ချစ်နိုင်(စိတ်ပညာ)
လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အလယ်မှာ ထည်ထည်ဝါဝါ နေရာတစ်နေရာရဖို့ဆိုရင် အခြေခံအားဖြင့် ရိုးသားမှု ရှိရမယ်။ ကြိုးစားမှုရှိရမယ်။ ဒါကို သမီးလေးကို မကြာခဏပြောပြနေကြနော်။ မရိုးသားဘဲအောင်မြင်မြင့်မားလာခဲ့ရင် တစ်ကွေ့ကွေ့မှာ အကျနာတတ်တယ်။ မရိုးသားရင် တာရှည်မခံဘူး။ လိမ်တာညာတာ ဖုံးကွယ်လှည့်စားတာမျိုးဟာ တစ်နေ့မဟုတ် တစ်နေ့ ပေါ်ပေါက်တော့တာပဲ။ ရေရှည်ခိုင်မာခိုင်ခံ့တာက ရိုးရိုးသားသား လုပ်ဆောင်ခြင်းနဲ့ရတဲ့ ကောင်းကျိုး။
ကြိုးစားရမယ်လို့ဆိုတာက အောင်မြင်သူမှန်သမျှဟာ လုံ့လဝီရိယနဲ့ ကြိုးစားကြတာမို့ပါ။ တကယ်တမ်းကြိုးစားခဲ့ကြတာမို့ပါ။ အကယ်၍သာ ကြိုးစားလုံ့လမရှိရင် ဘယ်သူမှမအောင်မြင်နိုင်ဘူး။ မိမိလည်း လောကမှာ လူတစ်လုံးသူတစ်လုံး ရပ်တည်ချင်ရင် ကြိုးစားရမှာပဲ။
ရိုးသားပါတယ်။ ကြိုးစားပါတယ်။ ပြီးရောလား။
ပညာရပ်နယ်ပယ်တစ်ခုခုမှာ အထူးပြုကျွမ်းကျင်သူ ဖြစ်စေရမယ်။ စာတွေ့လက်တွေ့ ရှစ်နှစ်ကြာမျှ သင်ယူဆည်းပူး လေ့ကျင့်ခဲ့ရတဲ့ ဆေးကုသဆရာဝန်ဟာ (M.B.B.S) ဘွဲ့ရတာတွေ မှန်တယ်။ တကယ်ကျွမ်းကျင်ဖို့ရာတော့ အတွေ့အကြုံနဲ့ လေ့လာမှုလိုတယ်။
ဆရာဝန်ဘွဲ့ရပြီးတာနဲ့ ပြီးပြီမဆိုနိုင်သေးပါဘူး။ ကုသမှုအတွေ့အကြုံများတာနဲ့အမျှ ကျွမ်းကျင်တတ်မြောက်မှု အရည်အသွေးမြင့်မားလာတယ်။ ကလေးအထူးကု၊ မီးယပ်နဲ့ သားဖွားအထူးကု၊ အရိုးအထူးကု၊ နှလုံးအထူးကု၊ စိတ်ရောဂါအထူးကုအစရှိသဖြင့် ဆေးပညာမဟာသိပ္ပံအဆင့် ဆက်လက်ဆည်းပူးသင်ယူစရာတွေ ရှိနေသေးတယ်။
M.Sc. ရရင် ပြီးပြီလား။
F.R.C.S နဲ့ M.R.C.P စတဲ့ ဘွဲ့လွန်ပါရဂူပညာရပ် အသိအမှတ်ပြုစာမေးပွဲနဲ့ လက်တွေ့စစ်ဆေးတာတွေကို ဖြေပြီး ရတဲ့ဘွဲ့တွေရှိပေသေး။
သြော်...အထူးပြုကျွမ်းကျင်မှုဆိုတာ မလွယ်ပါ့လား။ ဟုတ်တယ်။ တကယ်မလွယ်တာ အမှန်ပါပဲ။ ဒါ့ကြောင့် ကြိုးစားမှု လုံ့လဝီရိယရှိသူမှသာ အောင်မြင်နိုင်ပါတယ်လို့ ဦးဦးပြောတာပါ။
ဘဝပြိုင်ပွဲကြီးထဲမှာ ဘာမှအားငယ်စရာမလိုပါ။ တက်ကြွစွာ ပါဝင်ဆင်နွှဲရမှာပါ။ ကျွမ်းကျင်မှုမြင့်မားနေဖို့တော့ လိုတယ်။ ကျွမ်းကျင်မှု မြင့်မားနေစေဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ဒီစာမှာ ဖော်ပြပေးလိုက်မယ်။
လူတစ်ယောက်ဟာ မိမိသတ်မှတ်ထားတဲ့ စံနှုန်းစံထားတွေအတိုင်း ကိုယ့်ဘဝမှာ တကယ်ဖြစ်လာတာပါ။ ဒါကြောင့် ကိုယ်လုပ်ဆောင်သမျှအလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေ့ါ။
(၁) ဘဝပြိုင်ပွဲထဲမှာ တက်တက်ကြွကြွ ပါဝင်နေပါ။
(၂) ပြိုင်ပွဲထဲမှာ အာရုံနှစ်ထားပါ။
(၃) စံနှုန်းစံထားကို ဆီလျော်စွာသတ်မှတ်ပါ။
(၄) တိုးတက်ရေးအတွက် နည်းလမ်းရှာပါ။
ကျွမ်းကျင်မှု တစ်ခုခုရချင်တယ်ဆိုရင် အောက်ပါအချက်များကို လိုက်နာကျင့်သုံးစေချင်တယ် -
(၁) နေ့စဉ်ကြိုးစားအားထုတ်နေရမယ်။
(၂) တိုးတက်နေအောင် ကြံဆောင်နေရမယ်။
(၃) အလုပ်ကို ရေဆုံးမြေဆုံးထိ သာလွန်ကောင်းမွန်အောင် လုပ်ရပါ့မယ်။
(၄) မျှော်လင့်ထားတာထက် မလျော့စေဘဲ ပိုကောင်းအောင်လုပ်ရမယ်။
(၅) အခြားသူများအတွက် စံနမူနာပြဖြစ်ပါစေ။
နေ့စဉ်ကြိုးစားအားထုတ်ရမယ်
မြင်းအကဲခတ်တဲ့ ပညာပဲဖြစ်ဖြစ်၊ ကျောက်အကဲခတ်တဲ့ ပညာရပ်ပဲဖြစ်ဖြစ် နေ့စဉ်မပြတ် ဆည်းပူးလေ့လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပညာရပ်အရည်အသွေးဟာ တိုးတက်လာပါတယ်။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုတဲ့စကားဟာ ဖြည်းဖြည်းနဲ့ မှန်မှန် ရည်မှန်းချက်ပန်းတိုင်ရှိရာသို့ နေ့စဉ်မပျက်မကွက် ချီတက်တဲ့ အာသန္နကံဂုဏ်သတ္တိကို ပြဆိုခြင်းပဲကွယ်။ တစ်နေ့တစ်လံမျှသာ အလျားကိုပဲရောက်စေ၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ပုဂံနေပြည်တော်ကို ဆိုက်ရောက်မှာ မလွဲဘူး။ စိတ်ရှည်ရှည်နဲ့ကြိုးစားတဲ့ လူထံသို့ အရာရာဟာ ဆိုက်ရောက်လာစမြဲဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားအတိုင်းပေါ့ကွယ်။
ကိုယ့်လုပ်ငန်းအပေါ် တန်ဖိုးထားသူတွေဟာ တစ်ဆင့်ထက်တစ်ဆင့် အရည်အသွေးမြင့်တက် တောက်ပြောင်လာတာပဲ။ ဂီတနယ်ပယ်မှာ အဲဒါမျိုးတွေတွေ့ရတာ ထင်ရှားတယ်။ ရွာစားစိန်ဗေဒါဆိုပါစို့။ သူ့ခေတ် သူ့အခါပြိုင်ရဲသူမရှိအောင် ထိပ်ဆုံးရောက်နေတဲ့ ဆိုင်းဆရာပါပဲ။ သို့ပေမဲ့ စိန်ဗေဒါဟာ နေ့စဉ် အတီးလေ့ကျင့်တယ်။ ဝါးပတ္တလားကို ကိုယ်တိုင်တီးပြီး သံစဉ်သစ်တွေ စမ်းသပ်တယ်။ ကျွမ်းကျင်ပြီးသားသီချင်း မဟာဂီတတွေကို ထပ်ခါပြန်ခါ လေ့ကျင့်တယ်။
‘‘ဆရာရယ် ဆရာ့ကို ဘယ်သူမှ မယှဉ်နိုင်ကြပါဘူး။ (ဒီလောက်လည်း နေ့စဉ်မပျက် အပင်ပန်းခံပြီး ကြိုးစားနေစရာ မလိုပါဘူးဆိုတဲ့သဘော) ဆရာက ဘယ်သူ့ကို ပြိုင်ပြီး အနိုင်ယူမလို့လဲ’’
‘‘တပည့်တို့ မနေ့က စိန်ဗေဒါထက် ယနေ့စိန်ဗေဒါက သာအောင်ပြိုင်ဆိုင်ရပေတာပဲကွယ်’’လို့ပြောပါသတဲ့။
စိန်ဗေဒါဟာ ဆိုင်းပြိုင်ငှားရင် လိုက်လေ့မရှိဘူး။ သူများနဲ့မပြိုင်ချင်ဘူး။ အနိုင်လည်းမယူချင်ဘူး။ (အစ်ကိုဆိုင်းဆရာလည်း တစ်ဆိုင်းရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစ်ကိုအား ရိုသေလေးစားသောအားဖြင့်ပေ့ါကွယ်) ဘာပဲဖြစ်ဖြစ် ကိုယ့်ပညာရပ်၊ ကိုယ့်ဘာသာရပ်မှာတော့ ဆရာတစ်ဆူဖြစ်အောင် ရပ်တည်ချင်ရင် နေ့စဉ်နေ့စဉ် ပညာတိုးတက်နေအောင် ကြိုးစားရပေမှာပဲ။ သုတေသနနဲ့ တီထွင်ဆန်းသစ်မှုတွေ ရှိရပေမယ်။
သဘင်လောကမှာ ရွှေမန်းတင်မောင်၊ ရုပ်ရှင်လောကမှာ ဝင်းဦးစတဲ့ အနုပညာရှင်တွေဟာ အမြဲတစေ စဉ်းစားကြံဆပြီး ပရိသတ်ကို အသစ်တွေတင်ဆက်နိုင်ဖို့ ကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေပါပဲ။
တိုးတက်နေအောင် ကြံဆောင်ပါ
ဘင်ဂျမင်ဖရင်ကလင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကျွမ်းကျင်မှုပိုမိုမြင့်မားလာဖို့၊ အစဉ်သင်ယူနေဖို့၊ အမြဲတမ်းနည်းလမ်းရှာကြံပြီး ကြိုးစားကြဖို့ပြောပါတယ်။ ကျွမ်းကျင်မှုကို တန်ဖိုးထားတယ်။ ဘာကြောင့်လဲဆိုတဲ့ စူးစမ်းမှုတွေနဲ့ သုတေသနပြုလုပ်တတ်ရပါမယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားတဲ့လူတွေက အလုပ်အကိုင်တစ်နေရာကို သေသေချာချာရသွားတာပဲ။ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိမြင်နိုင်တဲ့ လူတွေကတော့ သူတို့ရဲ့အထက်က အကြီးအကဲခေါင်းဆောင်တွေ ဖြစ်လာကြတာပါပဲ။
အလုပ်ကို ရေဆုံးမြေဆုံး သာလွန်အောင် လုပ်ရပါမယ်
လုပ်ငန်းကျွမ်းကျင်တယ်ပြောပြီး တကယ့်အရေးအကြောင်းလည်းပေါ်ရော တံငါသည်ရေနစ်ပြီဆိုတဲ့ အဖြစ်မျိုး ကြုံရတတ်တယ်။ ကျွမ်းကျင်မှုဆိုတာက ရည်မှန်းချက်ထားပြီး တကယ်ကြိုးစား လုပ်ကိုင်မှသာ ရနိုင်တယ်။
တော်တယ်ဆိုတာလောက်နဲ့ ကျေနပ်ရပ်တန့်မနေရဘူး။ သိပ်တော်တာပဲ ချီးကျူးနေတာခံရရင်လည်း ဘဝင်မမြင့်နဲ့ဦး၊ ဆက်ကြိုးစာဦး။ အကောင်းဆုံးဆိုတာကိုကျော်ပြီး တော်ဝင်ထိပ်တန်း Excellence ပြိုင်ဘက်မရှိဆိုမှ အဲဒီအခြေအနေမှာ ဆက်လက်ရပ်တည်နိုင်အောင် (ဆက်ကြိုးစား) လုပ်နေရဦးမယ်။ သာလွန်ထူးချွန်အောင် အဆက်မပြတ်အားထုတ်ရတာဟာ အချို့လူတွေအတွက် မောပန်းနွမ်းနယ်စရာလိုလိုပဲ။ ရည်မှန်းချက်မြင့်မြင့်မားမား ချမှတ်ထားသူတွေအတွက်ကတော့ အောင်မြင်မှုမှတ်တိုင်ဆိုတဲ့ တံဆိပ်တွေဟာ သူရဲ့အားဖြည့် အားဆေးအမောပြေဆေးတွေပါပဲ။ အသက် ၉၄ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာ၊ ဒါရိုက်တာ သုခ၊ အကယ်ဒမီ ၆ ဆုရတာလည်း ကြိုးစားမှုက မရပ်သေးပါဘူး။ အသက် ၈ဝ ကျော်၊ ၉ဝ နီးနီး ရှိတဲ့တိုင်အောင် ဇေယတုသဗ္ဗမင်္ဂလံတို့ တေဘုံမာတို့ကို သီဆိုပြီး ဟောပြောတုန်း။
![]() |
ဓာတ်ပုံ - locusassignments.com |
မျှော်လင့်ထားတာထက် မလျော့စေဘဲ ပိုကောင်းအောင် လုပ်ရမယ်
ကျွမ်းကျင်မှုမြင့်မားတယ်ဆိုတဲ့ လူတွေဟာ သူတကာထက် နှာတစ်ဖျားသာအောင် အမြဲကြံဆောင်ကြိုးပမ်းနေကြပါတယ်။ ယခုခေတ်မှာ ဆေးပညာဟာ သိပ္ပံပညာ၊ နည်းပညာတွေနဲ့အတူ သိပ်ပြီး လျင်လျင်မြန်မြန်ဖွံ့ဖြိုးနေပါတယ်။ ဆရာဝန်အတတ်ပညာ၊ သူနာပြုအတတ်ပညာ၊ ဆေးရုံထူထောင်ခြင်းအတတ်ပညာစသည်တို့မှာ တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ ပညာတွေဟာ တစ်ပုံကြီးပဲ။ ဒီတော့ မျှော်လင့်ထားတာ ထက်မလျော့စေဘဲ ပိုကောင်းအောင် အဆက်မပြတ် ဆည်းပူးလေ့လာပြီး ကြိုးစားနေကြရတယ်။
တကယ်ခံယူချက်ပြင်းထန်ပြီး ရည်မှန်းချက်ကို အပျက်မခံဘဲ ဆက်လက် အကောင်ထည်ဖော်ပြီး နေ့ရောညပါကြိုးစားကြလို့ အောင်မြင်ကြတယ်။ အချို့လူတွေက သာမန်ဘဝမှာ ရောင့်ရဲကျေနပ်ပြီး ရပ်တန့်နေတတ်တယ်။ ရေစုန်မျှောလိုက်တယ်။
ထက်ထက်သန်သန်နဲ့ စေတနာကောင်းကောင်းနဲ့ ကြိုးစားအလုပ်လုပ်ရမယ်။ အလုပ်လုပ်လို့ သေသူရယ်လို့ မရှိပါဘူး။ အလုပ်မလုပ်ဘဲ လတ်လျားလတ်လျားနဲ့ ယောင်ပေပေနေတဲ့လူတွေက သေတာ များပါတယ်။ အလုပ်ဟာလူကို ကျန်းမာစေပါတယ်။
အခြားသူများအတွက် စံနမူနာပြဖြစ်ပါစေ
ကျွမ်းကျင်ထူးချွန်မှုဟာ ကျော်ကြားရုံနဲ့ အပေါ်ယံ အောင်မြင်မှုမျှသာ မဟုတ်ပါဘူး။ ကိုယ့်နယ်ပယ်မှာ ဂုဏ်ယူစရာဖြစ်သလို တိုင်းပြည်နဲ့ လူမျိုးရဲ့ဂုဏ်ကိုလည်း ဆောင်ပါတယ်။ တခြားသူတွေ အားကျအတုယူပြီး
လိုက်ပါဆောင်ရွက်လာအောင်လည်း ဦးဆောင်လှုံ့ဆော်ရာ ရောက်စေပါတယ်။
ကျွမ်းကျင်မှုတစ်ခုခုကို ထွန်းပေါက်အောင် လုပ်ဆောင်ပြနိုင်ရင် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံရဲ့ဂုဏ်ကို အလိုလို မြှင့်တင်ပြီးသား ဖြစ်သွားတာပါ။
ဝါသနာပါသည်ဖြစ်စေ၊ ဝါသနာမပါသည်ဖြစ်စေ၊ ကိုယ်လုပ်ရတဲ့ အလုပ်တစ်ခုကို လေးလေးနက်နက် စူးစူးစိုက်စိုက်နဲ့ အဆက်မပြတ် လိုက်စားလေ့ကျင့်ရင် ကျွမ်းကျင်မှုဆိုတာ ရနိုင်တာပါပဲ။ စွဲစွဲမြဲမြဲ အားထုတ်မှုရှိသာ ရှိပါစေ။ တစ်နေ့နေ့ အထူးပြုကျွမ်းကျင်သူ ဖြစ်လာတော့တာပါပဲ။ မခက်ခဲပါဘူး။
ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနဲ့ ပညာဓိပတိ တရားလေးပါးကို အသုံးချရင် ထိုလူဟာ မုချမသွေ အထူးပြု ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မယ်။ တစ်ခုခုကို အထူးပြုကျွမ်းကျင်အောင် လုပ်ပါ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၇)
No comments:
Post a Comment