လယ်တွင်းသားစောချစ်
ပျော်စရာအကောင်းဆုံးမှာ နေ့ခင်းထမင်းစားချိန်တွင် ဆရာမများ နားနေခန်း စားပွဲအရှည်ကြီးတွင် ဆရာ၊ ဆရာမများနှင့် လုပ်အားပေး ဆရာ၊ ဆရာမများ စုပေါင်းပြီး စားကြရခြင်းဖြစ်သည်။ အားလုံးပျော်နေကြပါသည်။
လူဆိုးလေးမောင်ဆန်း
ကျောင်းပိတ်ရက်တွင် ဦးတင်အောင်၊ ဒေါ်သန်းရီတို့အိမ်ရှေ့မှ ဖြတ်သွားစဉ် လင်မယားနှစ်ယောက်စလုံး လှမ်းခေါ်နေကြ၍ ဝင်သွားရသည်။
ဤအိမ်တွင် ကျောင်းသားလေးယောက်ရှိသည်။ အကြီးဆုံးက ခြောက်တန်းကျောင်းသား မောင်ညွန့်၊ ဒုတိယက ငါးတန်းကျောင်းသား မောင်သန်း၊ နောက်တစ်ယောက်မှာ တတိယတန်းကျောင်းသူ မဲတူ၊ အငယ်ဆုံးလေးမှာ သူငယ်တန်းလေးဖြစ်သည်။
‘‘ဆရာကြီးကို တိုင်စရာရှိတယ်’’
ဒေါ်သန်းရီက စသည်။
‘‘ဘာတိုင်စရာရှိလို့လဲ... ခင်ဗျားကလေးတွေအားလုံးလိမ်မာတာပဲ..’’
‘‘အကြီးတွေကတော့ ဟုတ်ပါတယ်။ အငယ်ဆုံးလေးဆိုးတာတော့ ဆရာကြီး မသိဘူး မဟုတ်လား..။ သူငယ်တန်းလေးက မောင်ဆန်း ဆိုးလွန်းလို့ဆရာ။ မနက်လင်းရင် ငိုပြီးမှ ထတယ်။ အစ်ကိုတွေ အစ်မတွေအပေါ်လည်း ဆိုးတယ်။ မနက်စာကို အကြော်နဲ့ ပဲပြုတ်စုံမှ စားတယ်။ တစ်ခုခုမပါရင် ပန်းကန်ကို လွှင့်ပစ်တယ်။ မုန့်ဖိုးဆိုရင် တစ်မတ်ပေးရတယ်။ တစ်မူးပေးရင် လွှင့်ပစ်တယ်’’
ဒေါ်သန်းရီက သားငယ်၏ အပြစ်များကို ကောင်းစွာဖော်ပြနေသည်။
‘‘နေပါဦး...မောင်ဆန်းဆိုတာ ည ကျွန်တော်ပုံပြောရင် လာနားထောင်တဲ့ အငယ်လေးမဟုတ်လား...’’
‘‘ဟုတ်တယ်..ဟုတ်တယ်.. ညတိုင်း ဆရာပုံပြောရင် သွားနားထောင်တယ်’’
‘‘အဲဒီကလေးက မဆိုးပါဘူး။ ပုံနားထောင်ရင် ငြိမ်နေတာပဲ’’
ကလေးအဖေဦးတင်အောင်က အသံထွက်ပြီး ရယ်သည်။
‘‘ဆရာကြီးရှေ့မို့ ငြိမ်တာ.. အိမ်မှာတော့ သိပ်ဆိုးတဲ့ကောင် ဆရာ..’’
ဦးတင်အောင်ကပါ ထပ်တိုင်နေသည်။
‘‘ဟုတ်တယ် ဆရာကြီး။ မောင်ဆန်းက သိပ်ဆိုးတာ။ ဆရာကြီး မောင်ဆန်းကို ရိုက်စမ်းပါ။ ကျိုးချင်ကျိုးပါစေ။ ဘယ်မှမတိုင်ဘူး။ ဆေးရုံတင်ကုမယ်’’
ဒေါ်သန်းရီပြောပုံက ကြောက်စရာ။
‘‘ဒေါ်သန်းရီပြောတာနဲ့တောင် အတော်ကြောက်စရာကောင်းနေပြီ။ ခင်ဗျားက ဆရာကိုများ လက်မရွံ့အာဏာပါးကွက်သားမှတ်နေလား’’
‘‘မဟုတ်ဘူးဆရာ၊ ကလေးကကြောက်မှ လိမ်မာတယ်။ မိဘလောက်ကြောက်ရင်တော့ မလိမ္မာဘူးဆရာ..’’
‘‘မဟုတ်ပါဘူးဗျာ..သူတို့ချစ်ရင် လိမ္မာပါတယ်’’
‘‘မောင်ဆန်းကို လိမ်မာအောင် ဆုံးမနိုင်ရင်တော့ ဆရာကြီး အတော်တော်ပေတာပဲ..’’
‘‘ဟုတ်တယ်..ဟုတ်တယ်.. မောင်ဆန်းကို လိမ်မာအောင် ဆုံးမပေးပါ ဆရာကြီး’’
ဦးတင်အောင်ကပါ သူ့ဇနီးနှင့် တက်ညီလက်ညီပြောနေကြသည်။ ကျွန်တော် ပြုံးမိသည်။
နောက်တစ်နေ့ ကျောင်းရောက်သောအခါ မောင်ဆန်း၏ ဆရာမဒေါ်ခင်စန်းကို တွေ့ပြီး မောင်ဆန်းအကြောင်း မေးကြည့်သည်။ အေးဆေးနေတတ်၍ လိမ္မာသောကလေးဖြစ်ကြောင်း ဒေါ်ခင်စန်းပြောသည်။
မောင်ဆန်းကို ကျွန်တော့်ရုံးခန်းသို့ ခေါ်လိုက်သည်။ သူငယ်တန်းကျောင်းသားလေးမောင်ဆန်း လက်ကလေးပိုက်ပြီးနေပုံမှာ သနားစရာပင် ကောင်းနေသည်။
‘‘မောင်ဆန်း ငါ့တပည့် ဆရာကြီးကို မင်း အမေနဲ့ အဖေက အိမ်မှာ သိပ်ဆိုးတာပဲလို့ တိုင်ကြတယ်။ ဟုတ်လားကွ’’
မောင်ဆန်းဘာမျှ မဖြေပါ။
‘‘မနက်လင်းရင် ငိုပြီးမှ အိပ်ယာထတယ်တဲ့..ဟုတ်လား’’
မောင်ဆန်းဘာမျှမဖြေပါ။ ဟုတ်ပုံရပါသည်။
‘‘အစ်ကိုနဲ့ အစ်မကိုလည်း ဆဲတယ်တဲ့။ ဟုတ်လား မောင်ဆန်း...’’
မောင်ဆန်းဘာမျှမဖြေပါ။
‘‘မနက်စာကျွေးရင် ပဲပြုတ်နဲ့ အကြော် နှစ်မျိုးစုံမှ စားတယ်။ တစ်မျိုးလိုရင် ပန်းကန်ကို လွှင့်ပစ်တယ်တဲ့..ဟုတ်လား’’
မောင်ဆန်းမဖြေပါ။
‘‘မုန့်ဖိုးကိုလည်း တစ်မတ်ပေးမှ တစ်မူးဆိုရင် လွှင့်ပစ်တယ်တဲ့..ဟုတ်လား’’
မောင်ဆန်းမဖြေပါ။
‘‘ကဲပါကွာ..။ အဲဒါတွေ ထားလိုက်ပါတော့။ မနက်ဖြန်ခါ မနက်ကျရင် မောင်ဆန်းမငိုဘဲနဲ့ ထမလား..’’
မောင်ဆန်းနှုတ်မှ မဖြေ။ ခေါင်းညိတ်ပြီးဖြေသည်။ ခေါင်းညိတ်ပုံက စိတ်ပါလက်ပါဖြစ်သည်။
‘‘အစ်ကိုနဲ့ အစ်မကို မဆဲဘဲနေမလား’’
မောင်ဆန်း ခေါင်းညိတ်ပါသည်။
‘‘မနက်စာကျွေးရင်လည်း ဘာနဲ့ကျွေးကျွေး စားမလား’’
မောင်ဆန်းခေါင်းညိတ်သည်။
‘‘မုန့်ဖိုး အမေနဲ့ အဖေက ဘယ်လောက်ပေးပေး ယူမှာလား’’
မောင်ဆန်းခေါင်းညိတ်သည်။
‘‘ဟား..ငါ့တပည့်ကို ဆုံးမရတာ လွယ်လိုက်တာကွာ...။ မောင်ဆန်းဘက်ကသာ မနက်ဖြန်ကာ အခုဆရာကြီးပြောတဲ့အတိုင်းလုပ်ရင်...။ မောင်ဆန်းမိဘတွေက ဆရာကြီးကို ချီးကျူးကြမှာကွ။ ဆရာကြီးကို သူတို့ချီးမွမ်းရင် ငါ့တပည့်သဘောကျလား..’’
တစ်ချိန်လုံး ခေါင်းညိတ်၍သာနေခဲ့သော မောင်ဆန်းသည် ဤမေးခွန်းကိုကျတော့ အသံထွက်ပြီး ဖြေသည်။
‘‘ကျတယ်’’
အသံက ကျယ်ပါသည်။
ကျွန်တော် သဘောကျ၍ ပြုံးမိသည်။
‘‘အေး... မောင်ဆန်းသာ အဲဒီလို လိမ္မာမယ်ဆိုရင် ညကျတော့ မောင်ဆန်းနဲ့ သူငယ်ချင်းတွေကို ပုံပြင်နှစ်ပုဒ် ကောင်းကောင်းပြောပြမယ်’’
မောင်ဆန်းကို ကျွန်တော်ကတိပေးလိုက်သည်။ နောက်တစ်နေ့တွင် သူ့အိမ်မှာ မောင်ဆန်းမည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ နေ့ခင်းမှာ မောင်ဆန်းအမေဒေါ်သန်းရီ ငိုပြီး ကျောင်းသို့ ရောက်လာသည်။
ကျွန်တော့်ကိုတွေ့သည်နှင့် -
‘‘ဆရာကြီး မောင်ဆန်းကို ဘယ်လိုလုပ်လိုက်တာလဲ ဆရာကြီး’’
ငိုပြီးမေးပါသည်။
‘‘သြော်..ဘာဖြစ်လို့လဲ..’’
အမှန်ပင် မသိနားမလည်စွာ မေးမိသည်။
‘‘ဒီနေ့မနက် မောင်ဆန်း မငိုဘဲနဲ့ ထလာတယ်ဆရာကြီးရဲ့။ အစ်ကိုနဲ့ အစ်မကိုလည်း လုံးဝမဆဲဘူး။ ဒီနေ့မှ ပဲပြုတ်သည်မလာလို့ ထမင်းကို အကြော်နဲ့ပဲကျွေးတော့ စားတယ် ဆရာကြီးရဲ့။ မုန့်ဖိုးတောင် မတောင်းဘဲနဲ့လွယ်အိတ်ကလေးလွယ် လက်ကလေးပိုက်ပြီး ကျောင်းထွက်သွားတာ သနားရာကောင်းလွန်းလို့ပါ’’
ငိုနေသော ဒေါ်သန်းရီကို ကြည့်ပြီး ကျွန်တော်ပြုံးမိသည်။
‘‘အပြစ်ရှိတာ ကလေးမဟုတ်ဘူး။ ခင်ဗျားတို့က အငယ်ဆုံးဆိုပြီး အလိုလိုက်တော့ ကလေးဆိုးသွားတာပေ့ါ။ အခု သူ့ဘာသာကောင်းသွားတာ။ ပျက်အောင်မဖျက်ကြနဲ့တော့’’
ဒေါ်သန်းရီ ကျေကျေနပ်နပ် ပြန်သွားပါသည်။
ထိုနေ့ညက မောင်ဆန်းနှင့် သူငယ်ချင်းများကို ပုံပြင်ကောင်းကောင်းနှစ်ပုဒ် ပြောလိုက်ရပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)
No comments:
Post a Comment