လယ်တွင်းသားစောချစ်
ဘာမှ မသိပါ။ ဘာမှလည်း မမေးမိပါ။
‘‘အေးဗျာ..ဒါဆိုရင် သေချာတာကတော့ မနက်ဖြန်ကျောင်းပိတ်ရမှာပေ့ါ။ ကျွန်တော်လည်း မန္တလေးသွားပြီး တိုင်းပညာဝန်ရုံးမှာ မေးရမှာပေါ့’’
နောက်နေ့တွင် ကျွန်တော် မန္တလေးတိုင်းပညာဝန်ရုံးသို့ သွားပါသည်။ လစာထုတ်ရက်နေ့မို့ထင် တစ်ရုံးလုံး အလုပ်ရှုပ်နေကြသည်။ ရုံးအုပ်ကြီးနှင့် စကားပြောခွင့်ရအောင် အတော်ကြာကြာစောင့်ရသည်။ ပြောခွင့်ရသည်နှင့် ကျွန်တော့်လစာကိစ္စ မေးကြည့်သည်။
ကျောက်မီးကျောင်းအတွက် ဝန်ထမ်းလစာငွေခွင့်ပြုချက် ဘာမျှမတင်ရသေးကြောင်း ခုမှ ဆရာစရောက်သည်မို့ ခုမှ တင်ရမည်ဖြစ်ကြောင်းပြောသည်။ ခြောက်လခန့်ကြာမှ ကျမည်ဟုလည်း သိရသည်။ ကျွန်တော် ဘာလုပ်ရမည်နည်း။ ဘကြီးမှုံ၊ ဒေါ်ဒေါ်မြိုင်တို့ကို ထမင်းလခ ၄ဝ ကျပ်ပေးရမည်။ ခြောက်လအထိ ထမင်းလခမပေးဘဲ စားရမှာ အားနာစရာ။
လစာထုတ်လျှင် ရွာပြန်ပြီး အဘွားနှင့် ဦးလေးကို ကန်တော့မည်ဟု စိတ်ကူးယဉ်ထားတာလေးလည်း ပျက်သွားပြီ။ ကိုယ်ကမကန်တော့နိုင်ဘဲ သူတို့ဆီကပြန်ပြီး ငွေတောင်းရမည်ကလည်း မတွေးရက်စရာ။
‘‘သြော်...ကျောက်မီးရွာ ကျောင်းဆရာလေးပါလား...ဘာလာလုပ်တာလဲ’’
နောက်မှမေးသံကြား၍ လှည့်ကြည့်လိုက်မိသည်။ တိုင်းပညာဝန်။
‘‘လခရောထုတ်ပြီးပြီလား’’
ကျွန်တော်က ကျွန်တော့်လခအခြေအနေကို ရှင်းပြသည်။ တမင်မရည်ရွယ်ဘဲနှင့် မတော်တဆရှင်းပြခွင့်ရခြင်းဖြစ်သည်။ ရုံးအုပ်ကြီးကလည်း ကျွန်တော့်ကို ပြောသည့်အတိုင်း ရှင်းပြသည်။
‘‘ဟာ...ဒါဆိုရင် ဒီဆရာက လစာရဖို့ ခြောက်လလောက်စောင့်ရဦးမယ်။ သူများရပ်ရွာ သွားလုပ်ရတာဗျာ။ ဘယ်လိုစားမလဲ၊ ထမင်းလခ ဘယ်လိုပေးမလဲ။ သူ့အတွက်သုံးရတာရှိဦးမယ်။ ဝန်ထမ်းဆိုတာက ဒါလေးရမှဒါလေး စားရ သုံးရမှာ။ ဒီဆရာ လစာအမြန်ရအောင် ဘယ်လိုလုပ်မလဲ’’
ရုံးအုပ်ကြီးက အမြန်ဆုံးရအောင်ကြိုးစားလျှင် လေးလလောက်နှင့်ရနိုင်ကြောင်း ပြောသည်။
‘‘ကဲ ရုံးအုပ်ကြီး ခင်ဗျားတို့ကလည်း အမြန်ဆုံးကျအောင်လုပ်။ ဒီကြားထဲမှာတော့ ကျွန်တော့်တိုင်းပညာဝန်ငွေစာရင်းထဲက စိုက်ထုတ်ပေးမယ်။ လာ..ဆရာ.. ကျွန်တော့်အခန်းထဲလိုက်ခဲ့။ ရုံးအုပ်ကြီးလည်း လိုက်ခဲ့။ နောက်လတွေလည်း ဆရာတို့ ကျောက်မီးကျောင်းအတွက် မကျမချင်း တိုင်းရုံးမှာပဲ လစာလာထုတ်’’
ကျွန်တော် တိုင်းပညာဝန်နောက်မှ လိုက်သွားရသည်။ ရုံးအုပ်ကြီးလည်း ပါလာသည်။
ကျွန်တော် လစာထုတ်ခဲ့ရသည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ပျော်လိုက်သည့်ဖြစ်ခြင်း၊ တိုင်းပညာဝန်ကိုလည်း ချစ်ခင်လေးစားမဆုံး ဖြစ်ရလေသည်။ အလယ်တန်းပြ ဆရာလေးတစ်ယောက်ကို စာနာစိတ်ကြီးစွာဖြင့်သူ့ကိစ္စလို ဖြေရှင်းပေးသည်။ ကျေးဇူးကြီးစွာတင်မိရပါ၏။
လုပ်အားဒါန စိတ်ထားလှ
ကျောက်မီးအလယ်တန်းကျောင်းမှ ကျောင်းသားနှင့်စာသော်ဆရာက နည်းနေသည်။ အလယ်တန်းကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် တိုးလာသည်။ အလယ်တန်းကျောင်းသားများလာသောအခါ အလယ်တန်းပြဆရာတစ်ဦးတည်းနှင့် မနိုင်တော့ပါ။ ဆရာဦးလှမင်းက ကူသင်ပေးသည်မှာ မှန်သော်လည်း သူလည်း သူ့တာဝန်ဖြစ်သည့် တတိယတန်းကို သင်ရသေးသည်။
ကျွန်တော့်မှာလည်း အတန်း (၃)တန်း တာဝန်က ကြီးလာသောကြောင့် ကျောင်းအုပ်ချုပ်ရေးလုပ်ငန်းနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ လစ်ဟင်းလာသည်။ တိုင်းပညာဝန်ထံ ဆရာတိုးပေးရန် ပြောသေးသည်။ တိုင်းပညာဝန်လည်း မတတ်နိုင်။ ရှေ့နှစ်ကျောင်းဖွင့်ချိန်မှာ ပို့ပေးပါမည်ဆိုသော စကားနှင့်သာ ဖြေသိမ့်ရသည်။
ထိုအချိန်မှာ မမျှော်လင့်ဘဲ ကယ်တင်ရှင်တစ်ဦးရောက်လာသည်။ ကိုယ်ပိုင်ဂျစ်ကားကို ကိုယ်တိုင်မောင်း၍ ကျောင်းရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခြင်းဖြစ်သည်။
မန္တလေးတက္ကသိုလ်မှာ ကျောင်းအတူတက်ခဲ့သော မေဂျာတူ၊ အတန်းတူသူငယ်ချင်း ကိုတင်အေးမောင်ဖြစ်သည်။ ကျွန်တော်တို့အားလုံး သူ့ကို ‘‘ကိုလူအေး’’ ဟု ခေါ်ကြသည်။ သူက သိပ္ပံမောင်ဝ ဝတ္ထုထဲမှ ကိုလူအေးကိုသဘောကျ၍ သူ့ကိုယ်သူ ကိုလူအေးဟု မှတ်ယူထားသည်။
သူငယ်ချင်းများနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းတတ်သည်။ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိသည်။ စိတ်ကောင်းရှိသည်။ ကိုလူအေးဆိုသည့်အတိုင်း နာမည်နှင့်လိုက်အောင် အေးသည်။ သူတစ်ဖက်သားကို အားနာတတ်သည်။ သူကကူညီရလျှင် စေတနာရက်ရော၍ဖောဖောသီသီရှိသည်။ အကူအညီခံရသူက ကျေးဇူးတင်ရန်မလိုဟု ထင်ရအောင် လုပ်ပစ်တတ်သည်။ ကိုလူအေးသည် ကျေးဇူးတင်ခံချင်သူမဟုတ်ပါ။
မိဘများကလည်း ပြည့်ပြည့်စုံစုံရှိသည်။ ခရိုင်လယ်ဝန်အငြိမ်းစားဖြစ်သည်။ မန္တလေးမှာနေ၍ စီးပွားရေးလုပ်ငန်းများ လုပ်နေသည်။ သူ့အစ်ကိုက မိဘကို ကူညီ၍ စီးပွားရေးအဆင်ပြေသည်။ သားနှစ်ယောက်သာရှိသည်။ ကိုလူအေးကို မိဘနှစ်ပါးကရော အစ်ကိုကပါ ချစ်ခင်အလိုလိုက်ကြသည်။
ကိုလူအေး ကျောက်မီးကျောင်းသို့ ရောက်လာရသည်မှာ ကျောင်းဆရာဖြစ်နေသော ကျွန်တော်ခေါင်းလောင်းတီးသည်ကို ကြည့်ချင်သောကြောင့်ဟုဆိုသည်။
ကျွန်တော် ဝမ်းသာအားရရယ်မောရင်း သူ့ကို ရုံးခန်းထဲခေါ်ခဲ့သည်။ ကိုလူအေးက အတန်းထဲမှာ စာသင်နေကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြည့်ပြီး သဘောကျနေသည်။
‘‘ငါလည်း အဲဒီလို ကလေးတွေကို စာသင်ချင်လိုက်တာကွာ’’ ဟုပြောသည်။
ကြားရသောစကားကြောင့် -
‘‘ဟေ့ကောင်...ကိုလူအေး မင်းတကယ်ပြောတာလား’’
ကျွန်တော် ဝမ်းသာအားရ မေးလိုက်သည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၃)
No comments:
Post a Comment