ထံရှေ့မှောက်ပို့ရန် ပြောသည်။ အင်းဝဘုရင်ထံတွင် သမိန်ဗရမ်းလျှောက်ထားသည်မှာ -
‘‘ကျွန်ုပ်သည် သမီးကညာကိုလည်း မလိုပါ။ အိမ်ရှေ့အရာကိုလည်း မမက်ပါ။ အင်းဝနှင့် ဟံသာဝတီ နှစ်ပြည်ထောင်အရေးကိုတွေး၍ ဗိုလ်ဂါမဏိနှင့် စီးချင်းထိုးမည်ဟု လျှောက်တင်ရခြင်း ဖြစ်ပါသည်။ စိန့်ပြည်၏တပ်သည် အင်းဝကိုနိုင်သော် ရပ်မည်မဟုတ်။ ဟံသာဝတီကိုပါ ဆက်၍ စစ်ချီသိမ်းပိုက်မည်ကို သိ၏။ ကျွန်ုပ်တို့ မြန်မာ့မြေပေါ်ရှိ နှစ်ပြည်ထောင်မှ တိုင်းသူပြည်သားများ ပူဆွေးရမည့်အရေးမှ လွတ်ရန် ဗိုလ်ဂါမဏိကို အနိုင်တိုက်မည်။ ကျွန်ုပ်အား အခွင့်ပေးသနားရန်’’ဟု လျှောက်ထားသည်။
ခုနစ်ရက်မြောက်၍ ဗိုလ်ဂါမဏိနှင့် စီးချင်းထိုးရာ အင်းဝမြို့၏ အရှေ့ဘက်ကျုံးနားစစ်ကွင်းတွင် မင်းနှစ်ပါးတို့ ရှုစားကြ၏။ ဂါမဏိသည် သမိန်ဗရမ်း၏ပရိယာယ်ကို မသိ။ သမိန်ဗရမ်း စစ်ရေးပြသလို လိုက်ပြ၏။ ပရိယာယ်ကြောင့် ဂါမဏိ၏ မြင်းအင်အား ပျော့ညံ့လာသည်။ သမိန်ဗရမ်း၏ မြင်းအလှည့်ကို အလျဉ်မီအောင် မလှည့်နိုင်တော့။ ဂါမဏိလက် အထက်သို့ မြောက်သည်နှင့် ချပ်ကြိုးအချိတ်အဆက်ပြတ်နေသည့် ချိုင်းကြားနေရာသို့ လှံဖြင့်ထိုးလိုက်နိုင်သည်။ တစ်ဖက်သို့ စောင်းအကျတွင် ချပ်ကြိုးပြတ်သည့် လည်နေရာမှ ဓားရှည်ဖြင့် ခုတ်ဖြတ်လိုက်တော့သည်။
အတိုချုံးရလျှင် ထိုစီးချင်းထိုးစစ်ခင်းပွဲ၌ သမိန်ဗရမ်းအနိုင်ရသည်။ ခတ္တိယမင်းတစ်ပါး၏ သစ္စာစကားအတိုင်း စစ်တပ်ကြီးကိုရုပ်၍ စိန့်ပြည်သို့ ပြန်လေသည်။ သမိန်ဗရမ်းကိုလည်း ကောင်းချီးပေးပြီး သမီးကညာနှင့် လက်ဆက်စေသည်။ မဟာဥပရာဇာအဖြစ် ချီးမြှောက်သည်။ (သမိန်ဗရမ်း၏ စိတ်ဓာတ်မျိုးကို အတုယူစေလိုရင်းဖြစ်သည်။)
မင်းမိန့်ဖြင့် အသတ်ခံရမည့်နေ့ကို စောင့်ရင်း စိတ်ဓာတ်ကျမနေပါ။ စေတနာ၊ယုံကြည်ချက်တို့ဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို ထမ်းရွက်ခဲ့သူအဖြစ် ရာဇဝင်တွင် ကျန်ရစ်သည်။ သူမျှော်မှန်းသည့်ပန်းတိုင်သည် ကိုယ့်မြေကို ကာကွယ်ရန်နှင့် စစ်ကြောင့်သွေးချောင်းမစီးစေရန် ဟံသာဝတီသို့ ပြန်ရောက်ရန်ဖြစ်သည်။ ထိုပန်းတိုင်မျိုးမှ ‘တန်ဖိုးရှိသော ပန်းတိုင်’ဟု မှတ်ယူနိုင်သည်။
ခေတ်လူငယ်များ တန်ဖိုးရှိသောပန်းတိုင်ကို ရယူပိုင်ဆိုင်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)
No comments:
Post a Comment