July 25, 2020

ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ်

မောင်ငြိမ်းအောင်(တန့်ဆည်)

        စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် ပိုးသတ်ဆေးများသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ ကမ္ဘာတွင် တစ်နေ့ထက်တစ်နေ့ ပိုးသတ်ဆေးသုံးစွဲမှုများ မြင့်တက်နေသည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ ကမ္ဘာပေါ်တွင် သီးနှံကာကွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် နှစ်စဉ် ပိုးသတ်ဆေးတန်ချိန် သုံးသန်းကျော်ခန့် သုံးစွဲလျက်ရှိသည်ကို တွေ့ရသည်။ 

        ပိုးသတ်ဆေးများကို ပိုးမွှားရောဂါကာကွယ်ရန် သီးနှံတစ်ပင်၊ တိရစ္ဆာန်၊ မြို့ရွာစသည့် ပစ်မှတ်များသို့  ရည်ရွယ်ပက်ဖျန်းသုံးစွဲသော်လည်း သုံးစွဲသည့် ပိုးသတ်ဆေးအချို့သည် ပစ်မှတ်ကိုမထိဘဲ ပတ်ဝန်းကျင် မြေထု၊ ရေထု၊ လေထု စသည်တို့ကို ညစ်ညမ်းမှု ဖြစ်စေသည့်အပြင် လူနှင့် သတ္တဝါအားလုံး၏ အသက်အန္တရာယ် ထိခိုက်သည်အထိ ဆိုးကျိုးအနိဌာရုံများ ကြုံတွေ့နေကြရသည်။ 

        ပိုးသတ်ဆေးများကို ပက်ဖျန်းအသုံးပြုပြီးပါက ၄င်းဆေးများသည် သဘာဝပတ်ဝန်းကျင်ရှိ နေပူရှိန် (ခရမ်းလွန်ရောင်ခြည်) အဏုဇီဝပိုးများ အစရှိသည့် ဇီဝဓာတ်ပြုမှုများကြောင့် ဓာတ်ပြိုကွဲပြီး ပတ်ဝန်းကျင်အစိတ်အပိုင်းတစ်ခုမှ တစ်ခုသို့ ရွေ့လျားသယ်ဆောင်ခံရခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ပါသည်။ ထိုဖြစ်စဉ်များမှ အခြေပြု၍ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်များ ဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်း၊ ထိုမှတစ်ဆင့် လူနှင့် သက်ရှိသတ္တဝါအားလုံး အသက်အန္တရာယ်ဖြစ်စေသည်အထိ အကျိုးဆက်များစွာ ရှိလာသည်။ 


        ဤသို့ မဖြစ်ပေါ်စေရန်အတွက် အခြေခံအကျဆုံး ကြိုတင်တားဆီးကာကွယ်ခြင်းမှာ ပိုးသတ်ဆေးများထုတ်လုပ်ခြင်း ထုတ်လုပ်ရာမှ ထွက်လာသော ဘေးထွက်ဆိုးကျိုးများကို စွန့်ပစ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အသုံးပြုသူတို့၏ လက်ဝယ်တွင် သိုလှောင်ကိုင်တွယ်၊ အသုံးပြုစွန့်ပစ်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် သတိပြုကိုင်တွယ်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ 
ပိုးသတ်ဆေးဓာတ်ကြွင်းတွေ့ရှိနိုင်သော နေရာများမှာ စိုက်ပျိုးသီးနှံထွက်ကုန်များ၊ လူ့အစားအစာများ၊ တိရစ္ဆာန်အစားအစာများ၊ ပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထု၊ မြေအောက်ရေလွှာ၊ အပေါ် ယံရေလွှာ၊ ရေနေသတ္တဝါ (ငါး၊ ပုစွန်)တို့တွင် တွေ့ရှိရပါသည်။ 

        ပိုးသတ်ဆေးများသည် ဓာတ်ကြွင်းအာနိသင်အဖြစ် လူနှင့် သက်ရှိသတ္တဝါတို့ကို ဒုက္ခပေးနိုင်သည့်အပြင် တိုက်ရိုက်ထိတွေ့ပါကလည်း အလွန်အန္တရာယ်ကြီးမားလှသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားဆေးတက္ကသိုလ်မှ ဒေါက်တာဟိုဝက်မေဘက်က လူ၏ ခန္ဓာကိုယ်အတွင်း ပါရာသီယွန်ပိုးသတ်ဆေးဝင်ရောက်မှုကို စမ်းသပ်ရာတွင် လက်ဖျံမှ တစ်မိနစ်အတွင်း ၂  ရာခိုင်နှုန်း၊ ၁၅ မိနစ်အတွင်း ၅ ရာခိုင်နှုန်း၊ တစ်နာရီအတွင်း ၈ ရာခိုင်နှုန်းနှင့် ၈ နာရီအတွင်း ၁၆ ရာခိုင်နှုန်း ဝင်ရောက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ယင်း၏ စမ်းသပ်ချက်အရ နဖူးပြင်မှ ဝင်ရောက်မှုမှာ လက်ဖျံမှ ဝင်ရောက်မှု၏ လေးဆမြန်ကြောင်း တွေ့ရှိခဲ့သည်။ အလွန်အန္တရာယ်ကြီးမားလှပေသည်။
ဓာတ်ပုံ - EPA.com
 
        သို့ပါ၍ အလွန်အန္တရာယ်ကြီးမားလှသော ပိုးသတ်ဆေးများကို သတိပြုကိုင်တွယ်လုပ်ဆောင်ရန်မှာ အလွန်အရေးတကြီး အထူးသတိပြုရမည့်အချက် ဖြစ်ပေသည်။ ထုတ်လုပ်ရာတွင် စက်ရုံတွင်လည်း ထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် လုပ်သားများသည် အမြဲလုံခြုံနေအောင် သတိပြုရမည်။ Safety First ဖြစ်စေရန် အန္တရာယ်ရှိသော ဧရိယာများကို လုံခြုံမှုရှိအောင် တင်းကြပ်စွာ တားမြစ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ထားရန် လိုသည်။ အမြဲသတိရှိစွာဖြင့် သတိပြုမိနေစေရန် "အန္တရာယ်ရှိသည် သတိ"ဆိုသည့် အသိပေးသည့် ဆိုင်းဘုတ်ကြီးများဖြင့် မြင်သာအောင် ချိတ်ဆွဲ နှိုးဆော်ထားရှိရန် စီမံရမည်ဖြစ်သည်။  

        ထုပ်ပိုးရာတွင်လည်း ထုပ်ပိုးပစ္စည်း၏ လုံခြုံမှု ရှိ၊ မရှိ စစ်ဆေးပြီး ကိုင်တွယ်မည့် အလုပ်သမားများကလည်း ဦးထုပ်၊  နှာခေါင်းစွပ်၊ လက်အိတ်၊ မျက်မှန်၊ ခြေစွပ်ဖိနပ်၊ အကာအကွယ်အင်္ကျီများ ပြည့်စုံအောင် ဝတ်ဆင်ပြီးမှ ကိုင်တွယ်ရန် လိုပါသည်။ သိုလှောင်ရုံအတွင်းသို့ ထည့်သွင်းရာတွင်လည်း ဆေးအမျိုးအစား အလိုက် သေချာစွာစီထပ်ပြီး ပေါက်ပြဲယိုစိမ့်မှု ရှိ၊ မရှိ အစဉ်စစ်ဆေးမှု ပြုလုပ်ပေးနေရမည်။ သိုလှောင်ရုံပြတင်းပေါက်များကို တစ်နေ့တစ်ကြိမ်၊ လေးနာရီခန့် ဖွင့်ပေးထားရန် လိုပါသည်။ ထို့အတူ ယာဉ်ပေါ်သို့ တင်စဉ်၊ ယာဉ်ပေါ်မှ ချစဉ် အဆင့်ဆင့်တိုင်းတွင် သေချာစွာ ကိုင်တွယ်၍ ပေါက်ပြဲယိုစိမ့်မှု ရှိ၊ မရှိ ပြန်လှန် စစ်ဆေးမှု ပြုလုပ်နေရမည် ဖြစ်သည်။ 

        အထူးအရေးကြီးသည်မှာ စက်ရုံမှ ဘေးထွက်ပစ္စည်းများစွန့်ပစ်ရာတွင် စက်ရုံမှ ဘေးရှိမြောင်းထဲသို့ လွယ်လွယ် စွန့်ပစ်ခြင်းမပြုဘဲ စက်ရုံဘေးတွင် ကန် သို့မဟုတ် ကျင်း စနစ်တကျပြုလုပ်စွန့်ပစ်၍ အဖုံးဖုံးပေးထားရန် လိုအပ်ပါသည်။ 

        ပိုးသတ်ဆေးအန္တရာယ်နှင့် အများဆုံး ကြုံတွေ့နေကြရသူများမှာ တောင်သူလယ်သမားကြီးများပင် ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများ ပိုးသတ်ဆေးစနစ်တကျအန္တရာယ်ကင်းစွာ သိုလှောင်ကိုင်တွယ် အသုံးပြုတတ်ရန်မှာ အလွန်အရေးပါသော အချက်များ ဖြစ်ပါသည်။              

        တောင်သူလယ်သမားကြီးများသည် ကနဦး ပိုးသတ်ဆေးဝယ်ယူကတည်းကပင် ပိုးသတ်ဆေးထုတ်လုပ်သော ကုမ္ပဏီတံဆိပ်၊ ပိုးသတ်ဆေးအမည်၊ သုံးစွဲရမည့်ဆေးနှုန်း၊ ပါဝင်သော ဆေးပမာဏစသည်များကို ရိုက်နှိပ်၍ လုံခြုံစွာထုပ်ပိုးထားသော ဆေးများကိုသာ ဝယ်ယူရမည်။ အခြားထုပ်ပိုးပစ္စည်းများနှင့် ထည့်ထားသော ပိုးသတ်ဆေး၊ အဖုံး လုံ မလုံ၊ ယိုစိမ့်နေသော ပိုးသတ်ဆေးများကို မဝယ်မိစေရန် အထူးသတိပြုရန်လိုပါသည်။ 

        စိတ်ချရ၍ ဝယ်ယူလာသော ပိုးသတ်ဆေးများကိုလည်း သေချာစွာ ထုပ်ပိုး၍ မိမိအိမ်သို့ သယ်ယူခဲ့ရမည်။ သယ်ယူရာတွင် အစားအစာများနှင့် ရောနှောသယ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သည်။ မိမိနေအိမ်သို့ ရောက်ရှိလာသော ပိုးသတ်ဆေးများကို သိမ်းဆည်းရာတွင် အေး၍ လုံခြုံသောနေရာ၌ သိမ်းဆည်းရမည်ဖြစ်ပြီး ကလေးများနှင့် လွတ်ကင်းသောနေရာဖြစ်ရန် လိုပါသည်။ အစားအစာများနှင့် ရောနှောသိမ်းဆည်းခြင်း မပြုရပါ။ အထူးသတိပြုရန်မှာ ပိုးသတ်ဆေးများကို အမှတ်အသားမပါသော အစားအသောက်ဘူးခွံများသို့ ပြောင်းလဲထည့်သွင်း သိုလှောင်ခြင်း မပြုမိစေရန် သတိပြုရမည်ဖြစ်သည်။ 

        သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး စတင်အသုံးပြုရန် ပြင်ဆင်တော့မည်ဆိုလျှင် ဦးစွာမိမိသုံးစွဲလိုသောဆေး ဟုတ်၊ မဟုတ် စစ်ဆေးပြီး ဆေး၏အညွှန်းကို သေချာစွာ ဖတ်ရှုရမည်ဖြစ်သည်။ မိမိခန္ဓာကိုယ်ကို ကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်း၊ လက်အိတ်စွပ်ခြင်း၊ နှာခေါင်းစွပ်ခြင်း၊ အကာအကွယ် အင်္ကျီဝတ်ဆင်ခြင်း၊ လုံခြုံသော ခြေစွပ်ဖိနပ်ဝတ်ဆင်ခြင်းများကို ကနဦးပြီးစီးအောင် ဝတ်ဆင်ရန် လိုအပ်ပါသည်။ ပြီးလျှင် ဆေးဖျန်းပုံး၊ ဆေးဖျန်းခေါင်း၊ ဆေးဖျန်းပိုက်များ ကောင်း၊ မကောင်း၊ လုံ၊ မလုံသေချာစွာ စစ်ဆေးရန် လိုပါသည်။ 

        ပိုးသတ်ဆေးပုလင်း၊ ဘူးကို အသုံးပြုရန် ဖွင့်မည်ဆိုပါက ပါးစပ်နှင့်ကိုက်၍ မဖွင့်မိစေရန် သတိပြုရပါမည်။ ကိရိယာဖြင့် ဆေးမဖိတ်မစင်အောင် သေချာစွာဖွင့်ရန် လိုပါသည်။ ပိုးသတ်ဆေးကို ရေနှင့်ဖျော်စပ်ရန် ဆေးဖျန်းပုံးအတွင်းသို့ ထည့်ရာတွင်လည်း ဘေးသို့ မယိုမဖိတ်အောင် သတိပြုရန် လိုပါသည်။ ပိုးသတ်ဆေးအရည်နှင့် အမှုန့်များကို သီးသန့်ပုံးနှင့်ဖျော်စပ်ရန် လိုအပ်လာပါက လက်ဖြင့်မွှေခြင်း လုံးဝမပြုလုပ်ဘဲ တုတ်ဖြင့်သာ မွှေပေးရမည်ဖြစ်သည်။ ပြီးလျှင် မွှေသောတုတ်ကို ရေဖြင့်ပြောင်စင်အောင် ဆေးကြောရန်လိုသည်။ ဆေးထည့်စဉ် (သို့မဟုတ်) ဆေးဖျော်စဉ်၊ မွှေစဉ် ဘေးသို့ ဖိတ်ကျပါက ဆေးဖိတ်သောနေရာသို့ ရေရွှဲရွှဲလောင်း၍ သဲ၊ မြေမှုန့်၊ လွှစာမှုန့်များဖြင့် သေချာစွာ ဖုံးအုပ်ပေးခဲ့ရမည်။ ဆေးဖျော်စပ်နေသောအနီးသို့ ကလေးနှင့် တိရစ္ဆာန်များ လုံးဝမလာစေရန် သတိပြုဆောင်ရွက်ရမည်ဖြစ်သည်။

        ပိုးသတ်ဆေးများကို စိုက်ခင်းသို့ ဖျန်းမည်ဆိုပါက ကျွမ်းကျင်သော လုပ်သားကို အသုံးပြုသင့်ပါသည်။ မလုံခြုံသော၊ ယိုစိမ့်နေသော ပိုးသတ်ဆေးဖျန်းပုံးကို အသုံးမပြုမိစေရန် သတိပြုရပါမည်။ ကိရိယာဖြင့် ဆေးမဖိတ်မစင်အောင် သေချာစွာ ဖွင့်ရန်လိုသည်။ ပိုးသတ်ဆေးကို နေပြင်းပြင်းပူချိန်၊ လေပြင်းပြင်း တိုက်ချိန်များတွင် မဖျန်းသင့်ပါ။ ဆေးဖျန်းနေချိန် စိုက်ခင်းအနီးသို့ ကလေးငယ်များ၊ တိရစ္ဆာန်များ၊ လူပိုများမလာစေရန် သတိပြုရန် လိုပါသည်။ ဆေးဖျန်းနေစဉ် ဆေးဖျန်းခေါင်း ပိတ်ဆို့သွားပါက ဆေးဖျန်းခေါင်းကို ပါးစပ်နှင့် မမှုတ်မိစေရန် အထူးသတိပြုရမည်။ ဆေးဖျန်းနေချိန်အတွင်း ခေတ္တနားပြီး ထမင်းစားခြင်း၊ အစာတစ်ခုခုစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းများကို လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။ 

        ဆေးဖျန်းပြီးပြီဆိုပါက ဝတ်ဆင်လာသော အင်္ကျီ၊ ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစွပ်၊ မျက်မှန်၊ ဖိနပ်တို့ကို ဆပ်ပြာရည်နှင့်စိမ်၍ ရေများများနှင့် ပြောင်စင်အောင် လျှော်ဖွပ်ပေးရန် လိုပါသည်။ လူ၏ ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာနှင့်တိုက်၍ ရေများများချိုးပေးရန် လိုပါသည်။ ဆေးဖျန်းစဉ် ဆေးပုံးယိုဖိတ်၍ အင်္ကျီစိုရွှဲသွားပါက ချက်ချင်းချွတ်၍ ခန္ဓာကိုယ်ကို  ဆပ်ပြာ၊ ရေနှင့် ပြောင်စင်အောင် ဆေးကြောပြီး အင်္ကျီကို အသစ်လဲလှယ်ပြီးမှသာ ဆေးဆက်ဖျန်းသင့်ပါသည်။ ဆေးစိုရွှဲသွားသော အင်္ကျီကိုလည်း ဆပ်ပြာရည်နှင့်စိမ်၍ ရေများများနှင့်လျှော်ဖွပ်ပေးရန် လိုပါသည်။ ဆေးဖျန်းပြီး ဆေးဖျန်းပုံး၊ ဆေးဖျန်းပိုက်၊ ဆေးဖျန်းခေါင်းများကို ရေများများဖြင့် ဆေးကြောရန် လိုပါသည်။ ဆေးသောရေများကို ကျင်းတူး၍ ကျင်းအတွင်းသို့သာ သွန်ပစ်ရမည်ဖြစ်ပါသည်။ 

        သုံးစွဲပြီးကျန်နေသော ပိုးသတ်ဆေးပုလင်း၊ ဘူးများကို သေချာစွာ လုံအောင်ပိတ်၍ စနစ်တကျ သိမ်းဆည်းထားရမည်ဖြစ်သည်။ ကုန်သွားသော ဆေးပုလင်း၊ ဘူးခွံများကို အစားအစာများ ထည့်သုံးခြင်း မပြုမိစေရန် သတိမူရမည်ဖြစ်ပြီး အသုံးပြုပြီး ဆေးပုလင်း၊ ဘူးခွံများကို ကျင်းနက်နက်တူး၍ ကျင်းတွင်မြှုပ်ပြီး မြေဖို့ပေးရမည် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အစားအစာများပေါ်သို့ ပိုးသတ်ဆေးပေကျံသွားခဲ့သည်ဆိုပါက ကျင်းနက်နက်တူး၍ ၄င်းအစားအစာများကို ကျင်းအတွင်းသို့ထည့်ကာ လွှစာမှုန့်၊ မြေမှုန့်၊ သဲတို့ဖြင့် အပေါ်မှ မြေကို ဖိသိပ်နေအောင် ပြုလုပ်ပေးရန် ဖြစ်ပါသည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃) နှင့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄)

No comments:

Popular Posts