July 25, 2020

ဒုတိယအရွယ် (၇)

လယ်တွင်းသားစောချစ်

        ကားလမ်းဘေးမှ သပ်သပ်ရပ်ရပ်ရှိသော တစ်ထပ်အိမ်လေးကိုငှားပြီး ပုသိမ်ကြီးမြို့နယ်ခွဲ၊ လက်ထောက်မြို့ပိုင်ရုံး ကျောက်မီးရွာဟု ဆိုင်းဘုတ်တပ်လိုက်သည်။ နေတော့လည်း ထိုရုံးမှာပင် တစ်ပိုင်းကန့်၍နေသည်။ ဘကြီးမှုံအိမ်နှင့်မဝေး၍ ဘကြီးမှုံအိမ်မှာပင် ကျွန်တော်နှင့်အတူ ထမင်းလခပေးစားသည်။ ဒေါ်ဒေါ်မြိုင်အတွက်
ဖောက်သည်တစ်ယောက် တိုးသွား၏။

        မြို့ပိုင်ကြီးကလည်း လူလွတ်တစ်ယောက်ဖြစ်သည်။ ကျွန်တော့်ထက် သုံးနှစ်ခန့်ကြီးပါသည်။ အတူစား၊ အတူသွား၊ အတူနေရင်း ကျွန်တော်တို့ ညီအစ်ကိုနှယ်  ချစ်ခင်ရင်းနှီးကြပါသည်။ သူ့ရုံးအတွက် ကျွန်တော်က ကူညီသလို ကျွန်တော့်ကျောင်းအတွက် သူများစွာကူညီပါသည်။

        ညနေ ထမင်းစားပြီးလျှင် ကျွန်တော်တို့နှစ်ယောက် ကျောက်မီးရွာ ချောင်းမကြီးကို ကျော်၍ ငွေတောင်ရွာဘက်မှ ခြံကြီးများအထိ လမ်းလျှောက်ကြသည်။

        သူ့ကို လုပ်ငန်းရှင်များက နှုတ်ဆက်ကြသည်။

        ‘‘မြို့ပိုင်ကြီး’’

        ကျွန်တော့်ကို ကျောင်းသားမိဘများ၊ ကျောင်းသားများက နှုတ်ဆက်ကြသည်။

        ‘‘ဆရာကြီး’’

        သူ့ပရိသတ်နှင့်သူ၊ ကိုယ့်ပရိသတ်နှင့်ကိုယ်။ သူက ရွာများသို့ နေ့စဉ်လိုပင် ခရီးထွက်ရသည်။ အုပ်ချုပ်ရေး၊
နယ်မြေလုံခြုံရေးလုပ်ဖို့၊ ဘဏ်ချေးငွေပေးဖို့၊ ဘဏ်ချေးငွေကောက်ခံဖို့၊ မြေခွန်ကောက်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဖို့၊ မြို့ပိုင်ကြီး၏ လုပ်ငန်းများက များလှသည်။ ကျွန်တော့်နောက်မှ ရောက်သော်လည်း ရွာများကို ကျွန်တော့်ထက် အရောက်များသည်။ သူခရီးသွားလျှင် ခရီးစရိတ်ရသည်။ သူ့အလုပ် သူ့ခရီးနှင့်သူ။

        ကျွန်တော်ကလည်း ကျောင်းပိတ်ရက်များတွင် တပည့်များရှိရာ ရွာများသို့သွားရသည်။ ကျောက်မီးနှင့်နီးသော ငွေတောင်ထုံးခရီး၊ ရွေစာရံ၊ သုံးအိမ်၊ လက်ကောင်း၊ မြို့တော၊ ဘန့်ကွဲရွာများကို ရောက်ပြီးပြီ။ နည်းနည်းဝေးသော အုန်းချော၊ ကျောက်ချော၊ ကျွဲနဖား၊ ရွာရှည်၊ သန့်စင်ကုန်း၊ ဘိုတက်ကုန်း၊ အောင်ပင်လယ်၊ သမ္မတော စသောရွာများကို မရောက်သေး၊ ရောက်အောင်သွားရဦးမည်။

        ထိုသို့သွားခြင်းဖြင့် ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် ပိုမိုရင်းနှီးပြီး ပို၍နားလည်မှုရသည်။ ထိုရင်းနှီးနားလည်မှုသည် တပည့်များကို ဆုံးမပြုပြင်ရာတွင်လည်းကောင်း၊ ပညာသင်ကြားရာတွင်လည်းကောင်း၊ အထောက်အပံ့ကောင်းရသည်။ သို့သော် မြို့ပိုင်ကြီးလိုတော့ ရွာများသို့ သွားခြင်းဖြင့် ခရီးစရိတ်မရ။ သူ့ခရီးနှင့်သူ ကိုယ့်ခရီးနှင့် ကိုယ်။



        ဝါတွင်းဥပုသ်နေ့ ကျောင်းပိတ်ရက်တစ်ရက်မှာ ရွာရှည်ရွာမှ ကျောင်းသားများက သူတို့ရွာကို အလည်လာရန် ဖိတ်ခေါ်ထားကြသည်။ လက်ကောင်းရွာအနီးမှ ကားလမ်းဘေးအထိ လှည်းဖြင့် လာကြိုကြမည်။ ဆရာဦးလှမင်း၊ ဆရာမ ဒေါ်ခင်ဌေး၊ ဆရာမ ဒေါ်စနိုးနှင့် မကြာမီကမှ ရောက်လာသော ဆရာမအသစ်လေး ဒေါ်ခင်စန်းလှိုင်လည်း လိုက်မည်။ လူစုံတက်စုံပျော်စရာ။

        ကျွန်တော်က လိုက်ခဲ့ပါရန် အတင်းဖိတ်ခေါ်၍ မြို့ပိုင်ကြီးက ရွာရှည်သို့ သုံးခေါက်ရောက်ပြီးသော်လည်း လိုက်လာသည်။ ပို၍ ပျော်စရာကောင်းပါသည်။

        ဥပုသ်နေ့မနက်တွင် ကျောက်မီးရွာမှ အမှတ် (၁၁) ဘတ်စ်ကားနှင့် သွားကြသည်။ ကားစပယ်ယာသည် အပြောအဆိုရိုင်းသူ ဖြစ်သည်။

        ‘‘ဟိုအဒေါ်ကြီး တောင်းခပေးရမယ်နော်’’

        ‘‘မပေးနိုင်ပေါင်တော်။ လူတစ်ယောက် တောင်းတစ်လုံးတော့ ပါမှာပေါ့’’ အဒေါ်ကြီးက
ပြန်ပြောသည်။

        ‘‘မပေးနိုင်ရင် ခင်ဗျားဆင်း၊ နောက်ကားပြောင်းစီး’’

        အဒေါ်ကြီးကိုကြည့်ပြီး စိတ်မကောင်းပါ။ မဆင်းချင်၍ ပေးလိုက်ရသည်။ ထိုစပယ်ယာသည် နှုတ်ထွက်ကလည်း ကြမ်းသည်။ မျက်နှာချင်းဆိုင်မှ မောင်းသွားသော ကားတစ်စီးကို လမ်းဘေးချမမောင်း၍ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုလိုက်သည်။

        ကားပေါ်ပါသူအားလုံး ကြားပါသည်။ ဆရာမလေးများကို အားနာမိသည်။ မြို့ပိုင်ကြီးဦးသိန်းထွန်း မျက်နှာတင်းသွားသည်။

        ‘‘ဟို ဆရာကြီး..ရှေ့တိုးရပ်။ နောက်မှာ လူတင်စရာပိတ်နေပြီ’’

        ‘‘သုံးအိမ် ဆင်းမှာ...’’

        လူကြီးက ပြန်ပြောသည်။ 

        ‘‘သုံးအိမ်က ရောက်ခါနီးနေပြီ..’’

        ‘‘ဆင်းတော့ရပ်ပေးမယ်.. ရှေ့တိုး’’

        ကားစပယ်ယာမှာ အာဏာပါဝါ ပြလွန်းနေသည်။

        ‘‘အခု မင်းမှာတက်မယ့်လူမှ မရှိဘဲ... ရှိတော့ တိုးပေးမှာပေါ့’’

        ‘‘မရှိ မရှိ။ တိုးဆို တိုးပေးလိုက်ပေါ့ဗျ။..ခင်ဗျား ပြောရတာ သိပ်လက်ပေါက်ကတ်တာပဲ’’

        ကျွန်တော် စိတ်ပျက်မိသည်။ ဤလိုင်းတွင်သွားနေသည်မှာ ကြာပြီ။ ဤသို့ရိုင်းသော စပယ်ယာကို တစ်ခါမျှ မတွေ့ဖူးဘူးသေး။

        သုံးအိမ်တွင် ကားရပ်သောအခါ လူကြီးဆင်းသွားသည်။ အသက်လေးဆယ်ခန့် လူတစ်ယောက်တက်လာသည်။

        ‘‘ကားခ’’

        ‘‘ပေးမှာပေါ့ကွ။ ဒီမှာ မင်းမမြင်ဘူးလား။ လက်ကပစ္စည်းတွေတောင် မချရသေးဘူး’’
တက်လာသူကလည်းမာသည်။

        ‘‘ခုချပြီး ခုပေးလိုက်ပေါ့ဗျ’’

        ‘‘ဟာ..ဟေ့ကောင် မင်း ဘယ်လိုဖြစ်နေတာလဲ။ ငါ ဘယ်မှ ဆင်းမပြေးဘူး။ ပိုက်ဆံလေးတစ်ကျပ်နဲ့ ဒီလောက် လောဘတက်မနေနဲ့’’

        ‘‘ဘယ်သူမဆို ကားပေါ်တက်ရင် ကားခပေးရတာပဲ။ ခင်ဗျားကျမှ ကတ်သီးကတ်သတ် ပြောနေရတာ’’

        ‘‘ဟာ..ဒီကောင်မိုက်ရိုင်းလှချေလား’

        ကားစီးသူစိတ်မရှည်ဖြစ်လာသည်။

        ‘‘မိုက်ရိုင်းတာ..ခင်ဗျား’’

        ကားစပယ်ယာ ပြန်အော်သည်။

        ကျွန်တော်တို့ ခရီးသည်အားလုံး နားပူပြီး စိတ်ပျက်လာကြသည်။

ဆက်လက်ဖော်ပြပါမည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၆)

No comments:

Popular Posts