August 28, 2020

တိုင်းရင်းကြက်များမွေးမြူခြင်းနှင့် အာဟာရဓာတ်ရရှိနိုင်မှု

နေဝင်းလွင် (မွေး/ကု)

        ဒေသခံကြက်မျိုးများဖြစ်သည့် တိုင်းရင်းကြက်များ မွေးမြူရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ၏ ကျေးလက်ဒေသနေလူထု၏ စီးပွားရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်နေပါသည်။ တိုင်းရင်းကြက်များ မွေးမြူမှုမှ ကျေးလက်ဒေသရှိ လူထုအတွက် အပိုဝင်ငွေရရှိနိုင်မှုနှင့် ထွက်ရှိသည့် ကြက်သားနှင့် ကြက်ဥတို့မှ မြင့်မားသည့် အာဟာရဓာတ်များလည်း ပေးစွမ်းနိုင်ပါသည်။ တစ်ဖက်မှလည်း အလုပ်မရှိသည့် မိသားစုဝင်လူငယ်များနှင့် အမျိုးသမီးများအတွက် ဤလုပ်ငန်းမှ တိုင်းရင်းကြက်များမွေးမြူခြင်းနှင့် ရရှိလာမည့် အာဟာရဓာတ်များ၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမည်ဖြစ်ပါသည်။ တိုင်းရင်းကြက်မွေးမြူရေး၏ ထင်ရှားသည့်အချက်တစ်ချက်မှာ ကျေးလက်နေလူထု၏ လူနေမှုဘဝအတွက် အရေးပါသည့် အရေးပေါ်ငွေလိုအပ်မှုအား ဖြေရှင်းပေးနိုင်ခြင်းပင် ဖြစ်ပါသည်။

ဓာတ်ပုံ - shorthand.uq.edu.au.com

        ဒေသခံတိုင်းရင်းကြက်မျိုးများအနေဖြင့် အပူပိုင်းဒေသရာသီဥတုအား လိုက်လျောညီထွေစွာ ရှင်သန်နိုင်ပြီး ဒေသဆိုင်ရာရောဂါများအား ခံနိုင်စွမ်းရှိ၏။ ၄င်းတို့၏ အမွေးအတောင်၊ အရောင်များက ၄င်းတို့၏ ရန်သူများဖြစ်သော စွန်၊ သိန်းငှက်၊ ကျီးကန်း စသည့် သတ္တဝါများ အန္တရာယ်များမှ ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။

        တိုင်းရင်းကြက်များအနေဖြင့် ထုတ်လုပ်မှုနိမ့်ကျသော်လည်း မွေးမြူသည့်ဒေသ၏ ရာသီဥတုအား ခံနိုင်စွမ်းရှိပြီး ပုံမှန်မဟုတ်သည့် အစာကျွေးမွေးမှု၊ ရေသောက်သုံးရမှုနှင့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုအနိမ့်ဆုံး အဆင့်မြင့်ထုတ်လုပ်မှုပေးနိုင်သော ကြက်မျိုးများ ဖြစ်ပါသည်။ တိုင်းရင်းကြက်အနေဖြင့် ကြီးထွားနှုန်းနှေးကွေးခြင်း၊ ဥနှုန်းနည်းပါးခြင်း၊ ဥအရွယ်အစားသေးငယ်ခြင်းများရှိသော်လည်း တိုင်းရင်းကြက်ဖများအနေဖြင့် ဝပ်ကြက်မလောင်းများအား ထိန်းကျောင်းသည့် ကြက်ဖများ၊ အကြမ်းဒဏ်ခံနိုင်သည့်ကြက်များဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ ၄င်းအပြင် ဒေသတွင်းကျရောက်ဖြစ်ပွားလေ့ရှိသော ရောဂါများအတွက် သဘာဝခုခံအားကို ပိုင်ဆိုင်သည့် ကြက်မများလည်း ဖြစ်ပါသည်။

        တိုင်းရင်းကြက်မွေးမြူရေးစနစ်မှာ ပျံကျလှည့်လည်ကျက်စားသောစနစ်ဖြစ်ပြီး မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ ဆန်စပါး၊ ကောက်ပဲသီးနှံနှင့် ပဲမျိုးစုံ အကြွင်းအကျန် အလေအလွင့်များ၊ ပိုးမွှားများနှင့် အခြားသဘာဝအလွယ်တကူရရှိသော အစားအစာများအပေါ် စားသောက်ရှင်သန်နိုင်သော မွေးမြူရေးစနစ်ဖြစ်ပါသည်။

        နိုင်ငံများစွာရှိ တိုင်းရင်းကြက်များ၏ ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများအား ကြည့်ပါက ပျမ်းမျှအစာမှ အစားအစာအဖြစ် ပြောင်းလဲနှုန်း (၂ ဒသမ ၉၈)၊ အသားထွက်ရာခိုင်နှုန်း (၆၅ ဒသမ ၈)၊ အသက်ရှစ်ပတ်သားအရွယ် အလေးချိန် ၂၃၇ ဂရမ်၊ အသက် ၂ဝ ပတ်သားအရွယ် အလေးချိန် ၈၇၈ ဂရမ်၊ အသက် ၄ဝ ပတ်သားအရွယ် အလေးချိန် ၁၅ဝ၂ ဂရမ်တို့ဖြစ်ပြီး တစ်နှစ်လျှင် ဥပေါင်း ၁၅၇ လုံး ဥနိုင်ပြီး ဥအလေးချိန် ၃၈ ဒသမ ၃ ဂရမ်ရှိကြောင်း တွေ့ရပါသည်။

        တိုင်းရင်းကြက်များ၏ အစာတွင် ပါဝင်သော အာဟာရဓာတ်တန်ဖိုးများအား ကြည့်ပါက အစိုဓာတ်ပါဝင်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီဓာတ်ပါဝင်မှု ၁၁ ဒသမ ၇၆ ရာခိုင်နှုန်း၊ အသားဓာတ်ပါဝင်မှု ၅ ဒသမ ၉၅ ရာခိုင်နှုန်း၊ ကစီဓာတ် ပါဝင်မှု ၂၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ်ပါဝင်မှု ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ ပြာဓာတ်ပါဝင်မှု ၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။ အသား ၁ဝဝ ဂရမ်တွင်ပါဝင်သည့် ခန့်မှန်းခြေသတ္တုဓာတ်၊ ဆားများ ပါဝင်မှုအားကြည့်ပါက သံဓာတ် ၄၆၅ မီလီဂရမ်၊ မဂ္ဂနီးစ် ၂၄၅ မီလီဂရမ်၊ ကြေးနီဓာတ် ၂၆ မီလီဂရမ်၊ ပိုတက်စီယမ် ၇ဝ၄ မီလီဂရမ်၊ ဆိုဒီယမ် ၃၅၁ မီလီဂရမ်၊ ကယ်စီယမ် ၄၃၈ မီလီဂရမ်၊ မီးစုန်းဓာတ် ၂၆ ဒသမ ၅ဝ မီလီဂရမ်၊ သွပ်ဓာတ် ၅၉၄ မီလီဂရမ်တို့ ပါဝင်ပါသည်။

        တိုင်းရင်းကြက်များရှိ အသား၏ ထူးခြားသည့် အရည်အသွေးများအနေဖြင့် အသားတွင် ပါရှိသည့်ဓာတ်မှာ အခြားကြက်သားများထက် ပို၍ ပါဝင်သောကြောင့် လူများ၏ အစာအိမ်မှ ၄င်းကြက်များ၏ အသားအားပိုမိုလွယ်ကူစွာ စုပ်ယူနိုင်၍ အသား၏ အရည်အသွေးကောင်းမွန်ပါသည်။ ၄င်းအပြင်အသားတွင် ကစီဓာတ်ပိုမိုပါဝင်မှုက ချိုသည့် အရသာအား ဖြစ်စေပါသည်။ တိုင်းရင်းကြက်များ၏ အသား ၁ဝဝ ဂရမ်တွင် သံဓာတ် ၄၆၅ မီလီဂရမ် ပါဝင်သည့်အတွက် အရွယ်ရောက်သည့် ယောကျ်ားများအတွက် နေ့စဉ်လိုအပ်သည့် သံဓာတ် ရှစ်မီလီဂရမ်နှင့် အမျိုးသမီးများအတွက် ၁၈ မီလီဂရမ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

        ဒေသခံကြက်များ၏ ထုတ်လုပ်မှု တိုးတက်စေရန်အတွက် မွေးမြူရေးစနစ်၊ အစာကျွေးမွေးမှုစနစ်နှင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတို့အား ပြုပြင်ပေးခြင်းဖြင့် လည်းကောင်း၊ မျိုးဗီဇပြုပြင်မှုအား မျိုးတွင်းရွေးချယ်မှု၊ မျိုးတွင်းမျိုးစပ်မှုဖြင့်လည်းကောင်းပြုပြင်နိုင်ပါသည်။

        ထို့ကြောင့် အမျိုးမှန်အဖိုးတန်သည့် ဒေသခံတိုင်းရင်းကြက်မွေးမြူရေးနှင့် ၄င်းတို့မှ ရရှိမည့် အာဟာရဓာတ်များအား သိရှိနိုင်ပါရန် စုစည်းရေးသား တင်ပြလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၀)

No comments:

Popular Posts