August 3, 2020

လမြတ်ချိန်ခါ ဒေသနာ တရားဦးဓမ္မစကြာ

မင်းသန်းနိုင် (မုဒုံ)

        ဩဂုတ်လ ၃ ရက်နေ့ တနင်္လာနေ့၊ ၁၃၈၂ ခု၊ ဒုတိယဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မစကြာနေ့ဖြစ်ပေသည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒ‌ရေးဆိုင်ရာ နေ့ထူးနေ့မြတ်ပင် ဖြစ်သည်။


        ဝါဆိုလပြည့်နေ့၏ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက်တုသိတာနတ်ပြည်မှသက်ဆင်း၍ လူ့ပြည်၌ပဋိသန္ဓေ တည်သောနေ့၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီးနောက် ဓမ္မစကြာတရားဦးဟောတော်မူသောနေ့၊ သာ၀တ္ထိပြည်သရက်ဖြူပင်ရင်း၌ တိတ္ထိတစ်သင်းကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြသောနေ့ ဖြစ်ခြင်းကြောင့် ထူးမြတ်သောနေ့ ဖြစ်သည်။

        ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင်မိဂဒါဝန်တော၌ ဟောကြားတော်မူခြင်းကြောင့် ဝါဆိုလပြည့်နေ့ကို ဓမစ္မကြာအခါတော်နေ့ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။ ဓမ္မစကြာသုတ္တန်ဟူသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖျားဖျား ဟောကြားတော်မူသော တရားဒေသနာတော်ပင် ဖြစ်သည်။

        ဓမ္မစကြာသုတ္တန်ကို ဂေါတမမြတ်စွာဘုရားတစ်ပါးတည်းသာ ဦးဦးဖျားဖျားဟောကြားတော်မူခဲ့သည်မဟုတ်။ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြသော ဘုရားရှင်များသည်လည်း ဤဓမ္မစကြာသုတ္တန်ကိုပင် ဦးဦးဖျားဖျားဟောကြားတော်မူခဲ့ကြသည်။ ထိုမျှသာမက နောင်ပွင့်တော်မူမည့် ဘုရားရှင်များသည်လည်း ဤဓမ္မစကြာသုတ္တန်ကိုပင် ဦးဦးဖျားဖျား ဟောကြားတော်မူမည် ဖြစ်သည်။ သို့ဖြစ်၍ ဤဓမ္မစကြာသုတ္တန်ကို ဦးဦးဖျားဖျား ဟောကြားလေ့ရှိသဖြ င့် ထူးခြားသော တရားဒေသနာတော်ကြီးပင် ဖြစ်သည်။

ဓာတ်ပုံ - အင်တာနက်

        ဓမ္မစကြာသုတ္တန်ကို ပဋိကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တနသုတ္တန်ဟု ခေါ်ဆိုထားသည်ကို တွေ့ရသည်။ ထိုစကား၌ ဓမ္မစက္က၏အရမှာ အဋ္ဌကထာ၌ ဉာဏ်တော်ကို ဆိုလိုရင်းဖြစ်ကြောင်း ပြဆိုထားသည်။ ထိုဉာဏ်တော်သည် (၁)ပဋိဝေဒဉာဏ် (ထိုးထွင်းဉာဏ်)၊ (၂) ဒေသနာဉာဏ် (ဟောပြောပြဉာဏ်) ဟု နှစ်မျိုးနှစ်စားရှိကြောင်း ပဋိဒေဝဉာဏ်တော်သည် ဗောဓိမဏ္ဍိုင်၌ ဖြစ်ပေါ်ခဲ့သည်။ ဒေသနာဉာဏ်တော်ကား ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဖြစ်ပေါ်ခဲ့သည်။ ဘုရားရှင်သည် ကိုယ်တော်တိုင် ပဋိဝေဒဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိတော်မူသော သစ္စာလေးပါးတရားမွန်တို့ကို သူတစ်ပါးတို့အား သိစေရန် ဒေသနာဉာဏ်ဖြင့် ဟောပြောပြတော်မူရသည်။

        ပ၀တ္တနဆိုရာ၌ ဖြစ်စေခြင်းဟု ဆိုလိုရာ၊ ဆုံခဲ့ပြီးသော ဉာဏ်တော်နှစ်ပါးကို ဖြစ်စေခြင်းဟု အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် မြတ်စွာဘုရား၏ ထိုဉာဏ်တော်နှစ်ပါးကို ဖြစ်စေသော သုတ္တန်တရားတော်သည် ဓမ္မစက္ကပ၀တ္တနသုတ္တန်တရားတော်ဖြစ်လေသည်။

        ဤဓမ္မစကြာသုတ္တန်ဒေသနာ၏ အစပိုင်း၌ ဘရားရှင်သည် ပဉ္စ၀ဂ္ဂီငါးဦးတို့၏ အယူမှားများကို ပယ်ဖျက်ပြီး တရားစစ်၏အခြေခံ သစ္စာလေးပါးမြတ်တရားကို အကျယ်ရှင်းလင်းဟောပြတော်မူ၏။ ထိုသစ္စာလေးပါးတရားမှာ ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒ္ဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော ဤလေးပါးပင် ဖြစ်သည်။ ဤသစ္စာလေးပါးတရားကိုပင် အရမ်းမဲ့ယုံကြည်စရာမဟုတ်၊ လက်တွေ့မျက်မှောက်ပြုရမည့်တရားများဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တို့က မှတ်သားသင့်သည်။

        ထို့ပြင် မဇ္ဈိမပဋိပဒါအလယ်အလတ်ကျင့်စဉ်ဟု ဆိုထားသဖြင့် ဗုဒ္ဓဘာသာဟူသည် ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုးမဟုတ်ဘဲ ကိုယ်တိုင်လုပ်ဆောင် ကျင့်သုံးရသော နိဗ္ဗာန်လမ်းစဉ်မျိုး ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းများမှ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ တကယ့် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် မြတ်ဗုဒ္ဓ၏ ဟောဆိုညွှန်ပြစကားများအတိုင်း လိုက်နာကျင့်သုံးမှသာလျှင် ချမ်းသာစစ်အမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရှိနိုင်လိမ့်မည် ဖြစ်ပေသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)

No comments:

Popular Posts