လယ်တွင်းသားစောချစ်
တိုင်းပညာဝန်
ခန့်စာရပြီးနောက် ကျောက်မီးရွာသို့ အလျင်မသွားသေးဘဲ မန္တလေးတိုင်းဒေသကြီးက ပညာဝန်ရုံးသို့ သွားသည်။
တိုင်းပညာဝန်၏ ရုံးခန်းမှာ စာတန်းတစ်ခု ချိတ်ဆွဲထား၏။
‘‘ကိုယ်ရေးကိုယ်တာ အခွင့်အရေးတောင်းခြင်း သည်းခံပါ။ လုပ်ငန်းအောင်မြင်မှုအတွက် အများအကျိုးအတွက်ဆိုလျှင် အချိန်မရွေးဝင်တွေ့နိုင်သည်။ လိုအပ်သော အကူအညီကို ပြောပါ’’
စာတန်းကိုဖတ်ပြီး သဘောကျ၍ ပြုံးမိသည်။ ကျွန်တော် ရုံးခန်းထဲသို့ ဝင်သွားသည်။ တိုင်းပညာဝန်က ရုံးအုပ်စာရေးကြီးကို လိုအပ်သည်များ ညွှန်ကြားနေရာမှ
‘‘ထိုင်ပါ’’
ကျွန်တော့်ကို အထိုင်ခိုင်းသည်။
ခဏအကြာတွင် ရုံးအုပ်စာရေးကြီးထွက်သွားသည်။
‘‘ဆိုပါ...ဘာကိစ္စရှိပါသလဲ။ ကျွန်တော် ဘာအကူအညီပေးရမလဲ..’’
တိုင်းပညာဝန်မှာ ဥပဓိရုပ်ကောင်းပါသည်။ အသက်ငါးဆယ်ခန့်ရှိမည် ထင်ပါသည်။ တည်ကြည်သော ဟန်ပန်ရှိ၍ လေးစားစရာ။ အရပ်က ငါးပေဆယ်လက်မခန့်ရှိမည်။ အရပ်နှင့် လိုက်ဖက်သော ကိုယ်ထည်ရှိသည်။
ကျွန်တော်က တိုင်းပညာဝန်၏လက်မှတ်ပါသော အလယ်တန်းပြခန့်စာကို ပညာဝန်ထံ ပေးလိုက်သည်။
‘‘သြ...ဆရာ ကျောက်မီးကျောင်းကို မသွားသေးဘဲ ကျွန်တော့်ဆီအရင်ဝင်လာတာ..ဟန်ကျလိုက်တာ။ အဲကျောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာစရာပြောစရာတွေရှိတယ်။ ကျောက်မီးကျောင်းက အလယ်တန်းကျောင်းဖွင့်ခွင့်ချပေးထားပေမယ့် ခုထိ မူလတန်းကျောင်းပဲရှိသေးတယ်။ ဆရာသွားမှ အလယ်တန်းကျောင်းဖြစ်မှာ။ ကျောင်းအုပ်လည်း မရှိသေးဘူး။ ဆရာကပဲ တာဝန်ခံကျောင်းအုပ်အဖြစ်နဲ့ ဆောင်ရွက်ရမှာ။ လိုအပ်တာတွေကတော့ အများကြီးပဲ။ လုပ်စရာတွေလည်း အများကြီးပဲ။ ကျွန်တော်တို့ စိတ်ကူးထားတာကတော့ ရှေ့နှစ် ကျောင်းဖွင့်ချိန်မှာ အလယ်တန်းကျောင်းအဖြစ်နဲ့ပြည့်ပြည့်စုံစုံ အကောင်အထည်ဖော်ဖို့ပဲ။ အဲဒီအချိန်ကျရင်တော့ ကျောင်းအုပ်လည်း ရောက်လာမှာပါ။ အခုတော့ဆရာကပဲ အားလုံးတာဝန်ယူပြီး အလယ်တန်းကျောင်းတစ်ကျောင်း ဖြစ်လာအောင် အကောင်အထည်ဖော်ပေးရမှာ။ နည်းနည်းတော့ တာဝန်ကြီးမယ်။ ဆရာလုပ်နိုင်မှာပါ’’
‘‘ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်’’
‘‘ကျွန်တော်ကျောင်းကို သွားကြည့်ပြီးပါပြီ။ ရပ်ရွာလူကြီးတွေနဲ့လည်း လိုအပ်တာတွေ ပြောပြပြီးပါပြီ။ သူတို့နဲ့ ဆရာတွေ့ပါ။သူတို့ကလည်း ဆရာ့ကို ကူညီမှာပါ။ ရုံးကိုလည်း မကြာမကြာလာပါ။ လိုအပ်တာပြောပါ။ ကျွန်တော်လည်း ဆရာ့ကို ကူညီပါ့မယ်’’
ပြည့်ပြည့်စုံစုံစိတ်ရှည်စွာ ပြောပြနေသော တိုင်းပညာဝန်ကို လေးစားမိသည်။ ဆရာတစ်ယောက်အပေါ်ထားသော မေတ္တာ၊ စေတနာကို နားလည်၍ အလုပ်အတွက် အားတက်မိသည်။ သူတာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းအပေါ်မှာ လေးနက်သောသဘောထားရှိသူဖြစ်သည်။ အတုယူစရာ လူကြီးလူကောင်းနှင့် တွေ့နေရခြင်းဖြစ်သည်ဟု ဝမ်းသာလိုက်မိသည်။
တိုင်းပညာဝန်က သူ၏စာရေးကြီးနှစ်ယောက်ကို ခေါ်ပြီး ကျောက်မီးရွာကျောင်းအတွက် လိုအပ်မည့် ပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ ညွှန်ကြားချက်များ၊ ဖိုင်ကာဗာများ ထုတ်ပေးရန် ပြောလိုက်သည်။
တိုင်းပညာဝန်အခန်းမှ ထွက်လာသောအခါ နံရံမှာ ချိတ်ဆွဲထားသော စာကို တစ်ခေါက်ပြန်ဖတ်လိုက်သည်။ သူရေးထားသောစာနှင့် ကိုက်ညီပေသည်ဟုလည်း သဘောကျမိသည်။
အခန်းအဝင်ပေါက်ဘေးမှ ဆိုင်းဘုတ်လေးကိုလည်း လှမ်းကြည့်လိုက်ပါသည်။ တိုင်းပညာဝန်၏ နာမည်ဖြစ်ပါသည်။
‘ဦးတင်မောင်လွင်’
‘မန္တလေးတိုင်းပညာဝန်’
ခရိုင်ပညာဝန်က ကျွန်တော်တို့ကျောင်းကို စစ်ဆေးပြီး တိုင်းပညာဝန်ကို ပြန်လည်တင်ပြပါသည်။ တိုင်းပညာဝန်နဲ့က သူမသိ၍ ကြိုတင်မှာကြားခြင်း မပြုလိုက်ရသည်ကို စိတ်မကောင်းကြောင်း ပြောသည်ဟု ပြန်ကြားရပါသည်။ အဆိုးထဲမှ အကောင်းတစ်ခု ရလိုက်ပါသည်။ တိုင်းပညာဝန်နှင့် ခရိုင်ပညာဝန် တိုင်ပင်ညှိနှိုင်းပြီး ကျွန်တော်တို့ကျောင်းကို မူလတန်းဆရာမလေးတစ်ယောက် ပို့လိုက်ပါသည်။ ကျွန်တော်တို့ အသက်ရှူချောင်သွားပါသည်။
ခွင့်မဲ့ပျက်ကွက်သော ဆရာမနှစ်ယောက်ကိုလည်း နောင်တွင် ခွင့်မတိုင်ဘဲ ကျောင်းပျက်ခြင်း မရှိစေရန် သတိပေးခြင်းဖြင့် ပြီးသွားပါသည်။
လုပ်ငန်းတာဝန်ကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် တာဝန်ယူကြသော လူကြီးများဖြစ်ပါသည်။ ဆရာမလေး နှစ်ယောက်လည်း ကျေနပ်ကြပါသည်။
ခရိုင်ပညာဝန်ကျောင်းစစ်ပြီး တစ်ပတ်ခန့်ကြသောအခါ နေ့ခင်းနားချိန်မှာ ဆရာ၊ ဆရာမများ နားနေခန်းရှိ စားပွဲရှည်ကြီးမှာ နေ့လယ်စာအတူစားနေကြစဉ် ဆရာမဒေါ်ခင်ဌေးက
‘‘ဆရာ...မနက်ဖြန် ကျွန်မတို့ ကျောင်းမလာဘူး’’ ဟု ပြောပါသည်။
‘‘ဟာ...လုပ်ကြပြန်ပြီလားဗျာ...ဘာဖြစ်လို့တုန်း’’
ဦးလှမင်းကပါ ပြောနေသည်။
သူ့ကို လှမ်းကြည့်တော့ သူ့မျက်နှာက ပြုံးစိစိ။
‘‘နောက်နေကြတာလားဗျာ’’
ကျွန်တော်မေးတော့ ရယ်ကြသည်။
‘‘မနက်ဖြန်လခထုတ်မယ့်နေ့လေ ဆရာ။ ကျွန်မတို့အားလုံး ပုသိမ်ကြီးသွားပြီး လခထုတ်ရမယ်’’
ဒေါ်ခင်စန်းပြောမှ ရှင်းသွားပါသည်။ အဖေကြီးတို့ လစာထုတ်နေ့ကျောင်းပိတ်သည်ကို သတိရမိသည်။
‘‘ဆရာကရော လစာမထုတ်ဘူးလား။ ဘယ်မှာ ထုတ်မှာလဲ’’
‘‘ဗျာ’’
ကျွန်တော်အံ့သြသွားသည်။
မှန်ပါသည်။ လစာဘယ်မှာထုတ်ရမှန်းမသိပါ။
‘‘ကျွန်မတို့ကတော့ မူလတန်းကျောင်းတုန်းက လစာစာရင်းပဲ ပါနေတဲ့အတွက် ဒီနှစ်ကုန်တဲ့အထိ ပုသိမ်ကြီးမှာ လစာထုတ်ရမယ်လို့ ပညာအုပ်ဦးရွှေက ပြောတယ်။ ဆရာ့အတွက်က ဘယ်မှာထုတ်ရမယ်ဆိုတာ ဆရာသိတယ်မှတ်နေတာ’’
ဒေါ်ခင်ဌေးရှင်းပြမှ ငွေစာရင်းကိစ္စ၊ လစာကိစ္စများ ခေါင်းထဲ ရောက်လာသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၂)
No comments:
Post a Comment