ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)
မေမေနဲ့ ဖေဖေက လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ အိမ်ပိုင်နဲ့နေနိုင်ပြီလို့ ဖေဖေကပြောပြီး လာခေါ်တဲ့အခေါက်မှာ ရေနံချောင်းကို ကျွန်မတို့ ပြောင်းခဲ့ကြပါတယ်။ သိပ်ထူးဆန်းတာကို ပြောရရင် ကျွန်မတို့ စစ်အတွင်းက နေခဲ့တဲ့ အိမ်ကလေးရဲ့ ရှေ့ဘက်က အဘိုးကြီးနဲ့ အဘွားကြီးကို ကျွန်မတို့ မေမေနဲ့ သွားကန်တော့ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ မေမေက ကာယကံ ဝစီကံနဲ့ ပြစ်မှားခဲ့တာများ ရှိရင်လည်း ခွင့်လွှတ်ပါ။ ဦးကြီးနဲ့ အဒေါ်တို့က ကျွန်မအပေါ် မှားခဲ့တာများရှိရင်လည်း ခွင့်လွှတ်ပါတယ်လို့ပြောရင်း ကန်တော့တဲ့အခါ အဒေါ်ကြီး ဒေါ်သက်နှံက ငိုရှာပါတယ်။ မေမေ့ကို ဘာဖြစ်လို့ သွားကန်တော့ရတာလဲ၊ သူတို့ကမှ မကောင်းခဲ့တာလို့ ကျွန်မက ပြောတော့ မေမေက ‘‘ဘယ်သူပဲဖြစ်ဖြစ် ဆက်ဆံတာကြာရင် မကောင်းတာရှိသလို ကောင်းတာလည်း ရှိတယ်။ အခုလို သွားကန်တော့တာဟာ ဝဋ်ရှိရင် ကျေအောင် လုပ်ရတဲ့ အလုပ်ပဲ’’ လို့ ပြောပါတယ်။
ကျွန်မတို့ ရေနံချောင်းအိမ်ကို ရောက်တော့ ပတ်ဝန်းကျင်က အိမ်တွေမပြည့်သေးပါဘူး။ စစ်အတွင်း လူမနေတော့ ခြံတွေဟာ ကွင်းချည်းဖြစ်နေတာပေ့ါ။ ကျွန်မတို့အိမ်က ကလေးမျက်စိနဲ့ ကြည့်ခဲ့ကြတော့ ပတ်ဝန်းကျင်မှာဖြင့် အကြီးကြီးပါပဲ။ မေမေနဲ့ ဖေဖေတို့ဟာ အဲသည်အိမ်ဝိုင်းထဲမှာ ပန်းပင်၊ သစ်ပင်တွေနဲ့ ဝေဆာလာအောင် စိုက်ကြပျိုးကြနဲ့ မအားကြပါဘူး။ ဖေဖေက ပြင်ဦးလွင်က မျိုးစေ့တွေမှာပြီးတောင်မှ ပန်းပင် တွေ၊ ဆလတ်ပင်တွေ၊ မုန်ညင်းပင်တွေ စိုက်ပါသေးတယ်။ အဲသည်အချိန်တုန်းက ပတ်ဝန်းကျင်မှာ ရှိပြီးသားအိမ်တွေက သစ်ပင်မစိုက်ကြသေးပါဘူး။ ရေကလည်း ရှားပါတယ်။ သုံးရေအဖြစ် စက်ကလာတဲ့ ရေကို လူအများသုံးတဲ့ ရေတိုင်က အလှည့်ကျယူရပါတယ်။ နောက်ပိုင်းမှာတော့ ရေသွယ်ယူခွင့်ရပြီး ကျွန်မတို့အိမ်မှာ သစ်ပင်တွေ ပိုပြီးစိုက်ကြပါတယ်။
အဲသည်အချိန်ကစပြီး မူလကတည်းက သစ်ပင်တွေကို ချစ်ခင်တဲ့ ပန်းပင်တွေကို နှစ်သက်တဲ့ ကျွန်မရဲ့စိတ်က ပိုပြီး ဖွံ့ဖြိုးလာပါတော့တယ်။ ကျွန်မတို့အိမ်မှာ စပယ်ရုံကြီးတစ်ရုံ၊ ဇွန်ပန်းအမျိုးမျိုးက နှစ်ရုံစသည်ဖြင့် မွှေးမြတဲ့ ပန်းများကို အချိန်အတော်ပေးပြီး ခူးရပါတယ်။ နှင်းဆီပင်နဲ့ တခြားပန်းပင်များလည်း ရှိပါတယ်။ တခြားစားပင်သောက်ပင်နဲ့ ဆေးဖက်ဝင်အပင်များလည်း ရှိပါတယ်။ ကျွန်မတို့အိမ်က အပင်တွေက သီးရင်၊ ပွင့်ရင် မြတ်စွာဘုရားကို လှူတာပါပဲ။ နောက်တော့ ပတ်ဝန်းကျင်က တောင်းပြီးဝယ်လာကြပါတယ်။
သင်္ဘောသဖန်းသီး ဆိုရင် ဟိုတုန်းက တစ်ကျပ်ဖိုးကို ဆယ်လုံးဆိုတာ စျေးတော်တော်ကလေးရတယ်လို့ ဆိုနိုင်ပါတယ်။ ချောင်းဆိုးသွေးပါသမားများက မှန်မှန်လာဝယ်ပါတယ်။ အဲသည် သဖန်းရွက်များကိုလည်း ဝယ်ကြပါတယ်။ သဖန်းရွက်နံ့က ဟင်းထဲထည့်ချက်ရင် အုန်းနို့ထည့်ချက်ထားသလို မွှေးတယ်။ ထမင်းထဲထည့်ချက်ရင် အုန်းထမင်းနံ့ရတယ် ဆိုပြီး အညာမှာ အုန်းပင်ရှားတော့ အဝယ်လိုက်ပါတယ်။ ကျွန်မတို့အိမ်ဝိုင်းထဲမှာ အပင်မျိုးစုံနေတာပါပဲ။ ကျွန်မက ဟင်းချိုရွက်စုံချက်မယ်ဆိုရင် ခြံအနှံ့ဟင်းရွက် ခူးရတာကို ပျော်စရာလို့ မှတ်ပါ တယ်။ ရာသီပင်များကိုလည်း စင်တင်လို့တစ်မျိုး၊ ခြံစည်းရိုးတင်လို့တစ်ဖုံ စိုက်ပျိုးကြပါတယ်။ ခဝဲသီးဆိုရင် ကျွန်မတို့အိမ်ဝင်းထရံမှာ ရာသီတိုင်း သီးနေတတ်ပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
ဖေဖေဟာ စီးပွားရေးအလုပ်ကို ကြိုးစားလွန်းလို့ မိုးချုပ်ခါနီးမှ အိမ်ပြန်ရောက်တာတောင် အိမ်အလုပ်များကို လုပ်ပြီးမှ ရေချိုးတတ်ပါတယ်။ အိမ်အလုပ်ဆိုတာကတော့ သစ်ပင်၊ ပန်းပင်စိုက်ပျိုးတာ၊ ခြံရှင်းတာစတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ရေမိုးချိုးပြီး ထမင်းစားကြတော့ ကျွန်မတို့မိသားစုလေးယောက် စုံစုံညီညီနဲ့ စားကြပါတယ်။ ဖေဖေပြောတတ်တဲ့ စကားကတော့ အလုပ်ကို ‘‘အားသွန်ခွန်စိုက် အလုပ်လုပ်မယ့်သူဟာ အစားကို ကောင်းကောင်းစားရမယ်။ ကောင်းကောင်းစားတယ် ဆိုတာ အဖိုးတန်များကို ပေါက်ပန်းစျေးစားနေတာကို ပြောတာ မဟုတ်ဘူး။ အာဟာရဖြစ်အောင် ချက်ထားတဲ့ အစားအစာကို ပူပူနွေးနွေး စုံစုံညီညီစားတာကိုပြော တာ’’ဆိုတဲ့ စကားဖြစ်ပါတယ်။ ဖေဖေဟာ တပည့်သားမြေးများကိုလည်း မိသားစုထမင်းဝိုင်းထဲကို ဝင်ပြီးစားစေပါတယ်။ ‘‘ကလေးတွေက ပင်ပန်းကြရှာတယ်။ ကောင်းကောင်းစားကြပါစေ’’လို့ အမြဲပြောလေ့ရှိပါတယ်။ တချို့က အလုပ်သမားများနဲ့ အတူတူမစားသင့်ဘူးလို့ ပြောတတ်ပါတယ်။ ဖေဖေက ဘာဖြစ်လို့လဲဗျာ၊ သူတို့လည်း ကျွန်တော့်သားသမီးတွေပဲလို့ ရိုးရိုးကြီး ပြောလေ့ရှိပါတယ်။
ဖေဖေ့အကြောင်းကလည်း ပြောလို့မကုန် ဖြစ်နေပြန်ပါပြီ။ မေမေကတော့ ဘယ်လိုသနားတတ်သလဲဆိုတာ ပြောပါရစေ။ မိုးရွာတဲ့အချိန်မှာ စာကလေးတွေ အစာရှာရခက်နေမယ်လို့ဆိုပြီး ထမင်းစေ့တွေကို ဆန်ကောထဲ ထည့်ပြီး ပြတင်းပေါက်တွေကို ဖွင့်ထားပါတယ်။ စာတွေအဖို့ တော့ ပွဲတော်ကြီးပေါ့။ ကျွန်မတို့ စာချေးတွေကို သန့်ရှင်းအောင် အတော်လုပ်ယူရပါတယ်။ စာကလေးတွေ ပေါက်တော့လည်း အသိုက်ပြုတ်ကျလာရင် ရေတိုက်ရ၊ အစာကျွေးရနဲ့ ပြုစုပါတယ်။ တချို့လည်း ရှင်ရဲ့၊ တချို့လည်း သေသွားကြပါတယ်။ မေမေဟာ ရေနံချောင်းကို ပြောင်းလာတော့ အသက် ၃၇ နှစ်လောက်ပဲရှိပါ သေးတယ်။ ကျွန်မတို့ကတော့ ကိုယ့်အဖေ ကိုယ့်အမေကို အသက်ကြီးတယ်လို့ပဲ အမြဲထင်ခဲ့တာပါ။ ကြီးမှ ပြန်စဉ်းစားကြည့်တော့ သူတို့ဟာ တကယ့်ကို ငယ်ကြပါသေးတယ်။
အဲသည်လို ငယ်သေးတဲ့အရွယ်မှာပဲ မေမေဟာ အရပ်ထဲမှာ မပြည့်စုံတဲ့သူတွေ အားကိုးအားထားပြုရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ပါပြီ။ နေမကောင်းတဲ့သူများကို ဆေးနဲ့ အစားအစာပေးတတ်ပါတယ်။ ဆေးတိုက်တာကတော့ အခုခေတ်လို နိုင်ငံတကာသုံး အိမ်သုံးဆေးတွေကို ကြားမှ မကြားဘူးတဲ့ အချိန်ဖြစ်လေတော့ မေမေဖော်စပ်တဲ့ မြန်မာဆေးမှုန့်များကိုပဲ နေမကောင်းတဲ့သူအိမ်ကို သွားမေးရင်း သောက်ချင်ပါတယ်ဆိုရင် သွားပြီးတိုက်ပါတယ်။ ဆန်ပြုတ်ကလေးကအစ နို့၊ ကော်ဖီ စတဲ့ အစားအစာများကိုလည်း ပို့ပေးပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်ရှိပြီး ကိုယ်ခွဲမရှိတဲ့ သူတွေကို ကူညီတာပါ။
ကျွန်မတို့ အိမ်နားက အမေတင့်က မျက်စိမမြင်ရှာပါဘူး။ သူ့ခင်ပွန်းက အိမ်ငှားစားပါတယ်။ အမေတင့်ကိုလည်း ကူညီတန်တာ ကူညီရပါတယ်။ မေမေ နေမကောင်းဖြစ်ရင်လည်း အမေတင့်က နှိပ်နယ်ပေးပါတယ်။ မေမေက ကျွန်မတို့ကို ပြောတဲ့စကားက ‘‘သံသရာဆိုတာ သိပ်ပြီးရှည်တာ၊ အခုဘဝမှာ တွေ့ကြတဲ့သူများဟာ သံသရာကြောမှာ အစုန်အဆန်သွားလာနေရင်း ဆွေမျိုးမတော်စပ်ဖူးတဲ့သူဆိုတာ မရှိဘူး။ အခုဘဝမှာ သူစိမ်းတွေဖြစ်နေတာ၊ ဟိုဘဝဘဝက ဘယ်လို ဆွေမျိုးတော်ခဲ့တယ်ဆိုတာ သိရင် ငိုလို့မဆုံးဖြစ်ကြမှာ၊ အထူးသဖြင့် မျက်စိမမြင်ရှာတဲ့ အမေကြီးဆိုရင် သနားစရာ သိပ်ကောင်းတယ်။ သူနဲ့လည်း ဆွေမျိုးတော်ခဲ့မှာပဲ။ အဲသည်တော့ လူတွေကို မခွဲခြားဘဲ တတ်နိုင်သမျှ စောင့်ရှောက်ပေးလို့ရှိရင် နောင်တရစရာမရှိတော့ဘူး’’လို့ ပြောတတ်ပါတယ်။
မေမေက ဆေးမယ်များကို ပရဆေးဆိုင်မှာ ကိုယ်တိုင်သွားပြီး ဝယ်တတ်ပါတယ်။ သူက ဆေးအမျိုးမျိုးကို နားလည်ပါတယ်။ ဆေးညွန်းများကိုလည်း ကိုယ်တိုင်သိပါတယ်။ အဲသည်တော့ ပရဆေးဆိုင်သွားလို့ သူလိုချင်တဲ့ သစ်ရွက်သစ်ခေါက်ကို မပေးဘဲ မှားပေးရင်၊ ရှိတာကို ထိုးပေးရင် တစ်ခါတည်း လွှင့်ပစ်လိုက်ပါတယ်။ ‘‘မင်းတို့ အဲသည်လို ရောဂါကုမယ့်ဆေးကို ကရော်ကမည် မလုပ်နဲ့၊ ငရဲကြီးမယ်။ စစ်စစ်မှန်မှန်ပေးပြီး ရောင်းရင် ရိုးတယ်ဆိုတဲ့ နာမည်တစ်လုံးကို ထူထောင်ကြစမ်းပါ’’လို့ ဆိုပါတယ်။ မေမေက အဲသည်လိုလုပ်လိုက်တော့ ကျွန်မက ဆေးဆိုင်က လူတွေက ရန်လုပ်တော့မှာပဲလို့ ထင်ပြီး ကြောက်သွားပါတယ်။ သူ့ခေတ်နဲ့သူ သူ့လူနဲ့သူ ဖြစ်နေလို့လားမသိပါဘူး။ ဆူတာကိုတောင်မှ ‘‘ဟုတ်ကဲ့ ဟုတ်ကဲ့’’နဲ့။ မေမေက ‘‘မှန်တာလုပ် မှန်တာပြောတဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို ရဲရဲရင်ဆိုင်ရမယ်။ သူတို့ဟာ မမှန်တဲ့ဆေးမယ်တွေ ပေးနေတာကို မေမေက သက်သေသက္ကာယနဲ့တိုင်မယ်ဆိုရင် သူတို့ နစ်နာမှာပေ့ါ။ သူတို့မှားနေတာကို သူတို့သိတော့ ရိုင်းကြမယ်မဟုတ်ပါဘူး။ အဲလေ ရိုင်းတော့လည်း တိုင်ရတောရမှာပါပဲ’’တဲ့။
မေမေဟာ စျေးဝယ်ရင် သိပ်စနစ်ကျပါတယ်။ မေမေနေမကောင်း တဲ့အခါ ကျွန်မကို စျေးသွားခိုင်းပါတယ်။ ပထမတော့ ဘယ်သူ့ဆီကိုသွား၊ မေမေက ဘာတွေဝယ်ပေးပါလို့ ပြောတယ်လို့ ပြောဆိုပြီး ခိုင်းလိုက်ပါတယ်။ ပြီးတော့ သေသေချာချာကြည့်ပြီး ကောင်းမှယူခဲ့လို့ပြောပါတယ်။ တစ်ခါတုန်းက စျေးရောင်းတဲ့ အဒေါ်တစ်ယောက် လိုက်ဝယ်ပေးတဲ့ ခုံဖိနပ်မှာအမျက်ပါနေလို့ ပြန်လဲခိုင်းပါတယ်။ ကျွန်မက ကြောက်ကြောက်နဲ့ စျေးကို ပြန်သွားပြီး လိုက်ဝယ်ပေးတဲ့အဒေါ်ကို ပြန်ခေါ်ကာ ဖိနပ်ဆိုင်ကို သွားပြီးလဲတော့ ရန်တွေ့လိုက်တာ တော်တော်ကြောက် စရာကောင်းပါတယ်။ ကျွန်မက ကိုယ်မှန်နေတာတောင် ကြောက်ရသလားလို့ မေမေဆူမှာစိုးလို့ သူတို့ ရန်တွေ့လည်း ပေပြီးနေတော့ ဖိနပ်ကိုပြန်ယူပြီး ပိုက်ဆံပြန်ပေးလိုက်ပါတယ်။ အဲသည်နောက်တော့ မေမေက စျေးကို ခိုင်းလိုက်ရင် သေသေချာချာ ရွေးချယ်ပြီးမှ ဝယ်ဖြစ်ပါတော့တယ်။ ကျွန်မ ရန်ကုန်ရောက်တော့ စတိုးဆိုင်တွေမှာ စျေးဝယ်ရင် မေမေက ဘာမှမပြောရှာဘဲ အကဲခတ်ရင်း လိုက်လာရှာတာကို တွေးမိတော့ စိတ်မကောင်းဖြစ်မိသားပါပဲ။ ခေတ်သဘောကို မေမေ မကျွမ်းတော့ဘူးဆိုတာ မေမေ့ဘာသာ ရိပ်မိရှာပါတယ်။
မေမေက ရွှေ၊ ငွေ၊ ရတနာများကိုလည်း ကျွမ်းပါတယ်။ အထူးသဖြင့် ရွှေကဲခတ်တတ်တယ်။ လက်ဝတ်ရတနာများကိုလည်း အပ်တတ်ပါတယ်။ မေမေနဲ့ ညီအစ်မအရင်းလို ချစ်ကြတဲ့ ကြီးကြီးမြိုင်၊ ကြီးကြီးလှိုင်တို့နဲ့ ပေါင်းမိတော့ မရင်လေးရယ်၊ ငွေပိုကလေးရှိလို့ လုပ်ပေးစမ်းပါလို့ ပြောရင်လည်း ကောင်းကောင်းမွန်မွန်ရအောင် ဆောင်ကြဉ်းပေးတာပါပဲ။ သူက စရိတ်စိုက်ရပေမယ့် သူတို့ စုမိသွားတာပေါ့လို့ ပြောပြီး မေမေက ပျော်နေပါသေးတယ်။ ကျေးဇူးတင်ပါတယ်မေမေ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၂)
No comments:
Post a Comment