ထွန်းလှိုင် (မြိုင်)
ပျားမွေးမြူရေးလုပ်ငန်းသည် လူသားတို့အကျိုးရှိစေမည့် အထောက်အကူပြုလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိလာသဖြင့် ယခုအခါ ပျားမွေးမြူရေးလုပ်ကိုင်လာသူ၊ စိတ်ဝင်စားသူ များပြားလာပါသည်။ ထို့အပြင် ပျားမွေးမြူခြင်းဖြင့် လူတို့၏ စိုက်ပျိုးသီးနှံများ အရည်အသွေးရော အရေအတွက်ပါ ပိုမိုကောင်းမွန်လာသလို ပျားရည်ဖြင့်ပြုလုပ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ရဲယို၊ လင်ဇီး စသောပျားရည်များ လူတို့သုံးစွဲလာသည်ကို တွေ့ရသည်။ ထို့ကြောင့် ပျားမွေးမြူရေးအကြောင်းကို စိုက်ပျိုးသီးနှံထုတ်လုပ်သူ ဦးအောင်မြင့်သန်းက မေးလာသဖြင့် မွေး/ကု(လက်ထောက်ညွန်ကြားရေးမှူး-ငြိမ်း)တစ်ဦိးအနေဖြင့် စာရေးသူက ဖြေကြားခဲ့မှုကို ဖော်ပြပေးလိုက်ပါသည်။
မေး။ ကျွန်တော်က သရက်၊ မာလကာ၊ ကျွဲကော၊ ပန်းမျိုးစုံ စိုက်ပျိုးတယ်ဆရာ။ အသီးအပွင့် အောင်မြင်မှုနည်းတယ်။ ပျားမွေးရင် စိုက်ပျိုးတဲ့ သီးနှံတွေ အရည်အသွေးရော၊ အရေအတွက်ရော ကောင်းမွန်လာတယ်လို့ သိရတယ်။ ဒါကြောင့် ပျားမွေးမြူရေးကို ရှင်းပြပါလား ဆရာ။
ဖြေ။ ဟုတ်ပါတယ်။ စိုက်ပျိုးရေးနဲ့ တွဲဖက်ပြီး ပျားမွေးတဲ့ခြံတွေက အသီးအနှံတွေ ပိုအောင်မြင်လာတာ တွေ့ရပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ ပျားမျိုးပေါင်း များစွာရှိတဲ့အထဲမှာ လူသားတို့အတွက် ပျားရည်၊ ပျားဖယောင်း ရရှိနိုင်တဲ့ ပျားမျိုး လေးမျိုးရှိတယ်။ အဲဒါက ဥရောပပျားမျိုးဖြစ်တဲ့ အေပစ်မယ်လီဖယ်ရာပျားမျိုးဟာ အုံသွင်းပြီး အလွယ်တကူမွေးမြူနိုင်တယ်။ ပျားရည်ထွက်ကောင်းသလို စိုက်ခင်းသီးနှံတွေနဲ့လည်း အဆင်ပြေတယ်။
မေး။ ကျွန်တော့်ခြံက ၁ဝ ဧကလောက်ကျယ်တယ်။ အနီးအနားခြံတွေက ဧက ၁ဝဝ လောက်ရှိတယ်။ ပျားအုံဘယ်နှအုံမွေးရမလဲ။ ဘယ်လိုမွေးရမလဲဆိုတာ ရှင်းပြပါဦး။
ဖြေ။ ပျားမွေးမြူနည်းကတော့ အခြေစိုက်မွေးမြူနည်းနဲ့ ရွှေ့ပြောင်းမွေးမြူနည်းဆိုပြီး နှစ်နည်းရှိတယ်။ ခြံကျယ်မယ် ပတ်ဝန်းကျင်လည်း ခြံရှိမယ်ဆိုရင်တော့ အခြေစိုက်မွေးမြူနည်းက အဆင်ပြေပါတယ်။ ပျားမွေးမယ်ဆိုရင်တော့ သိထားရမှာက မျိုးပျားအုံတွေမှာ ပျားသလက်ဘောင် သုံးဘောင်မှ ငါးဘောင်ထိပါရှိပြီး ပျားဘုရင်မတစ်ကောင်နဲ့ လုပ်သားပျားများပါရှိတယ်။ ပျားသလက်ဘောင်တစ်ခုမှာ လုပ်သားပျား ၂ဝဝဝ လောက်ပါတယ်။ စမွေးရင်တော့ ပျားအုံ ၁ဝ အုံလောက်မွေးရမယ်။ နောက်နှစ်တွေမှာ တိုးပွားလာပြီး ပျားအုံ ၅ဝ အုံလောက် မွေးရပါမယ်။
မေး။ ပျားအုံ ၁ဝ အုံမွေးရင် အရင်းအနှီးလေး ပြောပါဦးဆရာ။
ဖြေ။ ပျားအိမ်ခွံ၊ ပျားဘုရင်မအပါအဝင် ပျားအုံ ၁ဝ အုံကို ၅ သိန်းလောက်ကုန်ကျတယ်။ တချို့ ပျားမွေးမြူသူတွေဟာ ပျားအုံ ၅ဝ ထိမွေးပြီး စီးပွား ဖြစ်နေကြတယ်။
မေး။ ပျားမွေးမြူရေးမှာ အခြေစိုက်မွေးမြူရေးနဲ့ ပြောင်းရွှေ့မွေးမြူရေးကို ရှင်းပြပါဦး။
ဖြေ။ အခြေစိုက်ပျားမွေးမြူနည်းကတော့ စိုက်ပျိုးခြံတွေ သီးနှံပင်တွေစိုက်တဲ့ခြံမှာ ပျားအုံကို တစ်နေရာထဲမှာ မြေပြင်မှ အမြင့်တစ်ပေမှာရှိတဲ့ ပျားအိမ်တင်စင်ပေါ်မှာ မွေးမြူခြင်းဖြစ်တယ်။ ရွှေ့ပြောင်းမွေးမြူခြင်းကတော့ ရာသီအလိုက် ပန်းပွင့်တဲ့နေရာတွေမှာ ပြောင်းရွှေ့မွေးမြူခြင်းဖြစ်တယ်။ ပျားတွေဟာ ဝတ်ရည်စုပ်ဖို့ နှစ်မိုင်ပတ်လည်ကို အစာရှာနိုင်ပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
မေး။ ဆရာစောစောက ပြောခဲ့တဲ့ ပျားဘုရင်မ၊ ပျားထီး၊ လုပ်သားပျားတွေအကြောင်း ရှင်းပြပေးပါဦး။
ဖြေ။ ပျားအုံတစ်အုံမှာ ပျားရည်ထုတ်ဖို့အတွက် ပျားဘုရင်မ၊ ပျားထီး၊ လုပ်သားပျားများပါတယ်။ ပျားဘုရင်မနှင့် လုပ်သားပျားများဟာ အမဖြစ်ပြီး ပျားဘုရင်မကသာ မျိုးဆက်ပျံ့ပွားရေးအတွက် ဥဥချနိုင်တယ်။ ၄င်းတို့အားလုံးဟာ ဥမှ အကောင်ဖြစ်သည့်အချိန်အထိ ကာလအပိုင်းအခြားကွာခြားသကဲ့သို့ ပျားအဖြစ်သို့ ရောက်ရှိသောအခါ၌လည်း တာဝန်များကွာခြားကြတယ်။ ပျားတစ်ကောင်ဟာ ဦးခေါင်းပိုင်း၊ ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်ပိုင်းများပါရှိပြီး ဝတ်မှုန်ကူးခြင်း၊ စုပ်ယူခြင်း၊ သယ်ယူစုဆောင်းခြင်းဆောင်ရွက်ကြတယ်။ ပျားဘုရင်မကတော့ ပျားအုံ တစ်အုံမှာ တစ်ကောင်သာပါရှိပြီး အဓိကတာဝန်မှာ ပျားအုံမျိုးဆက်ပြန့်ပွားရေးအတွက် ဥဥပေးခြင်းနှင့် ပျားများအား စုစည်းကျစ်လျစ်စွာ ကိုယ်စီလုပ်ငန်းတာဝန်ထမ်းဆောင်ရန် လှုံ့ဆော်ပေးခြင်းကို လုပ်ရတယ်။ ပျားထီးကတော့ ပျားအုံတစ်အုံမှာ ရာဂဏန်းမျှလောက်သာပါရှိပြီး အစာပေါချိန်မှာ ထောင်ဂဏန်းထိပါဝင်ပါတယ်။ အထီးရဲ့ တာဝန်များက ပျားဘုရင်မပျိုနဲ့ မိတ်လိုက်ရန်ဖြစ်တယ်။ အောင်မြင်စွာ မိတ်လိုက်ပြီးသော ပျားထီးသည် နေရာတွင်ပင် နာရီပိုင်းအကြာမှာ သေဆုံးရခြင်းဖြစ်တယ်။ ပျားသလက်တည်ဆောက်ခြင်း၊ ပန်းပွင့်များမှ အစာရှာဖွေသယ်ယူခြင်းနှင့် ရန်သူအားတုပ်ခြင်း စသည့် လုပ်ငန်းများကို မပြုလုပ်ပေ။ လုပ်သားပျားကတော့ ပျားအုံတစ်အုံ၌ အရေအတွက် အများဆုံးပါဝင်တယ်။ ပျားဦးရေ ၁ဝဝဝဝ မှ ၈ဝဝဝဝ ထိရှိတယ်။ ခန္ဓာကိုယ်မှာ ပျားဘုရင်မနှင့် ပျားထီးတို့ထက် ပိုသေးငယ်တယ်။ အမဖြစ်သော်လည်း အမမျိုးပွားအင်္ဂါကောင်းစွာ မဖွံ့ဖြိုးချေ။ ဦးခေါင်းပိုင်းတွင် ရှည်လျားသောလျှာ ပါရှိကာ ပန်းပွင့်များမှ ဝတ်ရည်များကို ရှာဖွေစုပ်ယူနိုင်တယ်။ ထို့ပြင် ပျားသားလောင်းများအား ကျွေးမွေးရန် ရွိုင်ရယ်ဂျယ်လီစစ်ထုတ်ပေးသော ဂလင်းများကောင်းစွာ ထုတ်လုပ်ပေးသည်။ ဤသို့ ထမ်းဆောင်ရာတွင် သက်တမ်း ၂၁ ရက်တွင်းရှိ လုပ်သားပျားများသည် အုံတွင်းလုပ်ငန်းများ ပြုလုပ်သဖြင့် အိမ်တွင်းပျားဟုလည်းကောင်း၊ သက်တမ်း ၂၁ ရက်အထက်ပျားများသည် သေဆုံးချိန်ထိ ပျားအုံပြင်ပထွက်ကာ အစာရှာဖွေစုဆောင်းခြင်းကို ပြုလုပ်လေ့ရှိပြီး အစာရှာပျားများဟု ခေါ်ကြတယ်။
မေး။ ခြံထဲမှာ သီးနှံပင်တွေက လတိုင်းမပွင့်ကြဘူးဆရာ။ အဲဒီအခါမှာ ပျားစာဘယ်လိုစီမံရမလဲ။
ဖြေ။ ပျားစာရှာတဲ့အခါ အထူးသဖြင့် မိုးရာသီကာလတွေမှာ သကြားဖျော်ရည်ကို အစားထိုးကျွေးပါ။ တခြားခြံတွေမှာ ပန်းပွင့်ရင် ပြောင်းရွှေ့ပြီး ပျားအုံတွေကို ထားပါ။
မေး။ ပျားမွေးမြူခြင်းလုပ်ငန်းရဲ့ အကျိုးအမြတ်ကိုလည်း သိပါရစေဆရာ။
ဖြေ။ ပျားတွေဟာ ပန်းတစ်ပွင့်မှတစ်ပွင့် ကူးလူးဆက်ဆံ၊ ဝတ်မှုန်ကူးကြလို့ သီးနှံအောင်မြင်တယ်။ အထွက်နှုန်းလည်း ကောင်းတယ်။ ပျားမွေးမြူရေးရင်းနှီးမှုနဲ့ အမြတ်အစွန်းကို ကြည့်မယ်ဆိုရင် ပျားအုံ ၁ဝ အုံမွေးရင် ပျားအုံခွင်၊ ပျားဘုရင်မအပါအဝင် ငွေကျပ် ငါးသိန်းပတ်ဝန်းကျင်၊ အကျိုးအမြတ်က တစ်နှစ်ကို ပျား ၁ဝ အုံပျားရည်ထွက်ရှိမှုမှာ ၁ဝ အုံ ×၂ဝ ပိသာ = ၂ဝဝ ပိသာ၊ တစ်ပိသာ ၂ဝဝဝ ကျပ် = ၄ဝဝဝဝဝ ကျပ်၊ ဝတ်မှုန်ထုတ်လုပ်မှု ၅ ပိသာ× ၂ဝဝဝဝ ကျပ် = ၁ဝဝဝဝဝ ကျပ်၊ ပျားဖယောင်း ၅ ပိသာ × ၇ဝဝဝ ကျပ် = ၃၅ဝဝဝ ကျပ်၊ ပျားအုံဖိုး ၅ ချပ်အုံ ၁ဝ အုံ × ၃၅ဝဝဝ ကျပ် = ၃၅ဝဝဝဝ ကျပ်၊ စုစုပေါင်းရရှိငွေ ၈၅ဝဝဝဝ ကျပ်၊ ပျားအုံဖိုး ၁ဝ အုံ ၅ဝဝဝဝဝကျပ် + လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ် ၁ဝဝဝဝဝ ကျပ် = ၆ဝဝဝဝဝ ကျပ်၊ ရရှိငွေ ၈၈၅ဝဝဝ ကျပ် - ၆ဝဝဝဝဝ ကျပ် = ၂၂၅ဝဝဝ ကျပ်၊ ဒုတိယနှစ်မှာ ပျားအုံ ၂ဝ တိုးပါတယ်။ အကျိုးအမြတ် ၁၄၂ဝဝဝဝ ကျပ် ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် ပျားထွက်ပစ္စည်းတွေဖြစ်တဲ့ ပျားရည်အမျိုးမျိုး၊ ပျားဖယောင်း စတဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့အတွက် မိသားစုအလုပ်အကိုင်အဆင်ပြေစေပါတယ်။
မေး။ ပျားရည်၊ ပျားဖယောင်းထုတ်လုပ်ဖို့ အခက်အခဲများ ရှိနေမလားဆရာ။
ဖြေ။ မပူပါနဲ့ဗျာ၊ ပျားလုပ်ငန်းလိုအပ်တာတွေ ပံ့ပိုးကူညီနေပါတယ်။
မေး။ တိရစ္ဆာန်တွေမွေးရင် ကူးစက်ရောဂါတွေရကြတယ်။ ပျားမွေးရင် ပျားရောဂါတွေ ရှိပါသလား။
ဖြေ။ သက်ရှိသတ္တဝါအားလုံးရောဂါရှိကြတာပဲ။ ပြင်းထန်တာနဲ့ မပြင်းထန်တာဘဲကွာတယ်။ ပျားရောဂါတွေက သားလောင်းပုပ်ရောဂါ၊ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ။ ရောဂါကျရောက်ပြီဆိုရင် သားလောင်းတွေ သေဆုံးပြီး မူလပုလဲဖြူရောင်ကနေ အညိုရောင်သို့ ပြောင်းသွားပါတယ်။ ပျားအုံလည်း အပုပ်နံ့ထွက်လာပါတယ်။ ကူးစက်မြန်တဲ့အတွက် ပျားဘောင်ကို မီးရှို့ပစ်ရပါမယ်။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆာဖာသိုင်အိုဇောဆေးကို သကြားမှုန့်နဲ့ရောပြီး ပျားသလက်ပေါ် ဖြူးပေးပါ။ တာရာမိုင်ဇင်းဆေးကိုလည်း သုံးနိုင်ပါတယ်။ တခြားကပ်ပါးရောဂါ၊ ဖယောင်းစားဖလံ၊ ပုရွက်ဆိတ်၊ ခြ၊ ပတူကောင်၊ ပုတ်သင်ညို၊ ဖားစသည့် အန္တရာယ်များကိုလည်း ကာကွယ်ပေးရပါမယ်။
မေး။ ဆရာအကြံပြုသလို ပျားမွေးမြူရေးလုပ်မယ်ဆရာ၊ တခြား စိုက်ပျိုးရေးသမားတွေလည်း မျှဝေပေးပါမယ်။ ဒါပေမဲ့ ကျွန်တော် သိချင်တာ လေးမေးခွင့်ပြုပါဆရာ။ ပျားဖွပ်၊ သားထိုး၊ မယားခိုး ဆိုအပြစ်ကြီးတယ်ဆရာ၊ အခုပျားမွေးရင် အဲဒီထဲ ပါနေမလားလို့၊ ပြောပြပါဦး။
ဖြေ။ ကျွန်တော်လည်း ဗုဒ္ဓဘာသာပါ။ သိထားပါတယ်။ ရှောင်ကြဉ်ရမယ့်အချက်ပါ။ အရင်တုန်းက ပျားဖွပ်ရင် ပျားအုံကို မီးရှို့ပြီး ဖွပ်ခဲ့ကြတာပါ။ ပျားရည်၊ ပျားဘို့၊ ပျားသလက်ပါယူပြီး ပျားလောင်းလေးတွေကို ချက်ပြုတ်၊ ကြော်၊ လှော်စားကြတာပါ။ ဒီနည်းက ကျေးလက်တွေမှာ ပျားအုံဖွပ်တာ အခုထိ ပြုလုပ်နေကြပါတယ်။ ယခုအခါ ခေတ်မီပျားမွေးမြူရေးမှာ ပျားရည်ထုတ်ယူရာတွင် မီးရှို့ပျားဖွပ်ရန် မလိုသောကြောင့် ပျားအုံပျက်စီးခြင်း၊ ပျားလောင်းများသေဆုံးခြင်းမရှိဘဲ ရာသီအလိုက် ပျားရည်ထုတ်ယူသောကြောင့် ငရဲမကြီးပါဘူးဗျာ။ အဲဒီတော့ ခေတ်မီပျားမွေးမြူနည်းက ပျားဖွပ်တာမဟုတ်လို့ ပျားရည်သက်သက်ပဲ ယူတာဖြစ်လို့ ငရဲမကြီးတဲ့အကြောင်း ပညာပေး ထပ်လောင်းပြောကြားပါရေစ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)
No comments:
Post a Comment