August 16, 2020

လွှတ်တော်အတွက် ရွေးကောက်ပွဲမဲပေးမှု ဘာကြောင့်အရေးပါရသလဲ

ထူးကျော်ဝင်း  

“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လိုချင်နှစ်သက်တဲ့ အစိုးရတစ်ရပ်ကို နိုင်ငံအတွက် စီမံခန့်ခွဲအုပ်ချုပ်ပေးဖို့အတွက် တွန်းတင်ပေးနိုင်ဖို့က လက်ရှိစနစ်အရဆို လွှတ်တော်ထဲ အမတ်နေရာအများစုရမှ ဖြစ်တာမို့ ရွေးကောက်ပွဲမှာ မဲပေးမှုက အလွန်အရေးပါတဲ့ အနေအထားမှာ ရှိနေတာပါ”

        ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မဲဆန္ဒနယ်တွေမှာ  အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် အားလုံးကို ထုတ်ပြန်ကြေညာလိုက်တာပါ။ ဒီလိုပါပဲ တခြားဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးကလည်း ခုချိန်ဆို ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်သတ်မှတ် ထုတ်ပြန်ကြပြီး ဖြစ်ပါတယ်။ ဒီတော့ ကိုယ်စားလှယ်လောင်းတွေ တရားဝင် မဲဆွယ်စည်းရုံးရမယ့် ကာလကို ရောက်ရှိလာတော့မှာပါ။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကလည်း ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ၂၁ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားမယ့်အကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီရက်အတောအတွင်း မဲဆန္ဒရှင်တွေဟာ ကိုယ့်နာမည် မဲစာရင်းမှာ ပါ၊ မပါ လာရောက်ကြည့်ရှု စစ်ဆေးရင်း လုပ်ငန်းစဉ် ၃ မျိုးကို ဆောင်ရွက်နိုင်တယ်လို့ ကြေညာချက်ထဲမှာ ပါဝင်တာတွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကတော့ -

        (က)    မိမိအမည် မဲစာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း။

        ( ခ )    မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း။

        ( ဂ )    မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စတာ တွေပဲဖြစ်ပါတယ်။ 

        လိုအပ်တဲ့ပုံစံတွေကိုလည်း ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် အခမဲ့(အခမဲ့) ရယူနိုင်တယ်လို့ ကြေညာထားပါတယ်။ အောက်တိုဘာလထဲမှာတော့ နောက်ထပ် ၁၄ ရက် မဲစာရင်းထပ်မံကပ်ပြီးကြေညာပေးဦးမှာဖြစ်တဲ့အပြင် အဲ့အခါကျလည်း ခုနလိုပဲ လုပ်ငန်းစဉ် (၄)ခုနဲ့ တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုတွေကို ထပ်မံပြုလုပ်နိုင်ဦးမှာ ဖြစ်တယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အိမ်ထောင်စု တစ်ခုက အနည်းဆုံးတစ်ဦး မပျက်မကွက် မဲစာရင်းကို လာရောက်စစ်ဆေး ကြည့်ရှုကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။ 

        စာရေးသူအနေနဲ့ ရှေ့က ရက်သတ္တပတ်တွေတုန်းက ဒီစာစောင်ထဲမှာ မဲပေးဖို့လိုတဲ့အကြောင်း၊ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအကြောင်၊ မဲပေးကြရတော့မယ့်အကြောင်းတွေကို ရေးသားခဲ့ပါတယ်။ အခုတစ်ခါတော့ မဲပေးတာဟာ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်နေရာအများစုရဖို့အတွက် မဲပေးဖို့လိုအပ်တာချည်းမဟုတ်ဘဲ အစိုးရတစ်ရပ်မှာ တခြားသော မဏ္ဍိုင်ကြီးတွေ၊ လုပ်ငန်းကဏ္ဍတွေနဲ့အတူ ပူးပေါင်းချိတ်ဆောင်ရွက်ဖို့ပါ လိုအပ်တဲ့အကြောင်း အကြမ်းဖျင်း ဆွေးနွေးကြည့်ပါ့မယ်။ ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာရပ် ယေဘုယျအား ဖြင့် (၆)ရပ်ရှိတယ် -

        (က)    ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရှိရမယ်

        ( ခ )    အဲဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အများပြည်သူကနေ ရွေးချယ်ခန့်အပ်နိုင်ဖို့အတွက် ကျင်းပပေးရတဲ့ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပနိုင်ရမယ် (နိုင်ငံရေးစနစ်အပေါ်မူတည်ပြီး သမ္မတရွေးကောက်ပွဲ၊ အထွေထွေရွေးကောက်ပွဲဆိုပြီး ဒီမိုကရေစီနိုင်ငံချင်းကြား ကွဲပြားနိုင်တယ်)

        ( ဂ )    အများပြည်သူ့လွတ်လပ်ခွင့်ကို ပေးအပ်ထားရမယ်

        (ဃ)    တရားဥပဒေ စိုးမိုးမှုရှိရမယ်

        ( င )    လွတ်လပ် အမှီအခိုကင်းတဲ့ တရားစီရင်ရေးစနစ် ရှိရမယ်

        ( စ )    ကောင်းမွန်စွာနဲ့ စုစည်းတည်ထောင်ထားတဲ့ အတိုက်အခံအုပ်စု ဒါမှမဟုတ် နိုင်ငံရေးပါတီ(တွေ)ရှိရမယ်တို့ဖြစ်တယ်။ ဒီလိုအချက်တွေညီညွတ်မှ ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီစံနှုန်းတွေနဲ့ ကိုက်ညီမှုများလေ၊ အဲဒီနိုင်ငံမျိုးကို ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ပြောဆိုဖို့ ရာခိုင်နှုန်းများလေပေါ့။ ဒီဝိသေသလက္ခဏာရပ်တွေထဲမှာ လွှတ်တော်လို့ခေါ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ် ရေမဏ္ဍိုင် ၃ ခုနဲ့ ဒွေးရောယှက် တင်ဖြစ်နေတာကို တွေ့ရမှာဖြစ်တယ်။ 

ဓာတ်ပုံ - International IDEA Myanmar

        ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူက မဲပေးတာဟာ လွှတ်တော်ကို မဲပေးတာမျိုးလောက် မဟုတ်ပါဘူး။ အမှတ်တမဲ့ကြည့်လိုက်ရင် လွှတ်တော်ရဲ့ အခန်းကဏ္ဍကသာ သိသာထင်ရှားပြီး အရေးပါဆုံးလို ဖြစ်နေတတ်ပါတယ်။ အမှန်တော့ ပါတီတစ်ရပ်ဟာ လွှတ်တော်ထဲ ကိုယ်စားလှယ်နေရာ အများဆုံးရမှသာ အစိုးရဖွဲ့ခွင့်ရပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်ဖို့ ပြည်သူက အာဏာအပ်နှင်းခံရမှာဖြစ်လို့ ရွေးကောက်ပွဲက အရေးပါဆုံးဖြစ်နေတာပါပဲ။ အစိုးရဖွဲ့ခွင့်ရရေးအတွက် လွှတ်တော်ထဲ အမတ်နေရာအတွက် အဓိကယှဉ်ပြိုင်ကြရတယ်ဆိုပေမဲ့ ရွေးကောက်ပွဲပြီးတာနဲ့ အာဏာရပါတီဟာ နိုင်ငံကို မောင်းနှင်အုပ်ချုပ်စီမံပြီဆိုရင် အုပ်ချုပ်ရေးပိုင်းက အရေးကြီးဦးပိုင်းကို ရောက်လာပြီလို့ ဆိုနိုင်တယ်။ သမ္မတ၊ ဒုသမ္မတတွေနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေကို တာဝန်ယူ ထိန်းကွပ်ဦးဆောင်ရမယ့် ဝန်ကြီးချုပ်တွေဟာ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတာဝန်တွေကို လက်တွေ့အကောင်အထည်ဖော် မောင်းနှင်ရမယ့်သူတွေ ဖြစ်သွားပါပြီ။ လွှတ်တော်ဟာ အဲ့အခါကျ သူ့မူလတာဝန် ‘ဥပဒေပြုရေး’ကို ပိုအဓိကထား လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီတစ်ခုတည်းကိုချည်း လုပ်ရမယ်တော့ မဆိုလိုပါဘူး။ အဓိကတာဝန်၊ မျက်ခြေမပြတ်ရမယ့် တာဝန်ဆိုတာကို ပြောလိုရင်းပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “အခန်း(၄) ဥပဒေပြုရေး”ဆိုတဲ့ အခန်းမှာ ပုဒ်မ-၇၄ ကနေ ပုဒ်မ-၁၂၁ အထိ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်၊ တာဝန်ဝတ္တရားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ လွှတ်တော်အလိုက် တာဝန်တွေကို ပြဌာန်းထားပါတယ်။ 

        ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ဒီမဏ္ဍိုင်ကြီးခုဟာ တစ်ခုထက်တစ်ခု ပိုမြင့်မားတဲ့ နေရာမှာ ရှိနေတာကြတာမဟုတ်ပါဘူး။ အာဏာရှင်စနစ်တွေမှာဆို အာဏာရှင်တစ်ဦးတည်းက ဒါမှမဟုတ် အာဏာရှင်နဲ့အတူ အုပ်စုတစ်ခုတည်းကနေ ဒီမဏ္ဍိုင်ကြီးသုံးရပ်ကို ထင်သလို ခြယ်လှယ်ချုပ်ကိုင်တာဖြစ် တယ်။ ဒီမိုကရေစီနည်းကျ လည်ပတ်အလုပ်လုပ်နေတဲ့ နိုင်ငံရေးစနစ်မှာတော့ ဒီလိုမဟုတ်။ အပြန်အလှန်ထိန်းကျောင်း ရပ်တည်ရင်း ကိုယ့်မူလတာဝန် အရင်းအမြစ်ကို ဖော်ဆောင်ကြရပါတယ်။ ဥပမာ လွှတ်တော်ထဲ အဆိုတင်သွင်း ဆွေးနွေးငြင်းခုံပြီးလို့ ဥပဒေတစ်ခုကို မဲခွဲဆုံးဖြတ်အတည်ပြုပြီဆို နောက်ဆုံးအဆင့်မှာ အုပ်ချုပ်ရေးကဏ္ဍရဲ့ အကြီးအကဲလည်းဖြစ်၊ နိုင်ငံ့ဦးသျှောင်ဖြစ်တဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးမှသာ အဲဒီဥပဒေက အတည်ဖြစ်ပါတယ်။ ဒါကိုက အပြန်အလှန် ပြန်ထိန်းညှိထားမှုကို ပြသတာဖြစ်ပြီး မဏ္ဍိုင်တစ်ခုတည်းက ထင်ရာလုပ်လို့မရတာကို သေချာစေတာလည်းဖြစ်တယ်။ အဲလိုပါပဲ သမ္မတကနေ တိုက်ရိုက်အကြံပြုတင်သွင်းတဲ့ ဥပဒေကြမ်းကိုလည်း လွှတ်တော်က ပယ်ချနိုင်ပါတယ်။ ယုတ်စွအဆုံး သမ္မတကိုတောင် လွှတ်တော်ကနေ စွပ်စွဲပြစ်တင်တဲ့ အဆိုတင်ပြီး အများသဘောတူညီရင် ရာထူးကနေ ချပစ်နိုင်တယ်။ ဒီမိုကရေစီရဲ့ လှပတဲ့အနှစ်သာရသဘောတွေပါ။ 

        အဂတိကင်းတဲ့၊ အမှီအခိုကင်း လွတ်လပ်တဲ့ တရားစီရင်းရေးစနစ် တစ်နည်းအားဖြင့် မဏ္ဍိုင်တစ်ရပ်ရှိခြင်းက နိုင်ငံ့ကျက်သရေလို့တောင် တင်စားခေါ် ဝေါ်နိုင်ပါတယ်။ နိုင်ငံတွင်းက လူမှုအသိုင်းအဝန်းထဲ အများပြည်သူဟာ တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတတ်ဖို့က တရားစီရင်ရေးစနစ် တိကျ မှန်ကန် ကောင်းမွန်မှုပေါ်  မူတည်ပါတယ်။ မတရားမှုတွေ၊ ပြစ်မှုအမှန်တကယ် ကျူးလွန်သူတွေကို စစ်ဆေးအရေးယူမှုမလုပ်နိုင်ဘူးဆိုရင် အများပြည်သူဟာ အမှန်တရားနဲ့ တရားမျှတမှုပေါ် တန်ဖိုးထားမှု လျော့ကျသွားမှာ ဖြစ်တယ်။ မယုံကြည် မကိုးစားရတဲ့၊ တရားမျှတမှုကို ရှာဖွေမပေးနိုင်တဲ့ တရားရေးစနစ်ရှိနေတဲ့ နိုင်ငံဟာ လူမှုစီးပွား တည်ငြိမ်ဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ဝိသေသလက္ခဏာရပ်တွေထဲ တရားဥပဒေ စိုးမိုးမှုရှိတာက အဓိကကျတဲ့အချက်အနေနဲ့ တိတိကျကျ ပါဝင်နေတာ ဖြစ်တယ်။ ချုပ်ပြောရရင်တော့ မဏ္ဍိုင်ကြီး ၃ ရပ် ဟာ သူ့နေရာနဲ့သူ အရေးပါနေပြီး တစ်ခုကိုတစ်ခု ကျော်လွန်လုပ်ဆောင်တာမျိုး မရှိဖို့လည်း သတိပြုရပါတယ်။ ဒါမှသာ ဒီမိုကရေစီ ရှင်သန်ခိုင်မာမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လိုချင်နှစ်သက် တဲ့ အစိုးရတစ်ရပ်ကို နိုင်ငံအတွက် စီမံခန့်ခွဲအုပ်ချုပ်ပေးဖို့အတွက် တွန်းတင်ပေးနိုင်ဖို့က လက်ရှိစနစ်အရဆို လွှတ်တော်ထဲ အမတ်နေရာအများစုရမှ ဖြစ်တာမို့ ရွေးကောက်ပွဲမှာ မဲပေးမှုက အလွန်အရေးပါတဲ့ အနေအထားမှာ ရှိနေတာပါ။ ဖွဲ့စည်းပုံအရဆို ပြည်ထောင်စုလွှတ်တော်ထဲက ကိုယ်စားလှယ်နေရာ အရေ အတွက်က ပိုပြီး အဆုံးအဖြတ်ဖြစ်စေတဲ့ သဘောရှိပါတယ်။ ဒါတွေကြောင့် လွှတ်တော်ဟာ ပိုအရေးပါနေသလို ဖြစ်နေတာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဤဆောင်းပါးသည် စာရေးသူ၏  အတွေးအမြင်သာ ဖြစ်ပါသည်)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆)


No comments:

Popular Posts