August 2, 2020

ဒုတိယအရွယ် (၁၀)

လယ်တွင်းသားစောချစ်

        ‘‘အဲဒီကျူရှင်ခပေးနိုင်ရင် လက်ညှိုးထောင်ကြပါကွ’’

        ကလေးများ အားလုံးပြုံးပြီး လက်ညှိုးပြန်ထောင်ကြသည်။

        ထိုနေ့ညနေမှစပြီး အလယ်တန်းကလေးအားလုံးကို အချိန်ပိုအင်္ဂလိပ်စာ ကျူရှင်သင်ပေးသည်။



        ငွေကြေးတတ်နိုင်သူများကလည်း ကျွန်တော့်ကို ငါးကျပ်စီမပေးကြတော့ပါ။ သို့သော် ကလေးများအားလုံး အင်္ဂလိပ်စာတော်လာကြပါသည်။

အိမ်တိုင်ရာရောက်

        ကျွန်တော် တက္ကသိုလ်ကျောင်းသားတုန်းက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှာ ကိုရီးယားရုပ်ရှင်ကြည့်ခဲ့ဖူးသည်။ ယခုခေတ်ကိုရီးယားကားမျိုး မဟုတ်ပါ။ အဖြူအမည်းကားဖြစ်သည်။ ဆရာမလေးက သူ့တပည့်လေးများ အိမ်ကို ရောက်အောင်သွားလည်သည်။ ကလေးများနှင့် ဆရာမလေး ချစ်ခင်ရင်းနှီးသည်။ မိဘများနှင့် ဆရာမလေး ချစ်ခင်ရင်းနှီးသည်။ အမေမရှိတော့သော သမီးငယ်လေးတစ်ယောက်၏ ခံစားမှုကို အဖေနားလည်အောင် ရှင်းပြပေးသည်။ ဆုံးမ၍ ခက်ခဲသည့် ဆိုးပေနေသော ကလေးတစ်ယောက်အိမ်သို့ ရောက်သွားသောအခါ အဖေအရက်သမားနှင့် ဆင်းရဲသောမိဘများ၏ ဒုက္ခကို နားလည်ရသည်။ ကလေးဘဝကို စာနာကြင်နာသောစိတ်နှင့် ပြုပြင်ပေးနိုင်သည်။ စိတ်ဝင်စားစရာ အများကြီးပါသော ဇာတ်ကားဖြစ်သည်။ ကလေးများနှင့် ဆရာမဘဝကို အချစ်မပါဘဲ စိတ်ဝင်စားစွာ ရိုက်ပြထားသည်။

        ထိုဇာတ်ကားလေးကို ကြည့်ပြီး ဆရာ၊ ဆရာမတိုင်း တပည့်တို့အိမ် ရောက်အောင်သွားနိုင်လျှင် သင်ကြားမှုအတွက် လိမ္မာယဉ်ကျေးအောင် ဆုံးမနိုင်မှုအတွက်ရော ကောင်းကျိုးများစွာ ရရှိနိုင်သည်ကို နားလည်ရသည်။

        ကျောက်မီးရွာမှာ ဆရာဖြစ်သောအခါ ထိုရုပ်ရှင်ကားမှရသော သင်ခန်းစာကို အသုံးချနိုင်ခဲ့ပါသည်။ ရန်ပုံငွေရုပ်ရှင် ပြစဉ်က ရွာစဉ်လှည့်လည် လက်မှတ်ရောင်းရင်း ကျောင်းသားများ၏ အိမ်များစွာသို့ ရောက်ခဲ့သည်။ မိဘများနှင့် တွေ့ရ၊ ဆုံရသည်။

        ကျေးရွာများမှ ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူပွဲရှိတိုင်းလည်း တပည့်များနှင့် မိဘများကဖိတ်၍ ရောက်ရသည်။ မိဘများ ဝမ်းသာကြသည်။ တပည့်များ အလွန်ပျော်ရွှင်ကြသည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမများလည်း ပျော်ရွှင်ကြည်နူးရပါသည်။

        ခြံထဲတွင်နေသည့် ကျောင်းသားအိမ်သို့ ရောက်သလို ယာထဲမှာတဲထိုးနေသည့် တပည့်များအိမ်သို့လည်း ရောက်ပါသည်။

        ဝေးလံသည့်ရွာ၊ အသွားခက်သည့် ရွာများကတော့ ကျန်နေပါသေးသည်။ ထိုရွာများမှာလည်း ကျွန်တော့်တပည့်လေးများရှိပါသည်။

        ကျောင်းပိတ်ရက်တစ်ရက်မှာ ကျွန်တော်တစ်ယောက်တည်း စက်ဘီးစီး၍ ကျောက်ချောသို့သွားပါသည်။ မေမြို့တက်ခါနီး တောင်ခြေနားမှာရှိပါသည်။ (ယခုအခါ ဖွံ့ဖြိုးတိုးတက်ပြီး စည်ကားသောနေရာဖြစ်နေပြီ)

        ၁၉၇ဝ ခုနှစ်ကတော့ ထင်းခုတ်၊ မျှစ်ချိုး၊ ကျောက်ထုစားကြရသော ရွာလေးဖြစ်သည်။ ဆင်းရဲကြပါသည်။



        ကျွန်တော်ရောက်သွား၍ တပည့်လေးတစ်ယောက်အိမ်မှာ ခေတ္တနားပြီး စကားပြောနေစဉ် အမျိုးသမီးကြီးတစ်ယောက် ငိုပြီး ရောက်လာသည်။

        ‘‘ဆရာကြီးတပည့် ကံအောင်၊ အိမ်မှာ ငိုနေတယ်’ဟု ပြောပါသည်။

        ‘‘ဟာ ကံအောင် ဘာလို့ငိုတာလဲ’ ကျွန်တော်သိချင်သည်။

        ‘‘အဖေတို့၊ အမေတို့က အိမ်ဆောက်ပါဆိုတာ မဆောက်ဘူး။ အခုဆရာကြီးလာပြီ။ အိမ်ခေါ်ချင်တာ ဘယ်လိုလုပ် ခေါ်မလဲ ပြောပြီး ငိုနေတာ’’

        အိမ်မကောင်း၍ ဆရာ့ကို မခေါ်နိုင်သော တပည့်ကို စိတ်ချမ်းသာစေချင်ပါသည်။

        ‘‘ကဲ ကံအောင် မငိုရပါဘူးဗျာ။ လာသွားကြစို့’’

        ကံအောင့် အမေနှင့်အတူ ကံအောင်တို့ အိမ်သို့ လိုက်ခဲ့ပါသည်။ အိမ်ရှေ့သို့ ရောက်သောအခါ ကံအောင် မငိုရအောင် လိုက်လာသည့်ကျွန်တော် ငိုရမလိုဖြစ်ပါသည်။ အိမ်ကလေးမှာ တဲသာသာ နိမ့်လွန်းသည်။ ပိုဆိုးသည်မှာ အိမ်ဝင်ပေါက် ဖြစ်သည်။ အတော်ကုန်းဝင်၍ ရမည်မဟုတ်ပါ။ လေးဘက်ထောက်၍ ဝင်ရ
မည်။

        ကံအားလျော်စွာ အိမ်ရှေ့မှာ စောင်ချမ်းပင်တစ်ပင်ရှိသည်။

        ‘‘စောင်ချမ်းပင်ရိပ်လေးက ကောင်းလိုက်တာ။ ဒီအောက်မှာပဲ ထိုင်ကြတာပေါ့’’

        စောင်ချမ်းပင်ကို မော့ကြည့်ပြီး ကျွန်တော်ပြောလိုက်သည်။

        ကံအားလျော်စွာ ဝမ်းသာသွားပါသည်။

        ‘‘ဟုတ်တာပေ့ါ။ ဒီစောင်ချမ်းပင်ရိပ်မှာ ထိုင်ကြတာပေါ့။ မိန်းမရေ ဖျာတစ်ချပ်ယူခဲ့ပါဟ’’

        သူ့မိန်းမယူလာသော ဖျာမှာလေးထောင့်မဟုတ်။ စုတ်နေ၍ သီဟိုဠ်ကျွန်းပုံနှင့်ပင် တူနေပါသည်။

        ‘‘နင့်ဖျာကလည်း အစုတ်ကြီးဟာ၊ သွား ကောင်းတဲ့ ဖျာတစ်ချပ်ယူခဲ့ပါ’’

        ယောကျ်ားက လောကွတ်ကောင်းနေသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၉)

No comments:

Popular Posts