ကိုရဲ (စိုက်ပျိုးရေး)
သီးနှံစိုက်ပျိုးရေးတွင် မြေကြီးကို အခြေပြု၍ အဓိကစိုက်ပျိုးနေကြရသည်ဖြစ်ရာ မြေသြဇာကောင်းမွန်မှုတွင် သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာတို့ကို မဖြစ်မနေ နှစ်စဉ်အသုံးပြုသင့်ကြပါသည်။
ဘောစကိုင်းပင်သည် အပူပိုင်းဇုန်နှင့် ပို၍ကိုက်ညီသော သစ်စိမ်းမြေသြဇာရနိုင်သည့်အပင်ဖြစ်သည်။ ပဲမျိုးနွယ်ဝင်အပင်ဖြစ်၍ မြေသြဇာရရှိသည်။ အချို့ဒေသများတွင် အဝေရာပင်ဟုခေါ်ကြသည်။ အညာနှင့် မြေလတ်ဒေသတွင် ပေါက်ရောက်မှု များပြားပါသည်။ အချို့သောမြို့နယ်များတွင် ထင်းစိုက်ခင်းအဖြစ် ဧကများများ စိုက်ပျိုးထားရှိကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များရှိ ကျေးရွာများတွင် ထင်းအဖြစ် နှစ်နှစ်တစ်ခါ ခုတ်လှဲကြသည်။ အများစုသည် ထင်းအဖြစ်သုံးကြပြီး အရွက်ကို ပြုတ်၍ဖြစ်စေ၊ အစိမ်းဖြစ်စေ၊ ငပိရည်၊ ငံပြာရည်နှင့် တို့မြှုပ်စားကြသည်။ ရွာများတွင် ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြသည်။ ကျွဲနွားအစာအဖြစ် အရွက်ကို ကျွေးကြသည်။ စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အသုံးနည်းကြသည်။ တကယ်တော့ ဘောစကိုင်းပင်သည်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း နှစ်မျိုးစလုံးအတွက် အကျိုးပြုအပင်ဖြစ်သည်။
![]() |
ဓာတ်ပုံ - pissaya.info |
ဘောစကိုင်းမျိုးကွဲပေါင်း ၃၄၁ မျိုးရှိပြီး ယင်းတို့ထဲမှ ၁၂ မျိုးသည် အသုံးဝင်မှုများသည်။ အာဆီယံနိုင်ငံများတွင် ဘောစကိုင်းပင်ကို စိုက်ပျိုးရေးနှင့် မွေးမြူရေး၌ မြေသြဇာ၊ တိရစ္ဆာန်အစာနှင့် ဒေသစိမ်းလန်းရေးအတွက် အသုံးချနေသည်မှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ မူလဒေသပေါက်ရောက်မှုသည် အမေရိကတိုက်၊ အလယ်ပိုင်းဒေသဖြစ်သည်။ ၁၆ ရာစုတွင် စပိန်လူမျိုးများသည် အမေရိကတိုက်၊ မက္ကစီကိုနိုင်ငံမှ တိရစ္ဆာန်အစာကျွေးရန် မျိုးယူသယ်ဆောင်ခဲ့ကြသည်။ ဘောစကိုင်းပင်မှာ ချုံပုတ်အရွယ် အပင်မျိုးနှင့် အပင်ကြီးမျိုးဟူ၍ ရှိသည်။ အပင်ကြီးမျိုးသည် ပေ ၄ဝ၊ ပေ ၆ဝ ရှိသည်။
အမြဲစိမ်းသော အပင်တစ်ပင်တည်းမှ ဘက်စုံအကျိုးပြုသော အပင်ဖြစ်၍ စိုက်ပျိုးရေးတွင် သစ်စိမ်းမြေသြဇာနှင့် လေကာပင်၊ အရိပ်ပင်၊ မီးတားတန်းပြုလုပ်ပင် ဖြစ်သည်။ တိရစ္ဆာန်မွေးမြူရေးတွင် အစာ၊ လူတို့အတွက် ထင်း၊ အိမ်ဆောက်ရန် သစ်သား၊ စက္ကူပြုလုပ်ရန် ပျော့ဖတ်ရရှိသည်။ ကြီးထွားမှုမြန်ပြီး မြေကြမ်း၊ မြေညံ့တွင်လည်း ပေါက်ရောက်သည်။ ရေကြောင့်၊ လေကြောင့် မြေတိုက်စားမှုမခံရရန် စိုက်ပျိုးနိုင်သောအပင်ဖြစ်သည်။
ဘောစကိုင်းပင်၏ ထူးခြားချက်မှာ အပင်မြင့်၍ အကြီးမြန်သကဲ့သို့ အမြစ်ကလည်း မြေကြီးထဲသို့ နက်နက်ဆင်းသည်။ နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု ၄ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ ဘောစကိုင်းအရွက်ခြောက် ပေါင် ၁ဝဝ တွင် နိုက်ထရိုဂျင်ဓာတ် ၄ ဒသမ ၃ ပေါင်ရှိသည်။ ဘောစကိုင်းပင်သည် အခြားသစ်စိမ်းမြေသြဇာပင်များကဲ့သို့ ဆွေးမြည့်မှုကို စောင့်ဆိုင်းရန်မလိုဘဲ သီးနှံစိုက်ပျိုးနိုင်သည်။
ကမ္ဘာပေါ်တွင် မြေသြဇာရနိုင်ပြီး စျေးသက်သာသော သဘာဝမြေသြဇာမှာ ဘောစကိုင်းပင်ဖြစ်လာမည်ဟု သုံးသပ်ခဲ့ကြသည်။ ပြောင်းဖူးစိုက်ခင်းတွင် ဘောစကိုင်းပင်များ အတန်းကြား၌ စိုက်ပျိုး၍ တစ်လတစ်ကြိမ် ဘောစကိုင်းပင်ကို အမြင့်တစ်ပေချန်ပြီး အကိုင်းအခက်များ ခုတ်၍ ပြောင်းပင်အခြေ၌ စုပုံထားရာ ပြောင်းအထွက် နှစ်ဆရှိသည်ဟု ပြည်ပနိုင်ငံအချို့၏ သုတေသနက ဖော်ပြသည်။ တိရစ္ဆာန်အစာအဖြစ် ကျွေးရာတွင် အသားဓာတ် ၂၆ ရာခိုင်နှုန်းပါရှိပြီး အရွက်တွင် အယ်ကာလွိုက်၊ မီမိုဆင်းဓာတ်တစ်မျိုးပါရှိ၍ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ငါးမွေးမြူရေးတွင် သုံးကြသည်။ နို့စားနွားမများကို အစာနှင့် အရွက် ရောနှောကျွေးက နို့ထွက်တိုးသည်ဟု ဖော်ပြကြသည်။ အချို့တိရစ္ဆာန်များတွင် မီမိုဆင်းဓာတ်ပါဝင်မှု လျော့နည်းစေသော အရွက်အခြောက်ကျွေးခြင်းဖြင့် စားမြုံ့ပြန်တိရစ္ဆာန်များအတွက် အမွေးကျွတ်မှုကို သက်သာစေပြီး မျိုးအောင်မြင်မှုတို့ကို ကောင်းမွန်စေကြောင်း သိရှိရသည်။
ဘောစကိုင်းပင်သည် အရိပ်ရပင်၊ ထင်းရရှိသောအပင်သာမက စိုက်ပျိုးရေးတွင် သစ်စိမ်းမြေသြဇာကောင်းကောင်းရရှိသောအပင်၊ မွေးမြူရာတွင် အစာကောင်းရရှိသော အပင်ဖြစ်သည်။ သို့ဖြစ်ရာ ဘောစကိုင်းပင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုလည်း အကျိုးပြုသောအပင်ဖြစ်သောကြောင့် စိုက်ကြ၊ ပျိုးကြ၊ မြေကောင်းအောင်၊ မြေမပျက်စီးအောင် ထိန်းသိမ်းကြပါဟု နှိုးဆော်လိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၁)
No comments:
Post a Comment