အောင်ဆန်း(စိုက်ပျိုးရေး)
နိုင်ငံတကာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လမ်းညွှန်မှုဖြင့် အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံသော လယ်ယာထွက်ကုန်သီးနှံများ၊ သစ်သီးဝလံဟင်းသီးဟင်းရွက်များကို ရွေးချယ်စားသုံးလာကြသည်။ လယ်ယာထွက်ကုန်သီးနှံများနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များကို ထုတ်လုပ်ရောင်းချသူများသည် သီးနှံများ၏ အရည်အသွေးကောင်းမွန်မှုနှင့် ဘေးကင်းလုံခြုံမှုကို အဓိကထားထုတ်လုပ်လာကြသည်ကို တွေ့ရသည်။
ဤသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေရင်းပင် သီးနှံများ၏အရည်အသွေးကို သဘာဝအလျောက် ပျက်စီးစေသည့် အချက်များက လွှမ်းမိုးနေသည်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ သဘာဝအလျောက် ပျက်စီးစေ သည့်အချက်များကို ကာကွယ်တားဆီးရန် စီမံနိုင်မှသာ အရည်အသွေးကောင်း ရိက္ခာသီးနှံများကို ရေရှည်ထိန်းသိမ်းထားနိုင်ကြမည်ဖြစ်သည်။
ရိက္ခာသီးနှံများ၏ အရည်အသွေးကို သဘာဝအလျောက်ပျက်စီးခြင်းကို လွှမ်းမိုးနေသည့်အချက်များအား လေ့လာစူးစမ်းကြည့်မိပါသည်။ အဆိုပါ လွှမ်းမိုးနေသည့် အချက်များကို ဂဃနဏ သိရှိနားလည်သဘောပေါက်ထားမှသာ ကာကွယ်တားဆီးရန် စီမံနိုင်မှုသည် လွယ်ကူထိရောက်မည်ဖြစ်ပါသည်။ ရိက္ခာသီးနှံများ၏ အရည်အသွေးကို ပျက်စီးစေရန် လွှမ်းမိုးနေသည့် အချက်များတွင် မရိတ်သိမ်းမီအချက်များ ဖြစ်တည်နေပါသည်။ ရိက္ခာသီးနှံများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားနိုင်ရန်မှာ သီးနှံစိုက်ခင်းမှသည် ထမင်းစားစားပွဲပေါ်ရောက်သည်အထိ ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရေးပါပါသည်။
သီးနှံစိုက်ခင်းတွင် ကနဦးစဉ်းစားရမည်မှာ မျိုးရွေးချယ်မှုသည် သော့ချက်ဖြစ်ပါသည်။ ရိက္ခာသီးနှံတစ်မျိုးချင်းစီတွင် မျိုးကွဲပေါင်းများစွာ ရှိကြပါသည်။ ရာသီဥတု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သော မျိုးများလည်းရှိကြသည်။ အရွယ်အစား၊ အရောင်အဆင်း၊ ရင့်မှည့်ချိန်ကစ၍ မတူညီသော မျိုးများ၊ ထိခိုက်ပွန်းပဲ့မှုခံနိုင်ရည်ရှိသော မျိုးများလည်း ရှိကြပါသည်။ ကြာရှည်သိုလှောင်ထားနိုင်သော မျိုးများ၊ စည်သွတ်ခြင်း၊ အေးခဲခြင်း၊ အချဉ်တည်ခြင်း၊ အခြောက်ခံခြင်း ပြုလုပ်နိုင်သော မျိုးများလည်း ရှိကြပါသည်။ စည်သွတ်စားတော်ပဲအား အအေးခံခြင်းပြုလုပ်၍ မရသလို အေးခဲ၍ရသော အာလူးအား အာလူးခြောက်ပြုလုပ်၍မရရှိနိုင်ပေ။ ဤသို့ မတူညီသောမျိုးကွဲများရှိသည့်အတွက် ထုတ်လုပ်ကြသော ကုမ္ပဏီကြီးများသည် တောင်သူများအား မျိုးကောင်းမျိုးသန့်တစ်မျိုးသာပေး၍ စိုက်ပျိုးထုတ်လုပ်စေပြီး တူညီသော အရည်အသွေးမြင့်ကုန်ကြမ်းများကို အာမခံချက်ပေး၍ ဝယ်ယူသည့် အစီအမံများကို ပြုလုပ်လျက်ရှိကြသည်ကို တွေ့ရှိရသည်။
ထုတ်လုပ်မှုတွင် ပန်းသီး၊ သစ်တော်သီး၊ သရက်သီး၊ ထောပတ်သီး၊ ဖရဲသီး၊ သခွားမွှေးများ များစွာရှိသော်လည်း စျေးကွက်တွင် အရည်အသွေးအဆင့်မီ အသီးများအဖြစ် ရောင်းချရန် အလွန်ရှားပါးလှပါသည်။ အချို့မှာ အစားအစာပြုပြင်မွမ်းမံခြင်းအဆင့်သာ ရှိကြသည်ကို တွေ့ရသည်။ သို့ပါ၍ နောက်ဆုံးအသုံးပြုမည့်ပုံစံနှင့် ကိုက်ညီမည့်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးထုတ်လုပ်ရန် ဖြစ်ပါသည်။ အစားအစာ ပြုပြင်မွမ်းမံခြင်းအတွက်ဆိုလျှင် ဒေသမျိုးများကိုသာ အသုံးပြုသင့်ပါသည်။
![]() |
ဓာတ်ပုံ - ရဲသူရအောင် |
ရိက္ခာသီးနှံများ အရည်အသွေးမြင့်ပြီး ဘေးကင်းလုံခြုံစွာ ထုတ်လုပ်နိုင်ရန်မှာ စိုက်ခင်းစိုက်ပျိုးပြုစုစောင့်ရှောက်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ကပင် ဂရုတစိုက်ဆောင်ရွက်မှသာ အစကောင်း၍ အနှောင်းသေချာမည်ဖြစ်သည်။ သီးနှံစိုက်ခင်းကာလတွင် ကောင်းစွာစနစ်တကျ ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို များစွာအကျိုးသက်ရောက်မှု ရှိစေပါသည်။
သီးနှံစိုက်ခင်းများ ပြုစုစောင့်ရှောက်စဉ်တွင် ရေပေးသွင်းမှု များလွန်း၊ နည်းလွန်းခြင်း၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုမှုများလွန်း၊ နည်းလွန်းခြင်း၊ ထိခိုက်ပွန်းပဲ့မှုကြောင့် ဒဏ်ရာရရှိမှု များလွန်းခြင်း၊ ပိုးမွှားရောဂါကျရောက်မှုကို ထိရောက်စွာမကာကွယ်နိုင်ခြင်းတို့ကြောင့် ရိက္ခာသီးနှံများ၏ အရည်အသွေးကျဆင်းခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းတို့ တွေ့ကြုံခံစားရစေနိုင်ပါသည်။ သို့အတွက် သီးနှံများ မရိတ်သိမ်းမီ အရည်အသွေးကျစေရန် လွှမ်းမိုးနေသည့် အချက်များကို ကြိုတင်စီမံမှုများဖြင့် အချိန်နှင့်တစ်ပြေးညီ ကာကွယ်တားဆီးရန် လိုအပ်ပါသည်။
ဤသို့ မစီမံနိုင်ခဲ့ပါက ရောဂါဝင်ရောက်လွယ်ပြီး အသီးများ ပုပ်ရိပျက်စီးစေပါသည်။ သခွားသီး၊ ဖရဲသီးတို့အား ထောက်ခံပြုလုပ်ပေးမထားဘဲ မြေကြီးနှင့်တိုက်ရိုက်ထိတွေ့ပေးထားမှုကြောင့် ထိတွေ့ရာမှတစ်ဆင့်ပွတ်တိုက်ပြီး ဒဏ်ရာရစေပါသည်။ ၄င်းဒဏ်ရာမှ Phizoctionia မှိုဝင်ရောက်ပြီး ရိပုပ်စေခြင်းဖြစ်ပါသည်။ နိုက်ထရိုဂျင် လွန်ကဲစွာအသုံးပြုမိပါက ဘရိုကိုလီပန်းပွင့်ကို Exwinia ဘက်တီးရီးယားဝင်ရောက်ခံရပြီး ပုပ်ရိစေပါသည်။ သို့အတွက် ဘရိုကိုလီစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်မြေသြဇာ များလွန်းခြင်းကြောင့် အရည်အသွေးကျဆင်းခြင်း မဖြစ်စေရန် အရွက်ဖျန်းမြေသြဇာကိုအသုံးမပြုဘဲ မြေကြီးအတွင်းကိုသာ ဓာတ်မြေသြဇာထည့်သွင်းပေးခြင်းဖြင့် ကာကွယ်တားဆီးကုစားနိုင်ပါသည်။ အာလူးအခွံပွန်းပဲ့ဒဏ်ရာဖြစ်စေမှုကြောင့် ၄င်းဒဏ်ရာမှ အစိုဓာတ်အငွေ့ပျံ ဆုံးရှုံးမှု ဖြစ်ပေါ်သဖြင့် အာလူးအရည်အသွေးကျပြီး အလေးချိန်သုံးဆမှ လေးဆအထိ ဆုံးရှုံးခြင်းကို ပွန်းပဲ့ဒဏ်ရာ မရရှိအောင် ဂရုတစိုက် ကိုင်တွယ်ခြင်းဖြင့် ထိန်းသိမ်းထားနိုင်ပါသည်။
တစ်ဖန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်များနှင့် ရာသီဥတုအခြေအနေများကလည်း ရိက္ခာသီးနှံများ၏ အရည်အသွေးပျက်စီးမှုနှင့် ဘေးကင်းလုံခြုံမှု မရှိမှုတို့ကို လွှမ်းမိုးနေပြန်ပါသည်။ မြေအမျိုးအစား၊ အပူချိန်၊ နှင်းခါးရိုက်၊ မိုးရေချိန် စသည့်အချက်များကြောင့် သီးနှံများ ပျက်စီးစေမှု၊ အရည်အသွေး ကျဆင်းစေမှုကို လွမ်းမိုးထားသည်။ သစ်တော်သီးသည် သုည ဒသမ ၂ ဒီဂရီစင်တီဂရိတ်တွင် မရင့်မှည့်ဘဲ တာရှည်ထိန်းသိမ်းထားနိုင်သည်။ ၃ဝ ဒီဂရီစင်တီဂရိတ်ကျော်ပါက စတင်ရင့်မှည့်လာသည်။ မြေသြဇာကြွယ်ဝသောမြေအမျိုးအစားတွင် စိုက်ပျိုးသောမုန်လာဥနီသည် မြေဆီသြဇာနည်းသော ယာမြေများတွင် စိုက်ပျိုးသောမုန်လာဥနီလောက် သိုလှောင်ခံနိုင်မှု မရှိသည်ကို တွေ့ရသည်။ မြေတွင်းအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် ရှိလာပါက မုန်လာဥကဲ့သို့ အမြစ်စားသီးနှံများမှာ မြေအောင်းပိုးဒဏ်ခံနိုင်ရည်မရှိတော့ဘဲ အနက်ရောင်အစက်များဖြစ်ပေါ်၍ အရည်အသွေးကျဆင်းစေခြင်းကို မြေအပူချိန်ကျစေရန် စိမ့်ရုံရေပေးသွင်းခြင်းဖြင့် လွှမ်းမိုးမှုကို ဖယ်ရှားရန်စီမံနိုင်ပါသည်။ မိုးရာသီစိုက် ဆလပ်ရွက်သည် အဝေးသို့သယ်ယူပို့ဆောင်၍ မရသည့်အပြင် ပုပ်ရိ၍ အရည်အသွေးကျဆင်းစေပါသည်။ ဤသို့ လွှမ်းမိုးနေသည့် အချက်အား နိုင်ငံတကာတွင် မှန်လုံအိမ်ဖြင့်စိုက်ပျိုးခြင်း၊ အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်းများဖြင့် ကျော်လွှားနေပြီဖြစ်ပါသည်။
ရိက္ခာသီးနှံများ၏ အရည်အသွေးကို ကျဆင်းစေရန် လွှမ်းမိုးနေသည့် အချက်များတွင် ရိတ်သိမ်းစဉ်အချက်များလည်း အကျုံးဝင်နေပါသည်။ သီးနှံများ ရိတ်သိမ်းချိန်တွင် ရင့်မှည့်မှုအခြေအနေသည် အရည်အသွေးကို လွှမ်းမိုးထားပါသည်။ ပြီးပြည့်စုံသော ရင့်မှည့်မှုကို တိကျစွာသိရှိရန် စံပြရင့်မှည့်မှု အညွှန်းကိန်းဖြင့် တိုင်းတာနိုင်ပါသည်။ ရင့်မှည့်မှုမပြည့်စုံသေးဘဲ စော၍ ရိတ်သိမ်းဆွတ်ခူးလျှင်လည်းကောင်း၊ ရင့်မှည့်မှုပြည့်စုံပြီးနောက် အချိန်နောက်ကျမှ ရိတ်သိမ်းဆွတ်ခူးလျှင်လည်းကောင်း၊ ကောင်းမွန်သော အရည်အသွေးကို မရရှိနိုင်ပါ။ သီးနှံများ၏ ဖွံ့ဖြိုးမှုကာလအပိုင်းအခြားကို ခန့်မှန်းခြင်း၊ အရွယ်၊ အလေးချိန်၊ သိပ်သည်းဆ၊ အရောင်၊ အပျော့အမာ၊ အစိုဓာတ်၊ အစိုင်အခဲ၊ ကစီဓာတ်၊ သကြားဓာတ်၊ အက်စစ်ဓာတ်၊ ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုများ စသည်တို့ကိုရင့်မှည့်မှု အညွှန်းကိန်းဖြင့် တိုင်းတာ၍ ဆွတ်ခူးရိတ်သိမ်းခြင်းဖြင့် အရည်အသွေးကျဆင်းအောင် လွှမ်းမိုးနေမှုများကို စီမံဖယ်ရှားနိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)
No comments:
Post a Comment