လယ်တွင်းသားစောချစ်
‘‘လွမ်းတယ်.. မို့မို့ရယ်’’
ကျွန်တော့်ဘဝ ဒုတိယအရွယ်ကို အလွမ်းတွေနဲ့ စခဲ့ရတယ်။ ကျွန်တော့်ငယ်ဘဝ နောက်ဆုံးရက်များမှာ အားတက်ခြင်း၊ ကြိုးစားခြင်းတွေနဲ့ ရှေ့ခရီးကို မျှော်လင့်ချက်ကြီးစွာ ထားခဲ့တယ်။ အသေအချာလည်း ပြင်ဆင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေအပြည့်နဲ့ပေါ့။
ကျွန်တော် ၁၈ နှစ်ကနေ ၂၃ နှစ်အထိ ကျောက်ဆည်မြို့ ပြည်လုံးနိုင် အလွတ်ပညာသင်ကျောင်းမှာ အလယ်တန်းပြဆရာ လုပ်ခဲ့တာ။ ပညာရေးအဆင့်မြှင့်ပြီး ဘဝအဆင့်မြင့်ချင်လို့ ၁၉၆၄ ခုနှစ်မှာ မန္တလေးတက္ကသိုလ် ဆက်တက်ခဲ့တယ်။ သူများတွေ အသက် ၂ဝ လောက်မှာ ဘွဲ့ရကြ တဲ့ကာလ။ ကျွန်တော်က အသက် ၂၄ နှစ်မှ တက္ကသိုလ်ပညာ စသင်ရတယ်။
ကျွန်တော် ငယ်ငယ်ကတည်းက စာဖတ်တာ ဝါသနာပါတယ်။ တက္ကသိုလ်မရောက်ခင် စာတွေ အများကြီး ဖတ်နေပြီ။ မန္တလေးတက္ကသိုလ်ရာဇတ်ဟော အောက်ထပ်မှာရှိတဲ့ စာကြည့်တိုက်ကြီးကိုလည်း ကောင်းစွာ အသုံးချနိုင်ခဲ့ပါသည်။
အသက်ကြီးမှ ကျောင်းပြန်တက်ရတာမို့ ကျွန်တော်ပညာကို တန်ဖိုးထား ကြိုးစားပါတယ်။ အတန်းတိုင်းမှာ ဖြေရတဲ့ဘာသာရပ်တွေကို ဂရိတ်ဖိုး၊ ဂရိတ်ဖိုက်နဲ့ အောင်မြင်ခဲ့ပါတယ်။ တက္ကသိုလ်လူရည်ချွန်အဖြစ်လည်း နှစ်ကြိမ် အရွေးခံခဲ့ရပါတယ်။
အထူးအရေးကြီးတာကတော့ နောက်ဆုံးနှစ်မှာတော့ ဂရိတ်ဖိုးနဲ့ အောင်ချင်တယ်။ မဟာဝိဇ္ဇာဆက်တက်ချင်တယ်။ တက္ကသိုလ်မှာ ဆရာဖြစ်ချင်တယ်။
ကျွန်တော်က ငွေကြေးချို့ငဲ့တယ်။ ဖခင်က လယ်သမား၊ ကျွန်တော် ငါးနှစ်သားမှာ ကွယ်လွန်တယ်။ အဖေကြီးနဲ့ အမေကြီးက မွေးစားပြီး ကျောင်းဆက်ထားပေးတယ်။ အဖေကြီးက ကျွန်တော့်ဇာတိဝန်းသိုရွာမှာ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ကျွန်တော် ၁ဝ တန်းအောင်ပြီးချိန်မှာ အဖေကြီးမရှိတော့ပါ။ ကျွန်တော်နှင့် ကျောင်းနေဖက် ငယ်သူငယ်ချင်း တက်ထွန်း၊ သက်တူရွယ်တူ ကျောက်ဆည်မြို့မှာနေသူက တာဝန်ယူ၍ ကျောင်းထားပေးခဲ့သည်။ ကျောင်းရောက်ပြီးနှစ်လခန့်မှာ ပညာသင်ထောက်ပံ့ကြေးရသည်။ သူငယ်ချင်းက ကျောင်းလခသာ ပေးရတော့သည်။ တက္ကသိုလ်မြန်မာစာဌာနမှ ဆရာမကြီး ဒေါ်မိမိလေးက စာအုပ်ဖိုးကုန်ကျသမျှ ထောက်ပံ့ပါသည်။
ကိုယ့်ဘဝကိုယ်သိ၍ ပညာကြိုးစားသင်ပါသည်။ တက္ကသိုလ်မှာ ဘဝအဖော်အဖြစ် အမြတ်တနိုး တန်ဖိုးထားမိသော ချစ်သူမိန်းကလေး တွေ့ပါသည်။ သူနှင့်ကျွန်တော် ကံတူအကျိုးပေးဖြစ်သည်များ ရှိပါသည်။ သူ့မှာ မိဘမရှိပါ။ သူ ငါးနှစ်သမီးကပင် အဖေရော အမေပါ ကွယ်လွန်ခဲ့ကြသည်။
သို့သော် သူက ကျွန်တော့်ထက်ကံကောင်းသည်။ ဆွေဂုဏ်မျိုးဂုဏ်ကြီးသည်။ မွေးစားသောအဘွားက မုံရွာစျေးကြီးမှာ လက်ဖက်ပွဲရုံရှိသည်။ အကြီးဆုံးအဒေါ် က ကုန်တိုက်ရှိသည်။ စက်ရုံပိုင်သည်။ ဦးလေးတစ်ယောက်က မြို့နယ်စည်ပင်အရာရှိ။ ဦးလေးတစ်ယောက်က ပွဲရုံပိုင်ရှင်၊ အနီးကပ်တာဝန်ယူ ကျောင်းထားပေး သောအဒေါ်က သူနာပြုဆရာမကြီး(စစ္စတာ)။ ဝိုင်းဝန်းထောက်ပံ့ကြ၍ ပြည့်စုံသည်ထက်ပင် ပိုပါသည်။
သူ့မိဘအုပ်ထိန်းသူများက သဘောတူပါ့မလားဟု ကျွန်တော်မေးသောအခါ ‘‘တက္ကသိုလ်မှာ ဆရာပြန်ဖြစ်ရင်တော့ သဘောတူအောင်ပြောလို့ အဆင်ပြေမယ် ထင်ပါတယ်’’ဟု သူက စဉ်းစဉ်းစားစားပြောသည်။
ကျွန်တော် ဝမ်းသာသွားသည်။ ကျွန်တော်က စာတော်သည်။ စာကြိုးစားသည်။ တက္ကသိုလ်လူရည်ချွန် နှစ်ကြိမ်ရထားသည်။ အတန်းတိုင်းမှာ ဂရိတ်ဖိုးနှင့် အောင်ခဲ့သည်။ ယခုနောက်ဆုံးနှစ် ဖြစ်သည်။ တွန်းအား၏ တောင်းဆိုချက်လည်း ရှိနေပြီ။ စိတ်ချရစေရမည်ဟု ကျွန်တော် ကတိပြုလိုက်သည်။ ကတိပြုသည့်အတိုင်း လည်း အစွမ်းကုန် ကြိုးစားပါသည်။ စာမေးပွဲကိုလည်း ကောင်းစွာဖြေနိုင်ပါသည်။
သို့သော် အောင်စာရင်းထွက်သောအခါ ကျွန်တော်ဂရိတ်ဖိုးမရပါ။ လုံးဝမျှော်လင့်မထားသော အဖြစ်နှင့် ကြုံရခြင်းဖြစ်သည်။ မျှော်လင့်ချက်တောင်ကြီးများ တစ်စစီပြိုကွဲပျက်စီးသွားလေပြီ။
မူလမျှော်မှန်းထားသည်မှာ ပန်းတွေနှင့်ဝေသည့် ဖြောင့်ဖြူးသောလမ်း။ ယခုတော့ ဂရိတ်သရီး၊ သင့်ရုံအောင်။ မဟာဝိဇ္ဇာ ဆက်တက်ခွင့်မရ။ တက္ကသိုလ်မှာ ဆရာလည်း မဖြစ်နိုင်တော့ပါ။ ကျွန်တော့်ချစ်သူနှင့်ရော ဝေးရတော့မည်လား။
‘‘တက္ကသိုလ်မှာ ဆရာဖြစ်ရင်တော့ သဘောတူအောင် ပြောလို့ အဆင်ပြေမယ် ထင်ပါတယ်’’ ဆိုသည့် ကျွန်တော့်ချစ်သူ မိန်းကလေးပြောခဲ့သော စကားကို ကြားယောင်မိသည်။ ယခုတော့ တက္ကသိုလ်မှာ ဆရာမဖြစ်တော့ဘူး။ သူ့မှာ အုပ်ထိန်းသူတွေကလည်း အများကြီး၊ သူ့ကို နည်းအမျိုးမျိုးနှင့် ဝိုင်းဝန်းပံ့ပိုးကြသောကြောင့် ပညာသင်ချိန်မှာ ပြည့်ပြည့်စုံစုံ ကောင်းမွန်သော်လည်း ယခုလိုအခါမျိုးမှာ သူ့ဘဝကို ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေက များလှသည်။ မိဘနှစ်ယောက်ထဲရှိသည်ကမှ ပြော၍ လွယ်ဦးပေမည်။ အားလုံး အခက်အခဲများဖြစ်ကုန်ပြီ။ ကျွန်တော့်ရင်ထဲမှာ ခံစားရလွန်း၏။
လူတစ်ယောက်၏ ဘဝကို ဖျက်လိုဖျက်ဆီး လုပ်ရက်နိုင်လွန်းသည်။ ဘယ်သူတွေလုပ်သနည်း။ ဘာကြောင့်လုပ်သနည်း။ မတရားလုပ်တာတော့ သေချာသည်။ တိုင်လိုကတိုင်ပါဟု အကြံပြုကြ၏။ ခိုင်မာသောအချက်များလည်း ရှိသည်။
လူငယ်တစ်ယောက်၏ မခံချင်စိတ်က ပူလောင်လှသည်။ အမှတ်မထင် ပြောလိုက်မိသော စကားတစ်ခွန်းအတွက် ပေးဆပ်ရသည်က ကြီးကျယ်လွန်းလှ၏။ ပြုသူကသာမန် အပြုခံရသူက ဘဝပျက်၏။
အားတက်နေသော ကျွန်တော့်ဘဝ ပြင်းထန်စွာ ဖြတ်ရိုက်ချလိုက်သလို ပုံလျက်သားလဲကျသွား၏။
ကျွန်တော်တိုင်လျှင် ပြသနာကို ဦးစွာရင်ဆိုင်ရသူမှာ ပါမောက္ခ ဖြစ်မည်။ ပါမောက္ခမှာ ပြုသူမဟုတ်ပါ။ ပါမောက္ခသင်သော ဘာသာရပ်မှာ ခက်လွန်း၍ ငိုကြသူများရှိသော်လည်း ကျွန်တော် ဂရိတ်ဖိုးရသည်။ ပင်စင်ယူခါနီးပြီဖြစ်သော ပါမောက္ခ စိတ်ပူပန်ဆင်းရဲ မဖြစ်စေချင်ပါ။ ခုတ်ရာတခြား ပြတ်ရာတလွဲဖြစ်လျှင် ကိုယ်ပဲစိတ်ဆင်းရဲရဦးမည်။
ကျွန်တော် အသေအချာ စဉ်းစားရပြီ။ မကျေနပ်သည့် ဒေါသစိတ်ကို ရှေ့တန်းတင်ရန် သင့်မ သင့်။
‘‘ငါ...ဘာလုပ်မလဲ’’
အလုပ်တစ်ခုခုတော့ လုပ်ရမည်။ ဦးလေးနှင့် အမေကြီးတို့ အသက်ကြီးပြီ။ သူတို့ကို လုပ်ကျွေးချင်သည်။
ကျွန်တော် ဖတ်ထားသော စာများက အရေးအကြီးဆုံးအချိန်တွေမှာ ကျွန်တော့်ဘဝအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာကြပါ၏။ ‘‘ပြုသူအသစ်၊ ဖြစ် သူအဟောင်း’’
အတိတ်ဘဝက မစင်ကြယ်သော အကုသိုလ်ရှိခဲ့ပေလိမ့်မည်။
ယခုဘဝမှာ အကောင်းဆုံးဖြစ်အောင်လုပ်သော်လည်း အတိတ်ကံကြွေးရှိလျှင် ပေးဆပ်ရပေလိမ့်မည်။
အသင့်အတင့်နှလုံးသွင်း၍ ရှေ့ဘဝခရီးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရတော့မည်။
တက္ကသိုလ်ဆရာ မဖြစ်နိုင်တော့ပါ။ အလုပ်တစ်ခုတော့ လုပ်ရတော့မည်။
ဦးလေးခမျာ အသက်ကြီးပြီ။ လယ်သမားဘဝ ပင်ပန်းလှပြီ။ အမေကြီး(အဘွား)လည်း အသက်ကြီးပြီ။ အဖွားကို လုပ်ကျွေးချင်သည်။ ကျောင်းဆရာအလုပ်လျှောက်သည်။ မန္တလေးနှင့် ၁၁ မိုင်ခန့်သာဝေးသော ကျောက်မီးရွာမှာ အလယ်တန်းပြဆရာရသည်။
ပညာရေးအဆင့်မြှင့်ပြီး ဘဝမြင့်ချင်၍ အလယ်တန်းပြဆရာ အလုပ်မှ နုတ်ထွက်ကာ တက္ကသိုလ်ပညာကို လေးနှစ်ကြိုးစားသင်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ရခဲ့ပါ၏။ သို့သော် အလယ်တန်းပြ ဆရာဘဝကိုသာ ပြန်ရပါသည်။
အထက်အမြင့်ကို ခုန်တက်ကြည့်သော်လည်း မူလနေရာသို့ပင် ပြန်ပြုတ်ကျခြင်း ဖြစ်ပါ၏။ အားပျက်စရာ။
ချစ်သူနှင့် နီးဖို့အရေးမှာလည်း မှုန်မှေးဝေးကွာခဲ့လေပြီ။ သူ့မိဘများက တက္ကသိုလ်ဆရာဖြစ်မှ စဉ်းစားနိုင်ရုံသာရှိမည်။ ယခုတော့ အထက်တန်းပြဆရာပင် မဟုတ်။ အလယ်တန်းပြဆရာ။ သူ့မိဘအုပ်ထိန်းသူများကို အား ပြိုင်ရမည့် ချစ်သူမိန်းကလေးအတွက် စိတ်မကောင်းစွာ အားနာမိသည်။
ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာသို့ရောက်သောအခါ ကျောင်းရှေ့မှ မြောင်းပေါင်ပေါ်မှာ ကြီးမားသော ပင်စည်နှင့် အကိုင်းအခက်များ စည်ကားလှပနေသော လက်ပံပင်ကြီးကို မြင်ရသည်။
ချစ်သူကို လွမ်းမိလွန်း၍ ရင်ထဲမှာနင့်နေအောင် ခံစားရသည်။
လက်ပံပင်နှင့် လက်ပံပွင့်ဆိုသည်က ကျွန်တော်တို့နှစ်ယောက်အတွက် မမေ့နိုင်စရာ အချစ်သင်္ကေတ။
‘‘အသည်းတွေ ကွဲပါပြီဗျ။ ငါ့ဘဝရည်မှန်းချက်တွေ ပျက်ပါပြီ။ ချစ်သူနဲ့လည်း လွဲတော့မယ်။ ပေးစမ်းကွာ အရက်ပုလင်း။ မူးစမ်းကွာ။ သေအောင် သောက်ပစ်မယ်’’
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၀)
No comments:
Post a Comment