ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
"လောကမှာ လူတစ်ကိုယ် ကံတစ်မျိုးနဲ့ လာတတ်တာပါပဲ။ တစ်နေရာမှာ တစ်ယောက်အဖို့ ပြည့်စုံနေရင် နောက်တစ်နေရာမှာ နောက်တစ်ယောက်အဖို့ မပြည့်စုံတာကို တွေ့ရပါလိမ့်မယ်။ အဲသည်လို မပြည့်စုံတာတွေကို အသင့်အတင့် နှလုံးသွင်းရင် သွင်းနိုင်အောင် ကြိုးစားခွင့်ရရင် အဆိုးထဲက အကောင်း ဖြစ်မှာပါပဲ။"
တစ်လတစ်လ ဆောင်းပါးစောင်ရေ အများကြီးရေးတတ်ကြတဲ့ စာရေးဆရာမ၊ ဆရာကြီးများ ဘယ်လိုအချက်အလက်စုဆောင်းလေ့ရှိသလဲဆိုတာ ကျွန်မတွေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဆောင်းပါးစောင်ရေ အတော်များများ ရေးလာတဲ့အချိန်မှာ မြင်သမျှ ကြားသမျှ အကျအပေါက်မရှိအောင် တွေးတဲ့အကျင့် ရေးဖို့စဉ်းစားတဲ့အကျင့် ပိုပြီး စွဲမြဲလာလို့ပဲ ဖြစ်ပါတယ်။ ကျွန်မရေးတာတွေကို ပေါ့တယ်လို့များ ထင်ကြမလားလို့လည်း တွေးမိပါတယ်။
ကျွန်မဟာ ဇမ္ဗူ့ရတနာစာစောင်မှာ စပြီးရေးကတည်းက လေးလေးနက်နက် ခံယူချက်ထားပြီးမှ ရေးတာဖြစ်ပါတယ်။ အခုလမှာလည်း ဘဝမှာ အေးချမ်းသာယာစွာ နေချင်ရင် ပတ်ဝန်းကျင်ကို ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကလေး မွေးပေးပါဆိုတာကို တင်ပြလိုပါတယ်။
ကျွန်မငယ်ငယ်တုန်းကတည်းက အမှတ်သည်းခြေအတော်ကြီးတဲ့ ကလေးလို့ ပြောတတ်ကြပါတယ်။ တစ်နေ့တော့ ကျွန်မတို့ ကြီးဒေါ်အိမ်ကို သူခိုးဝင်ပါတယ်။ စားအိုး၊ စားခွက်၊ ပန်းကန်ခွက်ယောက်ကုန်အောင် ပါသွားပါတယ်တဲ့။
အဲဒီနောက် မကြာခင်တစ်နေ့မှာ ကြီးဒေါ်တို့အိမ်ကိုသွားတော့ ကျွန်မတို့အိမ်က ပန်းကန်ကလေးတွေကို သုံးနေတာတွေ့ပါတယ်။ ကျွန်မက ကလေးပီပီ ‘‘ဟယ် ဒါကျွန်မတို့အိမ်က ပန်းကန်ကလေးတွေ’’လို့ ပြောလိုက်ပါတယ်။ ကြီးဒေါ်က မျက်စောင်းထိုးပြီး ‘‘ဘယ်ကလာ ဟုတ်ရမှာလဲ၊ ရှုပ်ရှုပ်ယှက်ယှက်’’ လို့ ပြောလိုက်ပါတယ်။ ကျွန်မကလည်း ကျွန်မတို့ပန်းကန်ဆိုတာ သေချာနေတော့ စိတ်တိုတာပေ့ါ။ အဲဒါနဲ့ အိမ်ကိုပြန်လာပြီး အမေ့ကို မေးပါတယ်။ အမေက "ဟုတ်တယ်။ သူခိုးနောက် အကုန်ပါသွားလို့ အမေက ပေးထားတာလို့ ပြောပါတယ်။
ကျွန်မက ‘‘ဒါနဲ့ ကြီးဒေါ်က အမှန်မပြောဘူး။ အမေကလည်း ဘာလို့ သူများကို ကိုယ့်ပစ္စည်းတွေ ပေးလိုက်ရတာလဲ’’လို့ မေးလိုက်ပါတယ်။ အမှန်ကတော့ ကြီးဒေါ်က ‘‘ဒါ သမီးတို့အိမ်က ပန်းကန်တွေ ဟုတ်ပါတယ်’’ လို့ ပြောလိုက်ရင် ကျွန်မအတွက် ဖြေသာမှာပေါ့လေ။ ကလေးဆိုပြီး အထက်စီးနဲ့ပြောလိုက်လို့ ပိုပြီး စိတ်တိုသွားတာပါ။
ကျွန်မအမေက ‘‘သမီး၊ လောကမှာ ကိုယ်ကပေးရတာက မျက်နှာမငယ်ဘူး၊ တောင်းတဲ့သူဖြစ်ရင် မျက်နှာငယ်မှာ သေချာတယ်။ ကြီးဒေါ်လည်း သူမျက်နှာငယ်နေတာကြောင့် သမီးပြောတဲ့စကားကို မှန်လျက်သားနဲ့ ငြင်းလိုက်တာပါ။ အဲဒီအတွက် သူ့ကို ခွင့်လွှတ်လိုက်ပါ။ ပြီးတော့ အခုလို ကိုယ်ကပေးရတဲ့အတွက် ကံကောင်းလိုက်တာ၊ ကံကောင်းအောင် ဖြည့်ဆည်းခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်လိုက်တာလို့ တွေးလိုက်ပါ’’လို့ပြောပါတယ်။
![]() |
ဓာတ်ပုံ - mmbookcity.com |
အဲဒီတုန်းက အမေပြောတဲ့စကားကို သိပ်နားမလည်လှပေမယ့် အမှတ်သည်းခြေကြီးတဲ့သူပီပီ အဲဒီအဖြစ်နဲ့ ဒီစကားကို အမှတ်ရနေပါတယ်။ အင်း အမှတ်သည်းခြေကြီးတဲ့သူဖြစ်ရတာ ဒီနေရာမှာတော့ အတော်ကောင်းပါတယ်။
ဘဝတစ်လျှောက်လုံးမှာ တကယ်တမ်း ကိုယ်လိုချင်သလိုဖြစ်ပြီး ပျော်မွေ့နေတယ်ဆိုတဲ့အချိန် ရှားပါးတယ်။ ဒါပေမဲ့ ကိုယ်လိုချင်သလိုသာ လူတိုင်းအတွက် ဖြစ်နေရင် လောကကြီးဟာ အခုထက်ပိုပြီး ဟန်ချက်တွေ ပျက်ကုန်တော့မှာပါပဲ။
အဲဒီတော့ ကျွန်မတို့အနေနဲ့ အချို့ကိစ္စတွေဟာ ပြောင်းလဲမပစ်နိုင်တဲ့အတွက် အရှိကို အရှိအတိုင်းပဲ လက်ခံရမယ်။ ပြောင်းလဲပစ်နိုင်တဲ့ အရာကိုတော့ သတိဝီရိယထားပြီး ပြောင်းလဲပစ်နိုင်အောင် ကြိုးစားရမယ်လို့ ထင်ပါတယ်။
တစ်ခုတော့ရှိပါတယ်။ ဘယ်အရာဟာ အရှိကို အရှိအတိုင်း လက်ခံရမယ့်အရာ၊ ဘယ်အရာဟာ ပြောင်းလဲပစ်လို့ ရနိုင်တဲ့အရာဆိုတာကို ခွဲခြားနိုင်ရမယ် ဖြစ်ပါတယ်။
ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်အကြောင်းကို ပြောရင်းက ပြောင်းလဲပစ်နိုင်တဲ့အရာနဲ့ ပြောင်းလဲမပစ်နိုင်တဲ့အရာ နှစ်မျိုးအကြောင်းကို ရောက်သွားရတာက တကယ်လို့သာ မိမိရင်ဆိုင်ရတဲ့ အရာအားလုံးကို မိမိလိုသလို ပြုပြင်ဖန်တီးလို့ရမယ်ဆိုရင် ကျွန်မတို့မှာ လိမ္မာခွင့် ဘယ်မှာရှိပါ့မလဲ။
ကျွန်မကတော့ ကျွန်မရဲ့ ဉာဏ်တစ်မိုက်တစ်ထွာလောက်နဲ့ တွေးတောမိပါတယ်။ တကယ်လို့သာ ကိုယ်လိုသလို အကုန်လုံးဖြစ်ပြီး လိုတရနေရင် စိတ်မချမ်းမသာဖြစ်စရာ ဘာမှမဖြစ်ရင် မြတ်စွာဘုရားဟောကြားတဲ့ ဒုက္ခတရားဆိုတာ မှားသွားမှာပေ့ါ။ မြတ်စွာဘုရားစကားဆိုတာ ဘယ်တော့မှ မမှားပါဘူး။ အဲဒီတော့ ဒါဟာ သဘာဝတရားပဲ၊ ဒုက္ခတရားဆိုတဲ့ သဘာဝကို ငါတစ်ယောက်တည်း ရင်ဆိုင်ရတာ မဟုတ်ပါဘူး။ အဲဒီတော့ အေးချမ်းစွာရင်ဆိုင်လိုက်ပေတော့လို့ ကိုယ့်ဘာသာကိုယ် သတိပေးလိုက်ရပါတယ်။
ဒုက္ခတရားတင် မကပါဘူး။ အနိစ္စတရား၊ အနတ္တတရားဆိုတာတွေကိုလည်း သိပ်ပြီးလေးလေးနက်နက် တရားသဘောနဲ့ နားမလည်နိုင်တဲ့တိုင်အောင် မိမိမှာ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တွေကို သေသေချာချာပြန်ပြီး စဉ်းစားရင်း သဘောပေါက်နိုင်ပါတယ်။
ကျွန်မက အမှတ်သည်းခြေကြီးလေတော့ မနှစ်က ဒီအချိန်မှာ ငါသိပ်ပျော်ခဲ့တာပေ့ါ။ ဒီနှစ်မှာတော့ နေလို့သာနေရ၊ သိပ်မပျော်တော့ပါ့ကလားလို့ တွေးမိတတ်တာရှိသလို ဟိုးတစ်နှစ်တုန်းက ငါ့မှာ အလုပ်တွေသာ လုပ်နေရတယ်။ အောင်မြင်မှုလမ်းစဆိုတာ သဲ့သဲ့တောင်မှ မမြင်ခဲ့ရပါဘူး။ အခုတော့လည်း အောင်မြင်လိုက်တာ အလွန့်ကို ဆင်းရဲတာပဲလို့ တွေးမိတတ်ပါတယ်။
ဒီစာပိုဒ်ကလေးကို ဖတ်ရင်း စာရှုသူက ဘယ်နှယ့်လဲလို့ တွေးပြီး ပြန်ဖတ်ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်မှုတိုင်းဟာ ချမ်းသာသုခကို မဆောင်ပါဘူး။ မအောင်မြင်ခင်တုန်းက အောင်မြင်ရင် သိပ်ပြီး စိတ်ချမ်းသာမယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီလို ထင်ခဲ့တာ တကယ်အောင်မြင်တော့ ထင်သလောက် မဟုတ်ပါဘဲကလားဆိုတာ သိလာရပါတယ်။ အောင်မြင်မှုမှာလည်း သူ့ဟာနဲ့သူ ပေးဆပ်နေရပါတယ်။
အဲသည်လို လောကဓံကို ပြောင်းပြန်ခံစားရင်း တစ်နေ့ထက်တစ်နေ့ တွေ့တွေ့လာရတဲ့ အကြောင်းတရား၊ အကျိုးတရားများဟာ တကယ်တော့ ကျွန်မတို့ကို ပိုမိုအရည်အသွေးတက်စေတဲ့အတွက် ကျေးဇူးတင်စရာကောင်းတယ်လို့ မှတ်ပါရဲ့။ ယူကြရမယ်ဖြစ်ပါတယ်။
ကျွန်မဟာ အလွန်သောကရောက်တတ်တဲ့သူဖြစ်ပါတယ်။ အလွန်လည်း ဒေါသကြီးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အသက်ကစကားပြောလို့ ထင်ဒေါသဖြစ်ရတာ ပူလောင်လိုက်တာလို့ ထင်ထင်ရှားရှားကြီး သိလာပါတယ်။ အဲဒီဒေါသကို အရင်တုန်းကတော့ ပါးစပ်က စကားပြောရင်း ပိုပိုပြီး ပွားစေခဲ့ပါတယ်။ မခံချင်လို့ ပြောရင်းပြောရင်း ဒေါသက ပွပွပြီးလာတတ်တာကိုး။ အခုတော့ စကားစပ်ပြီး ပြောမယ့်သူ တွေ့ရင်တောင်မှ ကိုယ်က ကဲ ကဲ ဒါတွေမပြောကြပါနဲ့လို့ ပြောရင်း စကားကို လက်စသတ်လိုက်ပါတယ်။ အဲဒီလိုဖြစ်လာတာ တော်လို့ လိမ္မာလို့ မဟုတ်ပါဘူး။ ခံရတာများလွန်းလို့ ဖြစ်တာပါပဲ။
သောကဖြစ်ရင်တော့ အရင်တုန်းကဆိုရင် အဆုံးစွန်အထိ တွက်တတ်ပါတယ်။ အိမ်က လူတစ်ယောက်ယောက် ကားနဲ့ထွက်သွားလို့ တော်တော်နဲ့ ပြန်မလာရင်တော့ အသေပဲတွက်လိုက်တာပါပဲ။ နောက်ကြာလာတဲ့အခါမှာ သြော် ငါက အကောင်းကို မျှော်လင့်တိုင်းလည်း ကောင်းတာဘယ်နှခါဖြစ်လို့လဲ၊ မကောင်းတာကို တွေးရင်လည်း မကောင်းတာ ဘယ်နှခါ ငါတွေးသလို ဖြစ်လို့လဲလို့ တွေးရပါတယ်။ အဲသည်လိုသောကပြေပျောက်အောင် တရားနာတာတို့၊ ပရိတ်ရွတ်တာတို့နဲ့ စိတ်ကို ထိန်းရပါတယ်။
လောကမှာ လူတစ်ကိုယ် ကံတစ်မျိုးနဲ့ လာတတ်တာပါပဲ။ တစ်နေရာမှာ တစ်ယောက်အဖို့ ပြည့်စုံနေရင် နောက်တစ်နေရာမှာ နောက်တစ်ယောက်အဖို့ မပြည့်စုံတာကို တွေ့ရပါလိမ့်မယ်။ အဲသည်လို မပြည့်စုံတာတွေကို အသင့်အတင့် နှလုံးသွင်းရင် သွင်းနိုင်အောင် ကြိုးစားခွင့်ရရင် အဆိုးထဲက အကောင်းဖြစ်မှာပါပဲ။
အမေပြောခဲ့သလိုပါပဲလေ။ ကိုယ်က တောင်းရမှာထက် ကိုယ်က ပေးရမှာကိုပဲရရ ပြည့်စုံပါတယ်လို့ မပြောနိုင်သေးပါဘူး။ သူတော်ကောင်းများဟာ လောကီဆုကို တောင်းလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်းလို့ ရလာရင်လည်း ရလာတာနဲ့ဒုက္ခက ကပ်ပါဦးမှာကိုး။ အဲဒီတော့ ဆုအပိုတောင်းမနေတော့ပါဘူး။
တစ်ဖက်ကလည်း ကျေးဇူးတင်တဲ့စိတ်နဲ့ တွေးရပါဦးမယ်။ အဲဒါကတော့ လူ့ဘဝကိုလည်းရတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရဲ့ အဆုံးအမကိုလည်း ခံယူနိုင်တယ်။ ကျေးဇူးတင်စရာပဲ။ နို့မဟုတ်ရင် လောကသံသရာမှာ လူ့ဘဝကို ခဏအလည်လာ ဖြစ်နေဦးမယ်လို့ တွေးလိုက်မိပါသေးတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၉)
No comments:
Post a Comment