July 3, 2020

သက်ရှိသတ္တဝါများအတွက် အဓိကအရေးကြီးသော ရေဓာတ်

ထွန်းထွန်း (မွေး/ကု)
   
        ရေသည် သက်ရှိသတ္တဝါများအတွက် အဓိကအရေးကြီးသောဓာတ် ဖြစ်သည်။ ရေဓာတ်ချို့တဲ့မှု ဒဏ်ကြောင့် ထိခိုက်ခံစားလွယ်သည်။ ရေသည် ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ပိုင်းဆိုင်ရာလုပ်ငန်းများ အပြည့်အဝဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် ထမင်းအသက် ခုနှစ်ရက်၊ ရေ အသက်တစ်မနက်ဟု အဆိုရှိခဲ့သည်။ အပူပိုင်းဒေသများတွင် သက်ရှိသတ္တဝါများသည် ၁ဝ ရက်ထက်ပို၍ ကြာရှည်စွာ ရေလုံးဝမသောက်ရလျှင် အသက်ရှင်နိုင်စွမ်းမရှိတော့ပါ။ 

        ခန္ဓာကိုယ်တွင် ရေအကျိုးပြုမှုများကြောင့် ခန္ဓာကိုယ်အတွင်း အပူချိန်ထိန်းညှိခြင်း၊ ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှုဖြင့် ကိုယ်ခန္ဓာအတွင်း အာဟာရများ (ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်အဆီများ) ကိုယ်ခန္ဓာအတွင်း ဓာတ်ပြုခြင်းများ ဖြစ်ပေါ်စေခြင်း၊ ခန္ဓာကိုယ်ဆဲလ်များ၏ လှုပ်ရှားမှုတွင်  ချောဆီအဖြစ် ကြားခံဆောင်ရွက် ပေးခြင်းနှင့် အာရုံကြောများ ထိခိုက်မှုမရှိစေရန် ကူရှင်အဖြစ် ခံထားပေး၍ ကာကွယ်မှုပေးခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ၊ မျက်စိ၊ နားများတို့ ပို့ဆောင်ပေးခြင်း၊ အစာခြေလမ်းကြောင်းတစ်လျှောက် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း စသည်တို့ဖြစ်သည်။

        ကြည်လင်သန့်ရှင်းသောရေကို တိုက်ရိုက်သောက်သုံးခြင်းဖြင့် ရေဓာတ်ကို ရရှိစေနိုင်ပါသည်။ တိရစ္ဆာန်တစ်ကောင်အတွက် လိုအပ်သော ရေပမာဏသည် ထိုသတ္တဝါ၏ ခန္ဓာကိုယ်အလေးချိန်၊ လှုပ်ရှားသွားလာမှု၊ စားသုံးသောပမာဏ၊ အစာတွင် ပါဝင်သော အာဟာရအမျိုးအစား၊ အသား၊ နို့ထုတ်လုပ်မှုနှုန်း၊ ရာသီဥတု အခြေအနေပေါ်တွင် မူတည်နေပါသည်။ 

        နို့ပေးနွားမကြီး၏ ခန္ဓာကိုယ်ထိန်းသိမ်းရန်အတွက် တစ်ရက်လျှင် သောက်ရေ ၁၃ ဂါလန်မှ ၁၅ ဂါလန်ခန့် လိုအပ်ပါသည်။ နွားနို့ တစ်လီတာ (၆၂ ကျပ်သား) ထုတ်လုပ်ရန် နောက်ထပ်ရေအပို လေးလီတာမှ ငါးလီတာ (တစ်ဂါလန်) နှုန်း လိုအပ်ပါသည်။ အပူပိုင်းဒေသတွင် နို့တစ်လီတာထုတ်လုပ်နိုင်ရန် ရေ ခြောက်လီတာမှ ရှစ်လီတာ (၁ ဒသမ ၅ ဂါလန်) နှုန်း လိုအပ်ပါသည်။ နွားနို့ကို တစ်ရက် နှစ်ကြိမ်ညှစ်လျှင် ရေပိုသောက်ပါသည်။ နွေရာသီတွင် နို့ပေးနွားမကြီးများသည် ရေ ၃၃ ဂါလန်မှ ၄၄ ဂါလန်အထိ သောက်သုံးနိုင်ပါသည်။ အခြားနွားငယ်၊ နွားမတမ်း၊ ကိုယ်ဝန်ဆောင်နွား၊ ခိုင်းနွားများသည်လည်း နွေရာသီတွင် ပို၍ ရေလိုအပ်ပါသည်။ 

        နွားနို့တွင်လည်း ရေ ၈၇ ရာခိုင်နှုန်းထိ ပါဝင်ပါသည်။ နို့စားနွားမကြီးများ၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပါဝင်မှု ရာခိုင်နှုန်း ၇ဝ မှ ၇၅ ရာခိုင်နှုန်းထိ ပါဝင်သည်။ နွား၏ ခန္ဓာကိုယ်တွင်ရှိသည့် အဆီအားလုံးနှင့် ပရိုတိန်း ထက်ဝက်ခန့် ဆုံးရှုံးသွားသော်လည်း နွားသည် အသက်ရှင်သန်နိုင်ပါသည်။ သို့သော် ရေဓာတ် ၁ဝ ရာခိုင်နှုန်းဆုံးရှုံးပါက အသက်သေဆုံးနိုင်သည်။ ထို့ကြောင့် သန့်ရှင်းကြည်လင်သော ရေကောင်းရေသန့်ကို အချိန်မရွေး အလွယ်တကူ သောက်သုံးနိုင်ရန် စီစဉ်ပေးထားရမည်။ မွေးမြူရေးလုပ်ငန်းများတွင် သောက်ရေအပြင် အခြားလုပ်ငန်းများအတွက် ရေများကိုလည်း အလုံအလောက် ရရှိအောင် ဆောင်ရွက်ပေးရမည်။ ရေလုံလောက်ရုံမျှမက ရေ၏အရည်အသွေးကောင်းမွန်မှုသည် မွေးမြူရေးလုပ်ငန်းများအတွက် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ 

        ရေရှိသောနေရာသည် မြစ်၊ ချောင်း၊ အင်းအိုင်များမှဖြစ်ပါက ရေစီးဆင်းသည့်အရပ်မှ အညစ်အကြေးများ စွန့်ပစ်မှုများပြားလျှင် ရေညစ်ညမ်းမှု ပို၍များပြားမည် ဖြစ်သည်။ စီးဆင်းနေသောရေ မဟုတ်ဘဲ အင်းအိုင်များမှ ရေဖြစ်လျှင် ပူပြင်းခြောက်သွေ့သော ရာသီတွင် ရေသုံးစွဲမှုများခြင်း၊ အပူရှိန်များခြင်းကြောင့် ရေထုပမာဏ လျော့နည်းလာပြီး ရေညစ်ညမ်းမှု ပိုဖြစ်လာမည်။ ဘက်တီးရီးယားပိုးများ ပေါက်ပွားရန် အခွင့်အရေးပိုရလာပေမည်။ ရေတွင်း၊ အဝီစိတွင်းရေသည် သန့်ရှင်းမှုရှိသော်လည်း ရေတွင်းနှင့် နီးသောနေရာတွင် အိမ်သာများ၊ စွန့်ပစ်ပစ္စည်းထုတ်ရေမြောင်းများ ရှိခြင်းတို့ကလည်း ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

ဓာတ်ပုံ - အင်တာနက်


        သိုး၊ ဆိတ်များတွင်လည်း သန့်ရှင်းသောရေများ လိုအပ်သည်။ ပူပြင်းသောရာသီဥတု၌ ရေပို၍ လိုအပ်သည်။ အသားထုတ်လုပ်သော ဆိတ်များသည် ရေလိုအပ်ချက် ပိုလျော့နည်းသည်။ အပူပိုင်းဆိတ်များသည် ရေပြတ်လပ်မှုဒဏ်ကို ခံနိုင်ရည်ပိုရှိသည်။ ပူသောပတ်ဝန်းကျင်တွင် ချွေးထွက်လေ့မရှိ၊ ဆီးနှင့်မစင်၌ ရေစွန့်ထုတ်မှု လျော့သွားစေသည်။ ရေသောက်ရန် အခွင့်အလမ်းနည်းပြီး ခရီးရှည်သွားရလျှင် ဆီးသွားမှုနည်းကြသည်။ အပူပိုင်းဆိတ်များသည် တစ်နေ့လျှင် ရေ ၆၈ဝ စီစီ၊ ငှက်ပျောဖူးပုလင်းတစ်ပုလင်း  သောက်သုံးနိုင်သည်။ ဆိတ်တစ်ကောင်သည် တစ်ရက်လျှင် ရေ ၇၅ဝ စီစီမှ ၁ဝဝဝ စီစီ (ရေသန့်ဘူးတစ်ဘူးနီးပါး)ခန့် သောက်လေ့ရှိသည်။ အစာတွင်ပါဝင်သော အခြောက်ပစ္စည်း (Dry matter)နှင့် ရေတို့ပါဝင်ကြသည်။ အခြောက်ပစ္စည်းထဲ၌ အာဟာရဓာတ်များ ဖြစ်သော ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုတို့ အမျိုးအစားအလိုက်အချိုးအစား အမျိုးမျိုး ပါဝင်ကြသည်။ မြက်၊ သစ်ရွက်များတွင် ရေပါဝင်မှုများသည်။ အခြောက်ပစ္စည်းများတွင် ရေပါဝင်မှုနည်းသည်။ 

        ဝက်များ၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပါဝင်မှုသည် ဝက်အသက်အရွယ်ကိုလိုက်၍ ပြောင်းလဲမှုရှိပါသည်။ မွေးစဝက်ငယ်များ၏ ကိုယ်ခန္ဓာအတွင်း (အတွင်းကလီစာမပါ) ရေဓာတ် ၈၂ ရာခိုင်နှုန်းပါဝင်ပြီး ဝက်ကြီးများ ခြောက်လအရွယ်တွင် အဆီဓာတ်များတိုးလာ၍ ရေဓာတ် ၅၃ ရာခိုင်နှုန်းသာ ပါရှိပါသည်။ ဝက်နို့ရည်တွင် ရေဓာတ် ၈ဝ ရာခိုင်နှုန်းပါရှိသဖြင့် သာမန်အားဖြင့် ဝက်ငယ်အတွက် သောက်သုံးရေ မလိုအပ်ဟု ယူဆနိုင်ပါသည်။ နို့တွင် အသားဓာတ်နှင့် သတ္တုများစွာ ပါဝင်ခြင်းကြောင့် ဆီးသွားနှုန်းများပါက ရေဓာတ်ချို့တဲ့မှုဖြစ် နိုင်ပါသည်။ နို့စို့ဝက်ငယ်များအား ရေတိုက်ပေးခြင်းဖြင့် နို့စို့ကာလ သေဆုံးနှုန်း လျော့ကျစေပါသည်။ ဝက်ကလေးအစာ (Creep feed) စားသည့်အချိန်တွင် ရေမတိုက်ပါက အသားနှုန်း လျော့နည်းနိုင်ပါသည်။ 

        ဝက်များ တစ်ရက်ရေသောက်နှုန်းမှာ ဝက်အသက် တစ်ပတ်သား၊ သုံးပတ်သားအထိ ရေ သုည ဒသမ ၂၊ သုည ဒသမ ၃၅ ဂါလန် နို့ခွဲဝက်မှစ၍ ဝက်လတ်အထိ တစ်ဂါလန်မှ နှစ်ဂါလန် ကိုယ်ဝန်ရှိဝက်မကြီးနှင့် ဝက်သိုးများ နှစ်ဂါလန်မှ ခုနစ်ဂါလန်၊ နို့ပေးဝက်မကြီး လေးဂါလန်၊ ဝက်မဒါန်း၊ သားခွဲဝက်မကြီး နှစ်ဂါလန်မှ ခြောက်ဂါလန်နှုန်း သောက်နိုင်သည်။ ဝက်များ ရေသောက်နှုန်း အနည်းအများသည် ပတ်ဝန်းကျင်အပူချိန်၊ စိုထိုင်းဆ၊ အစာတွင် ဆားဓာတ်ပါဝင်မှု၊ ကျွေးမွေးသည့် အစာအမျိုးအစား (အစာစို/ အစာခြောက်)၊ စားသည့်ပမာဏ (အလေးချိန်)ပေါ် မူတည်၍ အနည်းအများ ဖြစ်ပေါ်နိုင်ပါသည်။ ဝက်များ၏ ရေသောက်အများဆုံး အချိန်များမှာ နံနက်ပိုင်းအစာစားပြီး နှစ်နာရီနှင့် ညနေပိုင်း အစာစားပြီး တစ်နာရီအချိန်တို့တွင် ဖြစ်ပါသည်။ အစာခြောက်ကျွေးသည့်စနစ်ကို ကျင့်သုံးပါက သောက်ရေကို လိုသလောက် သောက်နိုင်ရန် စီစဉ်ပေးရပါမည်။ 

        ရေတွင်ပါဝင်သည့် သတ္တုဓာတ်များ၊ အဆိပ်၊ ဓာတုပစ္စည်းများ၊ ဘက်တီးရီးယားပိုးများသည် ဝက်များ၏ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို အကျိုးသက်ရောက်စေသည့် ရေတွင်ပါဝင်သည့် ပိုးမွှားများ (ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ)အများစုမှာ (Salmonella, Leptospira, E.coli) များဖြစ်၍ (Protozoa) များမှ ဥ သို့မဟုတ် Cyst အဖြစ် ပါဝင်သည်။ ထို့ကြောင့် အသုံးပြုသော ရေပိုက်လိုင်းများ၊ အုတ်ကန်များ၊ ပလတ်စတစ်များကို အချိန်မှန် ဆေးကြောပေးခြင်းများ ပြုလုပ်ပေးရပါမည်။ 

        သက်ရှိသတ္တဝါများတွင် ရေဓာတ်ဆုံးရှုံးလျော့နည်းမှု နည်းလမ်းများမှာ အဆုတ်မှ အသက်ရှူထုတ်မှုကြောင့်လည်းကောင်း၊ အရေပြားမှ ချွေးထွက်၍ အငွေ့ပျံ ခြင်း၊ ဝက်များတွင် ချွေးဂလင်းများ ဖွံ့ဖြိုးမှုမရှိ၍ အနည်းငယ်သာ ဆုံးရှုံးနိုင်သည်။ အူများမှ အညစ်အကြေးများ စွန့်ပစ်ခြင်းဖြင့် လည်းကောင်း၊ ကျောက်ကပ်မှ ဆီးအဖြစ် စွန့်ထုတ်ခြင်းနည်းလမ်းဖြင့်လည်းကောင်း ဆုံးရှုံးနိုင်သည်။ ပတ်ဝန်းကျင်အပူချိန်မြင့်မားခြင်း၊ အပူချိန်လျော့နည်း၍ သော်လည်းကောင်း၊ စိုထိုင်းဆ မြင့်မားခြင်းတို့သည်လည်းကောင်း ရေဆုံးရှုံးမှုပမာဏကို ပိုမိုများစေနိုင်ပါသည်။ 

        စာရေးသူတို့ နေ့စဉ်သောက်သုံးနေသည့်ရေကို နေ့စဉ် နံနက်စောစော အနည်းဆုံး မတ်ခွက် သုံးခွက်ခန့် သောက်သုံးပေးလျှင် မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်းမရှိဘဲ မျက်စိကြည်လင်ခြင်း၊ ဗိုက်နာဗိုက်အောင့် အစာမကြေမဖြစ်ခြင်း၊ အစာအိမ်ရောဂါ၊ ဝမ်းချုပ်မှုမရှိခြင်း၊ ဝမ်းမှန်မှန်သွားခြင်း၊ အသားအရေစိုပြည်ပြီး ပြည့်ပြည့်ဖြိုးဖြိုးရှိနေခြင်း၊ မကြာခဏဖျားနာခြင်းနှင့် အအေးမိခြင်းတို့ မဖြစ်ခြင်း၊ နှာစေးချောင်းဆိုး ခြင်းများ မဖြစ်ခြင်း၊ ဆီးရောဂါအမျိုးမျိုး မခံစားရခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ခံတွင်းမကောင်းခြင်းတို့ မဖြစ်နိုင်ပါ။  ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ အသည်းများ အားကောင်း၍ ကူးစက်ရောဂါဒဏ်များ ခံနိုင်ရည်ရှိပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ ခန္ဓာကိုယ်အဖုအပိန့် ထွက်ခြင်းတို့ကို ကာကွယ်နိုင်သည်။ 

        ထို့ကြောင့် သန့်ရှင်းသော သောက်သုံးရေကို သက်ရှိသတ္တဝါများအားလုံး အကျိုးရှိစွာ အသုံးချနိုင်ပြီး သက်ရှည်ကျန်းမာ ခွန်အားတိုးစေသည့်အပြင် ကမ္ဘာတွင် တည်ရှိကုန်ကြသော သစ်ပင်အမျိုးမျိုး၊ သစ်ဥ၊ သစ်ဖု၊ မျိုးစေ့၊ ပျိုးပင် အမျိုးမျိုးတို့ကို အမြဲထာဝစဉ်ရှင်သန်နေဖို့အတွက် ရေသည် အဓိကလိုအပ်သည်။ မိုး ရာသီ၊ ဆောင်းရာသီ၊ နွေရာသီ၊ ဥတုသုံးမျိုးစလုံး ရေလိုအပ်ပေသည်။ ထို့ကြောင့် ဤကမ္ဘာ၊ ဤလောကတွင် ရေဓာတ်သည် မရှိမဖြစ် အထူးလိုအပ်ကြောင်း သတိပြုသင့်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၉)

No comments:

Popular Posts