August 2, 2020

ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု

ကိုသက်  

    ကျေးလက်က အသေးစားမွေးမြူ‌ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အာဟာရပြည့်ဝပြီး၊ ကုန်ကျစရိတ်သက်သာတဲ့ တိရစ္ဆာန်အစာတွေ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။ စားမြုံ့ပြန်သတ္တဝါတွေဖြစ်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေဟာလည်း အခြားသတ္တဝါ တွေနည်းတူ ကောင်းမွန်တဲ့အစာအာဟာရကို ဆယ့်နှစ်ရာသီပတ်လုံး လိုအပ်တာပါပဲ။ ဒါပေမဲ့ ကျေးလက်က အသေးစားမွေးမြူသူတွေ၊ တစ်နိုင်တစ်ပိုင်မွေးမြူသူတွေ၊ လယ်ယာလုပ်ငန်းမှာခိုင်းစေဖို့ မွေးမြူသူတွေနဲ့၊ စုဘူးသဘော မွေးမြူသူတွေဟာ အဲဒီစားမြုံ့ပြန်သတ္တဝါတွေ အတွက် မှန်ကန်ကောင်းမွန်ပြီး လုံလောက်တဲ့အစာတွေကို ကျွေးမွေးဖို့ သတိမေ့လျော့နေတတ်ကြပါတယ်။ မိမိရဲ့ လယ်ထဲ၊ ယာထဲကထွက်တဲ့ ကောက်ရိုး၊ ပြောင်းရိုး၊ ပဲမှော် စတဲ့ ဘေးထွက်ပစ္စည်းတွေနဲ့ ကန်သင်းရိုးမှာ အခမဲ့ရနိုင်တဲ့ မြက်ရိုင်းတွေကိုသာ အားထားပြီး ကျွေးမွေးကြပါတယ်။ 

    တကယ်တော့ စားမြုံ့ပြန်သတ္တဝါ မွေးမြူရေးဟာ စီးပွားရေးအရ အရေးပါတဲ့လုပ်ငန်းဖြစ်လာတာမို့ စနစ်တကျ မွေးမြူကြဖို့ လိုအပ်သလို၊ သူတို့အတွက် အစာကျွေးမွေးမှုကိုလည်း စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလိုသာ စီမံခန့်ခွဲနိုင်ရင် အစာပေါတဲ့ ရာသီမှာပဲ ဝဖြိုးတာမျိုးမဟုတ်ဘဲ၊ အစာရှားတဲ့အချိန်မှာလည်း မိမိရဲ့တိရစ္ဆာန်တွေကို ကျန်းမာဝဖြိုးနေစေနိုင်ပါတယ်။ သူများတွေရဲ့ တိရစ္ဆာန်တွေ ပိန်လှီနေချိန်မှာ မိမိရဲ့တိရစ္ဆာန်တွေကို ဝဖြိုးအောင်ကျွေးမွေးနိုင်မယ်ဆိုရင် စျေးကွက်မှာ မျက်နှာပန်းလှပြီး စျေးကောင်းလည်း ရနိုင်ပါတယ်။ ဒါကြောင့် ဒို့ကျေးရွာရဲ့ မွေးမြူရေးတောင်သူ စာဖတ်ပရိသတ်များကို စားမြုံ့ပြန်သတ္တဝါမွေးမြူရေးအတွက် တိရစ္ဆာန်အစာပင် စီမံခန့်ခွဲမှု အကြောင်း မိတ်ဆက်တင်ပြလိုပါတယ်။ ဒီတစ်ပတ်မှာတော့ စားမြုံ့ပြန်သတ္တဝါတွေရဲ့ အစာလမ်းကြောင်းနဲ့ အစာချေစနစ်အကြောင်းကို စတင်ဆွေးနွေးလိုပါတယ်။ 

မတူညီသော အစာချေဖျက်ပုံများ

    တိရစ္ဆာန်အစာပင် စီမံခန့်ခွဲမှုအကြောင်းကို စမပြောခင်မှာ စားမြုံ့ပြန်သတ္တဝါတွေရဲ့ သဘောသဘာဝကို အကြမ်းဖျင်းပြောဖို့ လိုအပ်ပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်အစရှိတဲ့ စားမြုံ့ပြန်သတ္တဝါ (Ruminants) များနဲ့ လူ၊ ကြက်၊ ဝက် အစရှိတဲ့ အစာအိမ်တစ်ကန့်ပဲရှိတဲ့ သတ္တဝါ (Single Stomach Animals) များရဲ့ အဓိကကွာခြားချက်ကတော့ အစာချေစနစ်ပဲ ဖြစ်ပါတယ်။ အဲဒီအစာချေစနစ်ရဲ့ ခန္ဓာဗေဒနဲ့၊ ဇီဝကမ္မဗေဒတွေ ကွဲပြားခြားနားမှုကြောင့်၊ အဲဒီ သတ္တဝါအမျိုးအစားနှစ်ခုဟာ စားတဲ့ အစာမတူသလို၊ အစာစားပုံ၊ အစာချေဖျက်ပုံတွေလည်း မတူပါဘူး။ 

အစာအိမ်တစ်ကန့်သာရှိသော သတ္တဝါများ၏ အစာလမ်းကြောင်း

    လူ၊ ကြက်၊ ဝက် စတဲ့ သတ္တဝါတွေရဲ့ အစာအိမ်တွေမှာ အကန့်တွေ မပါရှိပါဘူး။ အစာအိမ်ဟာ အိတ်က လေးတစ်လုံး နဲ့ တူပါတယ်။ ပါးစပ်က စားလိုက်တဲ့ အစာတွေဟာ အစာရေမျို (Esophagus)ကို ဖြတ်သန်းပြီး အစာအိမ်ထဲကို ရောက်သွားပါတယ်။  အစာအိမ်ထဲရောက်သွားတဲ့ အစာတွေကို အစာအိမ်နံရံက ကြွက်သားတွေနဲ့ ကြိတ်ချေပေးပါတယ်။ အဲဒီနောက် အစာအိမ်နံရံကနေ အက်ဆစ် (Acid)ဓာတ်တွေနဲ့ အစာချေအင်ဇိုင်း (Enzymes) တချို့ထုတ်လုပ်ပေးပြီး ဓာတုနည်းနဲ့လည်း ချေဖျက်ပါတယ်။ အဲဒီလိုချေဖျက်လို့ ထွက်ရှိလာခဲ့တဲ့ အာဟာရဓာတ် (Nutrients) အချို့ကို အစာအိမ်နံရံကစုပ်ယူပြီး သွေးကြောထဲကို ပို့ဆောင်ပေးပါတယ်။ 

    အစာအိမ်က တစ်စိတ်တစ်ပိုင်း ချေဖျက်ပြီးသား အစာတွေကိုတော့ အူသိမ် (Small Intestine)ကို ဆက်လက်ပို့ဆောင်ပါတယ်။ အဲဒီမှာ ဆက်လက်ပြီး အသည်း၊ သည်းခြေအိတ်၊ ပန်ကရိယ စတာတွေက ပို့ပေးတဲ့ အစာချေရည်တွေ၊ အင်ဇိုင်း (Enzymes)တွေကို အသုံးပြုပြီး ဓာတုနည်းနဲ့ အစာတွေကို ဆက်လက်ချေဖျက်ပါတယ်။ ထွက်ရှိလာတဲ့ အာဟာရဓာတ်တွေကို အူသိမ်ရဲ့ နံရံကစုပ်ယူပြီး သွေးတွေဆီ ပို့ဆောင်ပါတယ်။ သွေးကြောတွေက စုပ်ယူရရှိတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်မှာရှိတဲ့ အာဟာရဓာတ် လိုအပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေဆီကို ပြန်လည်ဖြန့်ဝေပေးပါတယ်။ 



    အူသိမ်ထဲမှာ အစာတွေကို ချေဖျက်ပြီး အာဟာရဓာတ်တွေကို စုပ်ယူပြီးတဲ့အခါ ကျန်ရှိနေတဲ့ အစာဟောင်းတွေကို အူမကြီး (Large Intestine)ကို ဆက်လက်ပို့ဆောင်ပါတယ်။ အူမကြီးမှာတော့ အစာချေဖျက်မှု၊ အာဟာရဓာတ်စုပ်ယူမှုတွေက မရှိသလောက် နည်းပါးသွားပါပြီ။ နောက်ဆုံးမှာတော့ အူမကြီးရဲ့ နောက်ဆုံးအပိုင်းကနေ အစာဟောင်းတွေကို မစင်အဖြစ် စွန့်ထုတ်ပစ်လိုက်ပါတယ်။ 

    ချုပ်ပြီးပြောရရင် အစာအိမ်တစ်ကန့်သာပါရှိတဲ့ သတ္တဝါတွေရဲ့ အစာလမ်းကြောင်းဟာ သူတို့စားလိုက်တဲ့ အစာ(Food) တွေကို ချေဖျက်ပြီး အဲဒီအစာထဲမှာပါလာတဲ့ အာဟာရဓာတ် (Nutrient)တွေကို စုပ်ယူထားလိုက်ပါတယ်။ မချေဖျက်နိုင်တဲ့အရာတွေ၊ မစုပ်ယူထားနိုင်လိုက်တဲ့ အာဟာရဓာတ်တွေကို မစင်ထဲမှာ ပြန်လည်စွန့်ထုတ်ပစ်ပါတယ်။ ဒါကြောင့် မွေးမြူသူက အဲဒီသတ္တဝါတွေကို အာဟာရဓာတ် ၁၀၀ ကျပ်ဖိုးပါတဲ့ အစာကိုကျွေးလိုက်ရင် အစာအိမ်တစ်ကန့်ပဲရှိတဲ့ သတ္တဝါတွေက အာဟာရဓာတ် ၁၀၀ ကျပ်ဖိုးအပြည့် မရပါဘူး။ ဥပမာ ၈၀ ကျပ်ဖိုးကို အစာအိမ်၊ အူသိမ်တို့က စုပ်ယူထားလိုက်ပြီး ၂၀ ကျပ်ဖိုးကို မစင်အဖြစ်နဲ့ ပြန်လည် စွန့်ထုတ်ပါတယ်။ ပြောချင်တာက အစာအိမ်တစ်ကန့်ပဲပါတဲ့ သတ္တဝါတွေဟာ ကျွေးလိုက်တဲ့အစာရဲ့ အစိတ်အပိုင်းတချို့ကိုပဲ အသား၊ ဥ စတာတွေ ထုတ်လုပ်ဖို့ အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ပါ။ 

    ဒါ့အပြင် အစာအိမ်တစ်ကန့်ပဲရှိတဲ့ သတ္တဝါတွေဖြစ်တဲ့ ကြက်၊ ဝက် စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို တန်ဖိုးမြင့်တဲ့ အစာတွေ ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ကြက်၊ ဝက်တွေကို ကျွေးမွေးတဲ့ ပြောင်း၊ ဆန်ကွဲ၊ နှမ်းဖတ်၊ ပဲဖတ် စတာတွေဟာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေကို အများဆုံး ကျွေးမွေးရတဲ့ မြက်၊ ကောက်ရိုး၊ ချုံပုတ်ပင်တွေနဲ့ နှိုင်းယှဉ်ရင် အာဟာရတန်ဖိုးမှာရော၊ ငွေကြေးတန်ဖိုးမှာပါ အလွန်ကြီးမြင့်တာကို တွေ့ရမှာပါ။ ဘာကြောင့်လဲ ဆိုရင် အဲဒီ ကြက်၊ ဝက် အစရှိတဲ့ အစာအိမ်တစ်ကန့်သာပါတဲ့ သတ္တဝါတွေဟာ အထက်မှာ ရှင်းပြခဲ့သလို တန်ဖိုးမြင့်တဲ့ အစာတွေထဲက အာဟာရဓာတ်တွေကိုတောင် အပြည့်မစုပ်ယူနိုင်တဲ့အပြင်၊ ကျွေးလိုက်တဲ့အစာတွေရဲ့ အာဟာရတန်ဖိုးကိုလည်း အစာလမ်းကြောင်းထဲမှာ မြှင့်တင်နိုင်ခြင်း မရှိလို့ပါ။ 

    စားမြုံ့ပြန်သတ္တဝါတွေကတော့ ငွေကြေးအားဖြင့် တန်ဖိုးနည်းသလို၊ အာဟာရဓာတ်ပါဝင်မှုလည်းနည်းတဲ့ အစာတွေကို သူတို့ရဲ့ အစာအိမ်အကန့်တွေထဲမှာ တန်ဖိုးမြှင့်ပေးနိုင်ပါတယ်။ အစာမှာ ပါဝင်တဲ့ အာဟာရထက် ပိုများ၊ ပိုစုံတဲ့ အာဟာရဓာတ်တွေကို သူတို့ရဲ့ အစာအိမ်အကန့်တွေထဲမှာရှိတဲ့ အဏုဇီဝပိုးမွှားတွေက ထုတ်လုပ်ပေးနိုင်ပါတယ်။ 

စားမြုံ့ပြန်သတ္တဝါများ၏ အစာလမ်းကြောင်း

    တကယ်တော့ စားမြုံ့ပြန်သတ္တဝါတွေရဲ့ အစာလမ်းကြောင်းဟာလည်း အစာအိမ်တစ်ကန့်တည်းရှိတဲ့ သတ္တဝါတွေရဲ့ အစာလမ်းကြောင်းနဲ့ သိပ်ပြီး မကွာခြားလှပါဘူး။ စားမြုံ့ပြန်သတ္တဝါတွေမှာ ထူးခြားတာက အစာအိမ်ဟာ ရိုးရှင်းတဲ့ အိတ်တစ်လုံးအဖြစ်နဲ့ မတူဘဲ အကန့်တွေ ပါဝင်နေတာပါ။ သူတို့ရဲ့ အစာအိမ်တွေကို ဆွဲဆန့်ကြည့်ရင်၊ ရူမင် (Rumen)၊ ရက်တီကူလမ် (Reticulum)၊ အိုမေဆမ် (Omasum) နဲ့ အဘိုမေဆမ် (Abomasum) ဆိုတဲ့ အကန့် (၄) ကန့်စီ ပါနေတာကို တွေ့ရပါလိမ့်မယ်။ နောက်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ အက်ဘိုမေဆမ် အကန့်ဟာ ပုံသဏ္ဌာန်အရရော၊ လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာပါ အစာအိမ်တစ်ကန့်တည်းရှိတဲ့ သတ္တဝါတွေရဲ့ အစာအိမ်နဲ့ ဆင်တူတာကို တွေ့ရပါတယ်။ အူသိမ်၊ အူမကြီးတွေရဲ့ လုပ်ငန်းတွေကလည်း ဆင်တူတာပါပဲ။ 

    ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေဟာ ပါးစပ်ထဲရောက်လာတဲ့ မြက်၊ ကောက်ရိုးစတဲ့ အစာကြမ်းတွေကို ကျေညက်အောင် ဝါးစားတာမျိုး မလုပ်ပါဘူး။ တစ်စိတ်တစ်ပိုင်း ကျေညက်ရုံသာ ဝါးပြီး မျိုချပစ်ကြပါတယ်။ တကယ်တော့ အစာကို အစသေးသေးလေးတွေဖြစ်အောင် ကိုက်ဖြတ်လိုက်တဲ့ သဘောပါပဲ။ အဲဒီ မြက်၊ ကောက်ရိုးစ သေးသေးလေးတွေဟာ အစာရေမျိုကတစ်ဆင့် ရူမင်အစာအိမ်အကန့်ထဲကို ရောက်သွားပါတယ်။ တိရစ္ဆာန်က အစာမစားဘဲ အနားယူတဲ့အချိန်မှာ အဲဒီရူမင်ထဲရောက်နေတဲ့ အစာတွေကို စားမြုံ့လုံးတွေအဖြစ် ပြန်အန် ထုတ်ပြီး ကြိတ်ဝါးပြန်ပါတယ်။ ထပ်မံကြိတ်ဝါးပြီးသား အစာတွေကို ရူမင်ထဲ ပြန်ပြီး မျိုချပြန်ပါတယ်။ အဲဒါကို စားမြုံ့ပြန်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီလို စားမြုံ့ပြန်တဲ့အတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေကို စားမြုံ့ပြန်သတ္တဝါလို့ ခေါ်ကြတာပါ။ 



    ပထမအကြိမ်မျိုချလိုက်တဲ့ အစာတွေရော၊ စားမြုံ့ပြန်ထားတဲ့ အစာတွေရော ရူမင်အစာအိမ်အကန့်ထဲမှာ ရေတွေနဲ့အတူရောပြီး အချိန်အတော်ကြာကြာ နေပါတယ်။ အဲဒီလိုရှိနေတဲ့ အစာတွေကို ရူမင်ထဲမှာရှိနေတဲ့ အဏုဇီဝပိုးမွှားတွေက ချေဖျက်ပါတယ်။ အဏုဇီဝပိုးမွှားတွေဟာ အစာကို ချေဖျက်လို့ရလာတဲ့ အာဟာရဓာတ်တွေကို သူတို့ ရှင်သန်ပွားများနိုင်ဖို့ အသုံးပြုပါတယ်။ ဒါကြောင့် အဏုဇီဝတွေက ရူမင်ထဲမှာ ပွားများလာပါတယ်။ (အဏုဇီဝပိုးတွေရဲ့ လုပ်ဆောင်ပုံကို နောက်ပိုင်းဆောင်းပါးတွေမှာ အသေးစိတ် ဆွေးနွေးပေးပါမယ်။ သိပ်ကို အရေးကြီးလို့ပါ။)

    ရူမင်ထဲမှာ အတော်အတန်ချေဖျက်ပြီးသား အစာတွေနဲ့ အဏုဇီဝပိုးအချို့ဟာ ရက်တီကူလမ်ဆိုတဲ့ အစာအိမ်အကန့်ကို ဖြတ်သန်းပါတယ်။ အဲဒီအချိန်မှာ မွေးမြူသူက ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေကို ကျွေးလိုက်တဲ့ အစာတွေက အဏုဇီဝပိုးတွေကြောင့် အတော်လေး ကျေလွယ်တဲ့ အနေအထားကို ရောက်လာပါပြီ။ အဏုဇီဝပိုးမွှားတွေကလည်း အတော်လေး များပြားနေပါပြီ။ ဒါပေမဲ့ အစာတွေထဲမှာ ရေတွေအများကြီး ရောပါနေပါတယ်။ အဲဒီလို ရေနဲ့ရောနေတဲ့ အစာတွေ၊ အဏုဇီဝပိုးတွေဟာ ရက်တီကူလမ်ကနေတစ်ဆင့် အိုမေဆမ်ဆိုတဲ့ အကန့်ကို ရောက်လာပါတယ်။ အိုမေဆမ်ဟာ ဘောလုံးတစ်လုံးနဲ့တူပါတယ်။ အဲဒီအကန့်မှာ ရေတွေကို စုပ်ယူလိုက်တာမို့ ပမာဏလျော့သွားသလို အစာတွေက နည်းနည်း‌ခြောက်သွေ့သွားပါတယ်။ ရေတွေကို စုပ်ယူပြီးရင်တော့ အစာနဲ့ အဏုဇီဝပိုးတွေကို အက်ဘိုမေဆမ်ဆီ ပို့ဆောင်ပေးပါတယ်။ 

    အက်ဘိုမေဆမ်ဟာ ကြက်၊ ဝက် အစရှိတဲ့ အစာအိမ်တစ်ကန့်ပဲရှိတဲ့ သတ္တဝါတွေရဲ့ အစာအိမ်နဲ့ ဆင်တူပါ တယ်။ သူက အက်ဘိုမေဆမ်က ပို့လွှတ်လိုက်တဲ့ တစ်စိတ်တစ်ပိုင်း ချေဖျက်ပြီးသား အစာတွေကို အက်ဆစ်တွေ၊ အင်ဇိုင်းတွေနဲ့ ချေဖျက်သလို၊ အဏုဇီဝပိုးမွှားတွေကိုလည်း ချေဖျက်ပစ်ပါတယ်။ အစာတွေနဲ့ အဏုဇီဝပိုးမွှားတွေကို ချေဖျက်ပြီး ရရှိလာတဲ့ အာဟာရဓာတ်တွေကို စုပ်ယူပြီး သွေးကြောထဲကို ပို့ဆောင်ပါတယ်။ အက်ဘိုမေဆမ်က မချေဖျက်နိုင်တဲ့ အစာတွေနဲ့ မစုပ်ယူနိုင်တဲ့ အာဟာရဓာတ်တွေကို အူသိမ်ဆီ ဆက်လက်ပို့ဆောင်ပြီး ချေဖျက်စုပ်ယူစေပါတယ်။ လာမယ့်တစ်ပတ် ဒို့ကျေးရွာမှာ ရူမင်ထဲက အဏုဇီဝပိုးမွှားအမျိုးအစားတွေ၊ သူတို့ရဲ့ လုပ်ဆောင်ပုံတွေ၊ အကျိုးပြုပုံတွေ၊ အာဟာရဓာတ်မြှင့်တင်ပုံတွေကို အသေးစိတ် ဆက်လက်ဆွေး‌နွေးတင်ပြသွားပါဦးမယ်။           

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄) 

No comments:

Popular Posts