လယ်တွင်းသားစောချစ်
စာကျက်ချိန်မှာ စာကျက်ခိုင်းဖို့ မှာကြားရသည်။
ထမင်းစားချိန်ရောက်၍ တပည့်တစ်ယောက်အိမ်က ထမင်းပြင်ပြီးသောအခါ အတူစားရန် မြို့ပိုင်ကြီး ဦးသိန်းထွန်းကို အခေါ်ခိုင်းရသည်။
ဖွယ်ဖွယ်ရာရာနှင့် စုံလင်စွာပြင်ဆင်ထားသောထမင်းဝိုင်းကို ကြည့်ပြီး ဦးသိန်းထွန်းပြုံးသည်။
‘‘ကွာပါ့ကွာ။ ဒီရွာရောက်တာ.. ဒါနဲ့ဆိုသုံးခေါက်ရှိပြီ။ ဒီလိုထမင်းပွဲမျိုး ခုမှမြင်ဖူးတယ်။ အဲဒါပေါ့... ဆရာ၊
ဆရာမဆိုတော့ ဘယ်လောက်စေတနာထားကြလဲ’’
ဦးသိန်းထွန်းက အားရပါးရပြောလိုက်သည်။
‘‘မဟုတ်ပါဘူးခင်ဗျာ။ ဒီထမင်းပွဲက မြို့ပိုင်ကြီးအတွက်လည်း ပါပါတယ်။ ကျွန်တော်တို့ရွာက မြို့ပိုင်ကြီးကို ချစ်ကြလေးစားကြပါတယ်’’
ရာကျော့် အဖေက ပြောတတ်၍ တော်ပါသေးသည်။
ထိုနေ့က နံနက်စာကို တပည့်နှစ်ယောက်အိမ်မှာ နှစ်ခါစားရသည်။ မည်သို့မည်မျှ ပြော၍မရ ချက်ပြုတ်ပြင်ဆင်ပြီးဖြစ်နေ၍ စားလိုက်ကြရသည်။
စားပြီးသည်မှ မကြာသေး။ တပည့်တစ်ယောက်၏အမေ ငိုပြီး ရောက်လာသည်။ သူတို့က ဆင်းရဲသည်။ ချမ်းသာသောအိမ်များမှ ပိုကောင်းသည်များကို ဆရာ၊ ဆရာမများ စားစေချင်၍ မခေါ်ဘဲနေသည်။ ခုတော့ သမီးလေးက ငိုကြွေးနေ၍ လာခေါ်ရခြင်းဖြစ်သည်ကို ပြောပြသည်။
ကလေးကိုသနား၍ စိတ်မကောင်းစွာ သွားစားကြသည်။ စားပြီးသောအခါ ဗိုက်များ မအီမသာရှိကြ၍ မြို့ပိုင်ကြီးနှင့် ဆရာများက တစ်အိမ်၊ ဆရာမလေးများက တစ်အိမ် ခေတ္တလဲလျောင်းအိပ်စက် အနားယူကြရသည်။
အိပ်ရာမှ နိုးသောအခါ တပည့်လေးမြင့်အောင် လာစောင့်နေသည်။ သူတို့အိမ်မှာ လက်ဖက်ရည်သောက်ရန် လာခေါ်ခြင်းဖြစ်သည်။ ဘာမျှမစားချင်တော့သော်လည်း ကလေးစေတနာကို အားနာ၍ လိုက်သွားကြရသည်။
ဖန်ခွက်အရှည်ကြီးများနှင့် ထည့်ထားသော နွားနို့ခွက်ကြီးများကို မြင်သောအခါ အားလုံးလန့်သွားကြသည်။
‘‘ကြောက်ပါပြီဗျာ။ နောက်ဆိုရင်တော့ ခင်ဗျားတို့ ဆရာ၊ ဆရာမအဖွဲ့နဲ့ မလိုက်တော့ပါဘူး’’
မြို့ပိုင် ဦးသိန်းထွန်း၏ စကားကြောင့် အားလုံးရယ်ကြသည်။ ဖန်ခွက်ကြီးများအတွင်းမှ နို့ကိုနည်းနည်းစီသာခွဲ၍ တောင်းတောင်းပန်ပန် သောက်ကြရသည်။
‘‘ကျွန်တော်ဒီရွာကို သုံးခေါက် ရောက်ပြီးပါပြီ။ တစ်ကြိမ်ကတော့ တစ်နေ့လုံး အလုပ်နဲ့နေရတာမို့ ရွာလူကြီးက မနက်စာ စီစဉ်ပေးပါတယ်’’
မြို့ပိုင်ကြီး၏ လေသံနှင့် မျက်နှာအမူအရာက အလေးအနက်ဖြစ်၍ ကျွန်တော်တို့အားလုံး နားထောင်နေကြပါသည်။
‘‘ကျွန်တော့်ကိုကျွေးတာက တာဝန်အရကျွေးတာပါ။ ရင်းနှီးခင်မင်အောင် ပေါင်းတတ်လို့ စေတနာပါတယ်ဆိုရင်တောင် အဲ့ဒီစေတနာက တာဝန်နဲ့ တွဲနေတယ်။ ဆရာ၊ ဆရာမတွေကို ဒီနေ့လိုကျွေးတာကြတော့ ဘာတာဝန်မှ မပါဘူး။ စေတနာနဲ့ အတင်းကို ကျွေးနေကြတာ’’
ဆရာမလေး သုံးယောက်က ပြုံးနေကြသည်။
‘‘တချို့နေရာတွေမှာ အာဏာရှိတော့ သြဇာရှိတယ်။ အားကျစရာကြီးလို့ ထင်ရတယ်။ ဒါပေမဲ့ ဆရာတို့ ဆရာမတို့က စေတနာရှင် မေတ္တာရှင်တွေဆိုတော့ အခုလိုတုံ့ပြန်တဲ့ စေတနာမေတ္တာတွေမြင်ရတာ သိပ်ကြည်နူးစရာကောင်းတာပဲ’’
ဦးသိန်းထွန်း၏ စကားကြောင့် ကိုယ့်အလုပ်ကို မြတ်နိုးဂုဏ်ယူမိခြင်းနှင့်အတူ လူကြီးပီပီ သုံးသပ်ပြောဆိုတတ်သော မြို့ပိုင်ကြီးကိုလည်း ပို၍ လေးစားသွားမိကြသည်။
ကျူရှင်
တစ်ညနေမှာ ဘကြီးမှုံအိမ်သို့ မိဘခုနစ်ဦးခန့် ရောက်လာကြသည်။ ဘတ်စ်ကားပိုင်ရှင်၊ နို့ဆီရုံပိုင်ရှင် ငွေကြေးပြည့်စုံသူများ ဖြစ်သည်။ သူတို့ကလေးများ အင်္ဂလိပ်စာညံ့၍ အင်္ဂလိပ်စာ အချိန်ပိုသင်ပေးပါ။ တစ်ဦးလျှင် ငါးကျပ်ပေးပါမည်ဟု ပြောကြသည်။ ၁ဝယောက်ဆိုလျှင် ၅ဝ ကျပ်ရမည်။ လူတိုးလာလျှင် ၁ဝဝ ကျပ်အထိရမည်။
မှန်ပါသည်။ ကလေးများ အင်္ဂလိပ်စာညံ့ကြသည်။ ညနေကျောင်းဆင်းပြီးချိန်မှာ သင်ပေး၍ရသည်။ ကျွန်တော့်လခက ၁၈၅ ကျပ်သာရှိသည်။ ၅ဝ ကျပ်ဆိုလျှင် ထမင်းဖိုးရမည်။ ၁ဝဝ ကျပ်ဆို အများကြီး။ ကျွန်တော် လိုချင်ပါသည်။ ဘကြီးမှုံကလည်း သူ့အိမ်အောက်ထပ်မှာ သင်၍ရကြောင်း ပြောနေသည်။
ညနေကျောင်းဆင်းသောအခါ စာသင်ခန်းတစ်ခုမှာ အလယ်တန်းကျောင်းသားများအားလုံး စုပြီး ခေါ်လိုက်သည်။ ကျွန်တော့်ကျောင်းမှာ ရှစ်တန်းမရှိ။ ငါးတန်း၊ခြောက်တန်း၊ ခုနစ်တန်း သုံးခုပေါင်းမှ အလယ်တန်းကျောင်းသား ၂၅ ယောက်သာရှိသည်။
အင်္ဂလိပ်စာ အခြေခံအားနည်းကြ၍ အင်္ဂလိပ်စာ တော်လာကြအောင် ညနေကျောင်းဆင်းချိန်မှာ ကျူရှင်သင်ပေးမည်ဖြစ်ကြောင်းနှင့် ကျူရှင်တက်ချင်ကြသူများ လက်ညှိုးထောင်ကြရန် ပြောပါသည်။ ဘတ်စ်ကားပိုင်ရှင်၊ နို့ဆီရုံပိုင်ရှင်တို့၏ သားသမီးများသာမက ဆင်းရဲသားတို့၏ သားသမီးများလည်း တော်ချင်တတ်ချင်ကြ
သည်။
‘‘အေး...တစ်ခုတော့ ရှိတယ်နော်။ မင်းတို့ ကျူရှင်ခတော့ ပေးရမှာ...’’
ကျွန်တော်ပြောအပြီးမှာ ထောင်လျက်ရှိနေသော လက်ညှိုးအချို့ ဖြည်းဖြည်းသာသာ ရုပ်သိမ်းသွားကြသည်။ လက်ညှိုးဆိုသည့်အတိုင်း လက်ကလေးများ ညှိုးကျသွားကြသည်။ မြင်ရသည်မှာ စိတ်မကောင်းစရာ။
သူဝတ္ထုထဲမှ စိတ်ကောင်းနှလုံးကောင်းရှိသော ဆရာဝန်ကိုမြင့်မောင်ကို သဘောကျသောကျွန်တော်။ ဤရွာ၊ ဤကျောင်းကို ကောင်းအောင်လုပ်မည်။ ရွာသူရွာသားများနှင့် ကလေးများကို စေတနာထားမည်ဆိုသော ကျွန်တော်၊ ငွေကြေးပေးနိုင်သူများ တော်ကြစေ၊ ငွေမပေးနိုင်သူများ ရှော်ကြစေ ဖြစ်တော့မည်။
‘‘ဆရာပြောတဲ့ ကျူရှင်ခဆိုတာ ငွေကြေးပြောတာ မဟုတ်ပါဘူးကွ။ ဒီနေ့သင်တဲ့စာ ဒီနေ့ပြီးအောင် လုပ်ရမယ်။ ဒီနေ့ပေးတဲ့ လေ့ကျင့်ခန်း ဒီနေ့ပေးရမယ်။ ဒီနေ့ကျက်ခိုင်းတဲ့စာ ဒီနေ့ရအောင် ကျက်ရမယ်’’
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၈)
No comments:
Post a Comment