လယ်တွင်းသားစောချစ်
‘‘သဘောမကျပါနဲ့ ဆရာရယ်။ အာဏာဆိုတာ ပူတယ်ဗျ။ မတွေ့ဘူးလား။ ဒေါသကြီးနေတဲ့ လူတွေကို သူတို့ထက်ပိုလွှမ်းအောင် မာရေကျောရေပြောရတာ။ ခြိမ်းခြောက် ဟိန်းဟောက် လုပ်ရတာ မကောင်းပါဘူး။ မလုပ်ရင်မဖြစ်လို့ လုပ်ရတာ။ တကယ်တော့ ဆရာတို့ ဆရာမတို့က မေတ္တာနဲ့အသက်မွေးရလို့ အေးချမ်းတာ’’
‘‘မိုက်ရိုင်းတော့ မင်းဘာလုပ်ချင်သေးလဲကွာ...ကဲ’’
‘‘ဘာလဲ ခင်ဗျားက... လူမိုက်စကားပြောတာလား..ခင်ဗျားလိုလူလောက်တော့ ကျုပ်က...’’
‘‘ဟေ့လူတွေ... တိတ်စမ်း... ရပ်လိုက်စမ်း’’
လက်ထောက်မြို့ပိုင် ဦးသိန်းထွန်း၏အသံ ကားပေါ်မှာ ဟိန်းသွားသည်။
ကားပေါ်မှလူများအားလုံး ဦးသိန်းထွန်းကို လှမ်းကြည့်ကြသည်။
‘‘ကျွန်တော်က ပုသိမ်ကြီးမြို့နယ်၊ လက်ထောက်မြို့ပိုင်သိန်းထွန်း၊ ကျောက်မီးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးတာဝန်ယူထားတာ။ မှုခင်းကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့ သိပ်မိုက်ရိုင်းတဲ့ လူတွေ။ ဒီမှာ လူကြီးလူကောင်းတွေပါတယ်။ ဆရာ၊ ဆရာမတွေပါတယ်။ ခင်ဗျားတို့ ဘယ်သူ့မှ အားမနာဘူး။ နားကိုပူနေတာပဲ’’
စကားများသူနှစ်ယောက်သာမက ကားပေါ်ရှိလူအားလုံး တိတ်ငြိမ်သွားသည်။ ဦးသိန်းထွန်း၏ အချိန်ကိုက်ဝင်ရောက်ပြောဆိုပုံ၊ လေသံနှင့် စကားလုံးသုံးပုံများကို ကျွန်တော် သဘောကျလေးစားမိသည်။
‘‘ကားစပယ်ယာ’’
ဦးသိန်းထွန်းက လူစွာစပယ်ယာကို လက်ညှိုးထိုးပြီး လှမ်းကြည့်နေသည်။ စပယ်ယာ မျက်နှာပျက်နေပြီ။
‘‘မင်းတစ်ချိန်လုံး ကားပေါ်တက်လာတဲ့လူတွေကို မာရေကျောရေ ပြောလာတာ... ရန်လိုလာတာ... ကားစီးလာတဲ့လူတိုင်း စိတ်ပျက်နေကြပြီ။ ပေးစမ်း မင်းစပယ်ယာလိုင်စင်’’
‘‘ကျွန်တော် မပါခဲ့ပါဘူး ဆရာ။ အိမ်မှာကျန်ခဲ့တယ်’’
‘‘စပယ်ယာ..လိုင်စင်ကျန်ခဲ့တယ် ပြောလို့မရဘူးကွ။ မင်း ငါ့ကို မညာနဲ့ မှန်မှန်ပြော’’
တကယ်အာဏာရှိသူ၏ အမိန့်အာဏာသံကို ကြားရခြင်း ဖြစ်သည်။
‘‘ဟေ့ကောင် အောင်ကျော်’’
ရှေ့ခန်းယာဉ်မောင်းထံမှ ထွက်လာသောအသံ။
‘‘မင်း တော်တော်ပြသနာရှာတဲ့ကောင်...ကားပေါ်တက်လာတဲ့ လူတိုင်းကို မာရေကျောရေနဲ့ အာဏာပြနေတာ။ မင်းမှာ ဘာလိုင်စင်မှလည်း မရှိဘူး။ မနက်ဖြန်ကစပြီး မင်းမလိုက်နဲ့တော့...’’
ကိစ္စပြတ်သွားပါပြီ။
ကျွန်တော်တို့လည်း လက်ကောင်း ရောက်၍ ကားပေါ်မှ ဆင်းခဲ့ကြသည်။
‘‘မြို့ပိုင်ကြီးပြောလိုက်တာ သိပ်ကောင်းတာပဲ’’
ဆရာမဒေါ်ခင်ဌေးက စတင်ချီးကျူးသည်။
‘‘ဟုတ်တယ်..ကျွန်မဖြင့် တစ်ချိန်လုံးစိတ်ညစ်နေတာ’’
ဒေါ်ခင်စန်းက ထောက်ခံသည်။
‘‘ဟုတ်တယ်ဗျ။ ကျွန်တော်လည်း မကျေနပ်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ပြောရင် ဒီလိုခံမှာ မဟုတ်ဘူး။ မြို့ပိုင်ဆိုတော့မှ လူစွာတွေ ငြိမ်ကျသွားတာ။ အာဏာရှိတယ်ဆိုတာ ဒါမျိုးပြောတာ။ ဒါကြောင့်မို့ လူတွေ အာဏာကို သဘောကျတာ’’
ကျွန်တော်အားပါးတရ ချီးကျူးလိုက်၍ ဦးသိန်းထွန်းက ပြုံးသည်။
‘‘သဘောမကျပါနဲ့ ဆရာရယ်။ အာဏာဆိုတာ ပူတယ်ဗျ။ မတွေ့ဘူးလား။ ဒေါသကြီးနေတဲ့ လူတွေကို သူတို့ထက်ပိုလွှမ်းအောင် မာရေကျောရေပြောရတာ။ ခြိမ်းခြောက် ဟိန်းဟောက်လုပ်ရတာ မကောင်းပါဘူး။ မလုပ်ရင် မဖြစ်လို့လုပ်ရတာ။ တကယ်ကျတော့ ဆရာတို့၊ ဆရာမတို့က မေတ္တာနဲ့အသက်မွေးရလို့ အေးချမ်းတာ’’
ဦးသိန်းထွန်း၏ စကားမှာ လူကြီးဆန်ရုံမက လေးနက်သောအဓိပ္ပာယ်လည်း ပါသည်။
‘‘ဆရာ..’’
‘‘ဆရာမ...’’
ခပ်လှမ်းလှမ်းမှ သစ်ပင်ရိပ်တွင် လှည်းရပ်ထားသည်။ ကျောင်းသားနှစ်ယောက်ပြေးလာကြသည်။ ဆရာ၊ ဆရာမအားလုံးပါလာ၍ ဝမ်းသာနေကြသည်။ အားလုံးလှည်းစီးပြီး ရွာဆီသို့သွားကြသည်။ ခပ်လှမ်းလှမ်းရှိ ညို့ညို့မှိုင်းသော ရွာရှည်ရွာသို့ လယ်ကွင်းများဖြတ်ပြီး လှည်းစီးရသည်မှာ ပျော်စရာ၊ လှည်းလမ်းနှစ်ဖက်မှ တောတန်းများတွင် ဖွေးဖွေးဖြူပွင့်နေသော မိကျောင်းပန်းများကို ကျောင်းသားနှစ်ယောက်က ဆင်းခူးပြီး ဆရာမ
သုံးယောက်ကို ပေးကြသည်။ ဆရာမလေးများ ခေါင်းမှာ မိကျောင်းပန်းများနှင့် ဖွေးနေသည်။ ရွာနှင့် နီးလာသောအခါ ကြိုနေကြသော မိန်းကလေးများ ပြေးလာကြသည်။ ဆရာ၊ ဆရာမများကို နှုတ်ဆက်ပြီး ဝမ်းသာပျော်ရွှင်နေကြသည်။ တပည့်များနှင့် ဆရာ၊ ဆရာမများ ခေါ်ကြ၊ အော်ကြ၊ ပျော်နေကြသည်ကို ကြည့်ပြီး မြို့ပိုင်ကြီး သဘောကျစွာ ပြုံးနေသည်။
ရွာထဲရောက်သည်နှင့် ဦးသိန်းထွန်းက ရွာလူကြီးအိမ် သွားသည်။ ဘဏ်ချေးငွေများ ကောက်ခံရန်၊ ပြန်ဆပ်ကြရန် ညွှန်ကြားထားသည်ကို အခြေအနေမေးမြန်းရန် ဖြစ်သည်။
ကျွန်တော်တို့ ဆရာ၊ ဆရာမများကတော့ ကလေးများ၏ အိမ်များသို့ သွား၍ မိဘများနှင့် တွေ့ဆုံပြီး စီးပွားရေးအခြေအနေ၊ ကလေးများ၏ ပညာရေးအခြေအနေနှင့် လိမ္မာယဉ်ကျေးမှုရှိ မရှိ မေးရသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၇)
No comments:
Post a Comment