July 4, 2020

ဒုတိယအရွယ် (၂)

 လယ်တွင်းသားစောချစ်

        ချစ်သူနှင့်ကွဲ၍ အသည်းက ဘာမျှမဖြစ်ပါ။ အရက်သောက်မှ နောက်ထပ်အရှုံးကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အမူးသမား အရှုံးသမားကြီးဘဝသို့မရောက်အောင် ကျွန်တော်ဖတ်ခဲ့မိသော စာအုပ်တစ်အုပ်က ကောင်းကျိုးပြုခဲ့သည်။


        ရွှေလင်းယုန် (ဂျာနယ်ကျော်ဦးချစ်မောင်) ရေးသော 'သူ' ဝတ္တုကို ၁၈ နှစ်အရွယ်မှာကတည်းက ဖတ်ပြီးသိပ်သဘောကျခဲ့သည်။

        စိတ်သဘောထားကောင်း၍ သူတပါးကို ကူညီတတ်သော နှလုံးလှဆရာဝန် ကိုမြင့်မောင်သည် ကျွန်တော့်ထက်ပိုဆိုးသော ဆုံးရှုံးမှုများ၊ ဝမ်းနည်းကြေကွဲစရာများကို ကြုံခဲ့ရသည်။ စိတ်ကောင်းမရှိသူများ၏ ဝိုင်းဝန်းကြံစည်နှိပ်စက်မှုကြောင့် အရှက်တကွဲနှင့် ထွက်သွားရသည်။

        သို့သော် ကိုမြင့်မောင် အရက်မသောက်။ ဘဝကိုလက်မြှောက်အရှုံးမပေး၊ ရောက်လေရာမှာ သူတပါးကို ကူညီသည်။ စောင့်ရှောက်သည်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသည်။ လူအများကြည်ညိုလေးစားကြသည်။

        ‘သူ’ ဝတ္တုကိုဖတ်ပြီးသည့်နေ့တွင် ညနေပိုင်း အလေးမ အားကစားခန်းသို့ သွားပါသည်။ ထိုအချိန်က ကျွန်တော်အလေးမအားကစားလုပ်ပါသည်။ ထိုနေ့ကအလေး မမနိုင်ပါ။ စိတ်ကောင်းရှိအနစ်နာခံသော ကိုမြင့်မောင်ကို သတိရလွမ်းဆွတ်နေသည်။

        မီးလောင်နေသော အိမ်ထဲမှ လေငန်းရောဂါစွဲနေသော ဦးလေးကြီးကို ကယ်ဆယ်ရာမှ မျက်နှာမှာ ဒဏ်ရာရပြီး အမာရွတ်ကြီးကျန်ခဲ့သည်။ ခြေတစ်ဖက်လည်းကျိုး၍ ချိုင်းထောက်ကြီးနှင့် လမ်းလျှောက်ရသည်။

        ရွှေလင်းယုန်၏ ‘သူ’ ဝတ္တုမှ ဆရာဝန် ကိုမြင့်မောင်ကို လေးစားအားကျစိတ်ကြောင့် ဆန္ဒနှစ်ခု ဖြစ်ခဲ့ရသည်။

        ပထမဆန္ဒမှာ ကိုမြင့်မောင်ကဲ့သို့ စိတ်ကောင်းနှလုံးကောင်းရှိ၍ အများအကျိုးသယ်ပိုးရွက်ဆောင်သူ ဖြစ်ချင်သည်။ ဒုတိယဆန္ဒမှာ ထိုအချိန်တွင် စာရေးခြင်းကို စတင်နေပြီမို့ နောင်တစ်နေ့တွင် စာရေးဆရာဖြစ်လျှင် ‘သူ’ ဝတ္တုကဲ့သို့သော ဝတ္တုတစ်ပုဒ် ရေးနိုင်ချင်သည်။ နှစ်များစွာကြာခဲ့ပြီဖြစ်သော်လည်း ကျောင်းဆရာလုပ်ရန် ကျောက်မီးသွေးရွာလေးသို့ ရောက်သောအခါ ‘သူ’ဝတ္တုမှ ဆရာဝန်ကိုမြင့်မောင်ကို တမ်းတမ်းတတ သတိရမိသည်။



        ‘‘ဆရာဝန်ဖြစ်မှ ပရဟိတအများအကျိုး လုပ်နိုင်တာလား။ ကျောင်းဆရာဘဝ တပည့်ကလေးငယ်များအကျိုး၊ ရွာကျိုး၊ ရပ်ကျိုး ရွာသူရွာသားများအကျိုး ပိုတောင် လုပ်လို့ရသေးတယ်’’

        ဤရွာကလေးမှာ ကျောင်းဆရာကောင်းဖြစ်အောင် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

        ကိုယ့်ဘဝတက်လမ်းအတွက်တော့ စာပေးစာယူအဝေးသင်နည်းနှင့်ဖြစ်စေ၊ အခြားသော နည်းတစ်မျိုးမျိုးနှင့်ဖြစ်စေ ပညာရေးဘွဲ့ရအောင် ကြိုးစားပြီး အထက်တန်းပြ၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်ဖြစ်အောင် ရည်မှန်းချက်ထားရပေလိမ့်မည်။ သို့သော် လုပ်သက်ရှိဖို့ လိုသေးတယ်။ လောလောဆယ်တော့ ကိုယ့်အရေးထက် ဤရွာ၊ ဤကျောင်းနှင့် ကလေးများအတွက်သာ ဘဝကို နှစ်မြှုပ်ထားရန် ဆုံးဖြတ်ထားလိုက်သည်။

ကျောက်မီးသွေးရွာနှင့် ကျောက်မိကျောင်း

        ကျောက်မီးသွေးရွာသည် ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိသည်။ မန္တလေးမှ ကိုးမိုင်ခန့်သာဝေး၍ မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်မှာရှိသည်။ အိမ်ခြေသုံးရာခန့်ရှိသော ရွာကြီးဖြစ်သည်။

        အရှေ့ဘက်မှာ ရှမ်းရိုးမတောင်ပြာတန်းကြီးရှိသည်။ မြောက်ဘက်မှာ ဗျိုင်းရယ်တောင်၊ အရှေ့တောင်ဘက်မှာ ပြလိပ်တောင်ကြီးများကို လှမ်းမြင်နေရသည်။ ရွာဝန်းကျင်မှာ ဆီးခြံ၊ သင်္ဘောခြံ၊ သရက်ခြံ၊ ဂွေးသီးခြံ၊ နှင်းဆီပန်းခြံကြီးများရှိသည်။ ဆည်ရေသောက်ဧရိယာမို့ လယ်ကွင်းများကလည်း စိမ်းစိမ်းစိုစိုသာယာလှသည်။

        ကျောက်မီးသွေးရွာအလယ်တန်းကျောင်းသည် ရွာ၏မြောက်ဘက်မှ ကွင်းကျယ်ကြီးထဲမှာရှိသည်။ အုတ်ကာ၊ ဝါးကပ်မိုးနှင့် လေးပင်နှစ်ခန်း အသင့်အတင့်ကျယ်ဝန်းသည်။ ကျောင်းရှေ့မှာတော့ ဘောလုံးကွင်း၊ ကျောင်းအနောက်ဘက်၊ တောင်ဘက်နှင့် မြောက်တို့မှာ မြေကွက်အကျယ်ကြီးများကျန်သေးသည်။

        ကျောင်းရှေ့ဘောလုံးကွင်း၏ ပေတစ်ရာကျော်မှာ တာပေါင်ကြီးရှိသည်။ တာပေါင်အတိုင်း ပုသိမ်ကြီးအထိ ကားနှင့်သွား၍ရသည်။ တာပေါင်၏အရှေ့မှာ ဆည်ရေသောက်မြောင်းမကြီးက ရေတသွင်သွင်စီးဆင်းလျက်။

        သာယာလှပသော ရွာဝန်းကျင်နှင့် အကွင်းအကွက်ကျသော ကျောင်းဝန်းကျင်ဖြစ်သည်။ သို့သော်ကျောင်းကလေးမှာ ခုမှအလယ်တန်းကျောင်းဖွင့်ခွင့် အမိန့်ကျထားရုံသာရှိသေးသည်။ အဆောက်အအုံ၊ ပရိဘောဂ၊ ဘာမျှပြည့်စုံခြင်းမရှိ။

        အလယ်တန်းကျောင်းအုပ်က မရောက်သေး။ မူလတန်းကျောင်းအုပ်က ပြောင်းသွားပြီ။ အလယ်တန်းကျောင်းသားတစ်ယောက်မျှ မရှိ။ အလယ်တန်းပြဆရာလည်း မရှိ။ မူလတန်းကျောင်းသားများနှင့် မူလတန်းပြဆရာ၊ ဆရာမ သုံးယောက်သာ ရှိသည်။

        ကျွန်တော်ရောက်သွားခြင်းသာ အလယ်တန်းအင်္ဂါရပ်တစ်ခု စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

        ရွာလူကြီးက ဦးညိုတုတ်။ နာမည်နှင့် လိုက်သည်။ ညိုညိုတုတ်တုတ်။ လူလတ်ပိုင်းသာ ရှိသေးသော်လည်း ရွာပေါ်မှာ သြဇာရှိသည်။ တစ်ရွာလုံး ချစ်ခင်လေးစားသည်။ ရိုးဖြောင့်သည်။ အရည်အချင်းရှိသည့် ခေါင်းဆောင်ကောင်း ဖြစ်သည်။

        ကျွန်တော့်ကို ဦးစံလှိုင်၊ ဒေါ်မြမေတို့အိမ်မှာနေရန် စီစဉ်ပေးကြသည်။ ရပ်မိရပ်ဖလူကြီးမိဘများ ဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင်နှင့်တွဲလျက် အိမ်ဖြစ်၍ ညပိုင်းတွင် ရွာလူကြီးများနှင့် ဆုံဖြစ်သည်။ လက်ဖက်ရည်သောက်ရင်း ကျောင်းကိစ္စ၊ ရွာရပ်ကိစ္စ ဆွေးနွေးကြရသည်။

        မနက်လင်းလျှင် ကျွန်တော်ကျောင်းသို့ အစောကြီးရောက်သည်။ မရောက်၍မဖြစ်။ ဤကျောင်းတွင် စာရေးမရှိ။ ပြာတာမရှိ။ ကျွန်တော်ကပဲ စာရေး။ ကျွန်တော်ပဲ ပြာတာ။ ကျောင်းအစောကြီးရောက်သည်နှင့် ကျောင်းတံခါးများဖွင့်ရသည်။ မနေ့က ကလေးများ မေ့ကျန်ခဲ့သောပစ္စည်းများကို သိမ်းဆည်းရသည်။ ရုံးခန်းသန့်ရှင်းရေး လုပ်ရသည်။ ရေးစရာ၊ မှတ်စရာစာရင်းများ ရေးရမှတ်ရသည်။

        အလုပ်များသည်ကို ကျွန်တော်သဘောကျပါသည်။ အလုပ်များနေလျှင် ကျွန်တော့်ချစ်သူ မိန်းကလေးကို မေ့မေ့လျော့လျော့နေ၍ ရသည်။ စိတ်သက်သာသည်။ 

        ကျောင်းကလေးမှာ လုပ်စရာကလည်း များလှပါ၏။ ဆရာထိုင်စရာထိုင်ခုံတစ်လုံးမျှ မရှိသည်က ကိစ္စမရှိ။ ကလေးများ ဖွဲပြာအခင်းမှာ ထိုင်နေရသည်က လုံးဝမသင့်ပါ။ သူတို့၏ ကျောင်းစိမ်းလုံချည်များမှာ ကျောင်းပြာဖြစ်နေကြပြီ။ အင်္ကျီလေးများပါ ပြာနေသည်။ မျက်နှာပါးပြင်နှင့် ခေါင်းဆံပင်မှာလည်း ဖွဲပြာများကပ်နေသည်။ ကလေးများကျန်းမာရေးအတွက် စိတ်ပူစရာ။

        ရွာထဲမှ လက်သမားဆရာနှင့် ပန်းရံဆရာကို ခေါ်ကာ တွက်ခိုင်းသည်။ ဤကျောင်းကို အောက်မှာ အုတ်ခင်းချင်သည်။ ကလေးများအားလုံး ထိုင်ခုံနှင့် စာရေးခုံတွဲလျက် ရှိစေချင်သည်။ လက်သမားဆရာနှင့် ပန်းရံဆရာက တွက်ပေးကြပါ၏။ အားလုံး ၇၅ဝဝ ခန့် ကုန်မည်။

        လုပ်ကောင်း၊ မလုပ်ကောင်းမသိ။ စဉ့်ကိုင်မြို့နယ်မှ မူလတန်းဆရာများ၊ လခထုတ်သည့်နေ့မှာ သွားအလှူခံသည်။ အဖေကြီး လခထုတ်သည့်အခါ လိုက်သွားရင်း တွေ့ဆုံရင်းနှီးသူများဖြစ်သည်။ ကျွန်တော့်ကျောင်းနှင့် ကလးများဖွဲပြာထဲ ထိုင်နေရပုံကို ပြောပြပြီး အလှူခံခြင်းဖြစ်၏။ သူတို့နှင့် ဘာမျှမဆိုင်၊ မြို့နယ်ချင်းလည်းမတူ။ သူတို့ကလေးများနေသော ကျောင်းလည်းမဟုတ်။ သို့သော် ငါးကျပ် တစ်ဆယ် အလှူငွေထည့်ဝင်ကြသည်။ ကျွန်တော့်မှာ အလှူခံဖြတ်ပိုင်းပင်မပါ။ ယုံကြည်မှုနှင့် လှူကြခြင်းသာဖြစ်သည်။ ကျွန်တော်ကလည်း ထိုငွေများမှ လက်ဖက်ရည်တစ်ခွက်ပင် မသောက်ပါ။ စဉ့်ကိုင်မြို့နယ်မှ ဆရာများထံမှ အလှူငွေ ၁ဝဝ ရပါသည်။ ပုသိမ်ကြီးမှ ဆရာများကို အလှူခံပြန်သည်။ ၁၅ဝ ရသည်။ ဆရာမ ဒေါ်ခင်ထွေး၏ အစ်မက ဘောက်ချာဖြတ်ပိုင်းစာအုပ်နှင့် မန္တလေးမှ သူ့မိတ်ဆွေများကို အလှူခံသည်မှာ ၂၅ဝ ရသည်။ လိုသည့်ငွေနှင့် ဝေးကွာလွန်းလှသည်။

        မိဘများကို ဖိတ်ကြား၍ မိဘဆရာအသင်းဖွဲ့သည်။ မိဘဆရာအသင်း၏ ဆုံးဖြတ်ချက်နှင့် မိဘတစ်ဦးလျှင် ၁ဝ ကျပ် အလှူငွေထည့်ဝင်ကြရန် ဆုံးဖြတ်သည်။

        မိဘတစ်ဦးက မထည့်နိုင်ကြောင်း ကန့်ကွက်ပြောဆိုရာမှ ဘတ်စ်ကားပိုင်ရှင်တစ်ဦးဖြစ်သော ဦးသေးတာက ငွေ ၅ဝဝဝ နှင့် ဆရာ၊ ဆရာမများထိုင်ရန် ကုလားထိုင်တွေမရှိ ဖြစ်နေသည့်အတွက် ကုလားထိုင်ငါးလုံးလှူသည်။ နို့ဆီရုံပိုင်သော မဟာသဘောအမည်ရှိ ဟိန္ဒူအဖိုးကြီးက တစ်သောင်းလှူသည်။ သူတို့ကို အားကျ၍ ၁ဝဝဝ လှူသူ၊ ၅ဝဝ လှူသူ၊ ၃ဝဝ လှူသူ၊ ၂ဝဝ လှူသူ၊ ဘီရိုတစ်လုံးလှူသူ၊ အုတ်ရေအိုးစင်လှူသူများ ပေါ်ပေါက်လာသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)

No comments:

Popular Posts