July 19, 2020

ဒုတိယအရွယ် (၆)

လယ်တွင်းသားစောချစ်

‘‘ဆရာကြီးက မျက်နှာလိုက်သတော့၊ ကလေးတွေခေါ်တာ တစ်လမ်းလုံးထူးတယ်တော့ . . . ကျုပ်တို့ ကလေးနှစ်ယောက်ခေါ်တာတော့ မထူးဘူးတော်’’ဟု ငိုပြီးပြောနေကြပါသည်။ သူတို့တော်တော် စိတ်မကောင်းဖြစ်နေကြပါသည်။

        ဘကြီးမှုံက သူငွေရင်းစိုက်မည်။ မြတ်လျှင် ကျောင်းကိုပေးမည်ဟု ပြောသည်။ ရှုံးလျှင်ရော ဟုမေးရာ ရှုံးလျှင် သူခံမည်ဟု ပြောသည်။ မလုပ်ရဲစရာ ဘာမှမရှိတော့ပါ။

        ရွာလူကြီးများကို ပြောပြရာ ဘကြီးမှုံကျွမ်းကျင်သောအလုပ် ဖြစ်သည်။ သူလုပ်ပေးလျှင် မြတ်မှာသေချာသည်ဟု ပြောသည်။

        ဘကြီးမှုံက ကျောင်းအတွက် စေတနာထား၍ ကြိုးကြိုးစားစား လုပ်ပေးပါသည်။ ဆရာ၊ ဆရာမများလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ ပါဝင်ရပါသည်။ မိဘများလည်း ကူညီကြရသည်။ ရွာမှ လူငယ်များမှာ အားအကိုးရဆုံး ဖြစ်သည်။ တစ်ပွဲပြီး တစ်ပွဲ အမြတ်ငွေ တိုးတက်ရရှိသည်။

        သွားရင်း ဟန်လွဲဆိုသကဲ့သို့ ကျွန်တော်တို့ ဆရာ၊ ဆရာမများ ရွာများကို လက်မှတ်လိုက်ရောင်းရင်း တပည့်တို့၏ အိမ်များသို့ ရောက်ကြရသည်။ တပည့်များ၏ လူနေမှုဘဝများကို သိကြရသည်။ မိဘများနှင့်လည်း ရင်းနှီးခင်မင်ခွင့်ရသည်။

        ကျွန်တော်က ကလေးလိုချင်သော မိန်းမနှယ် ကျောင်းသူ ကျောင်းသားကလေးများ လိုချင်နေပါသည်။ ရွာများသို့ ရောက်သောအခါ မန္တလေးသို့ သွားရောက်မတက်နိုင်၍ အလယ်တန်းပညာမသင်နိုင်သည့် လေးတန်းအောင်ထားသော ကလေးများကို ကျောင်းပြန်တက်ရန် စည်းရုံးရသည်။ ကျောင်းတက်မည့် အလယ်တန်းကလေးများရတိုင်း ဝမ်းသာရသည်။

ရုပ်ရှင်ပြ၍ ရသော အမြတ်

        ငွေဖြင့် ဆောက်လက်စ စာသင်ဆောင်ကို အပြီးသတ်နိုင်ခဲ့ပါသည်။ အလယ်တန်းများကို ဆူညံသော အငယ်တန်းလေးများနှင့် ခွဲခြားသင်ကြားခွင့်ရပါသည်။

        ရုပ်ရှင်ပြခြင်းသည် ကျောင်းရန်ပုံငွေရသည့် ကောင်းကျိုးရှိသော်လည်း ကြာလာသောအခါ ပညာရေးဘက်မှာ စိတ်အားလျော့မည်ကို စိုးပါသည်။ ဆရာ၊ ဆရာမများ စီးပွားရေးလုပ်နေကြသည်ဟု အပြောခံရမည်ကိုလည်း တွေးမိသည်။ ရန်ပုံငွေရှာ၍ အဆင်ပြေသော်လည်း ရပ်သင့်ပြီထင်ကြောင်း ဆရာ၊ ဆရာမများရော ကလေးများပါ ပညာရေးမှာ စိတ်အားလျော့မှာ စိုးကြောင်း ဘကြီးမှုံနှင့် ရွာလူကြီးများကို ပြောပြသည်။ ဘကြီးမှုံနှင့် ရွာလူကြီးများကလည်း သဘောတူကြသည်။ ရန်ပုံငွေရုပ်ရှင်ပြခြင်းကို ရပ်နားလိုက်ပါသည်။



ကလေးများနှင့် ကျွန်တော်

        ကျောက်မီးရွာမှ ကလေးများကို ကျေးဇူးတင်ပါသည်။ သူတို့ကို ချစ်ခင်နေရသည်နှင့် ကျွန်တော့်ချစ်သူ မိန်းကလေးကို အလွမ်းသက်သာပါသည်။

        ကျွန်တော့်ချစ်သူ မိန်းကလေးထံမှ စာကလေးများ ရောက်လာပါသည်။ သူ့စာလာလျှင် ပိုသတိရ လွမ်းဆွတ်ရုံမက ပူရမောရသည်။ သူ့မိဘအုပ်ထိန်းသူများက ဟိုလူနှင့် စပ်သည်လူနှင့်စပ်၊ မိတ်ဆက်ပေးသူတို့ကလည်းအမျိုးမျိုး။ အလယ်တန်းပြဆရာ၊ သာမန်လူတစ်ယောက်နှင့် နီးအောင် ကြိုးစားနေကြသည်။ မည်မျှကြာအောင် ငြင်းပယ်တွန်းလှန်နိုင်ပါမည်။ ယခုမုံရွာမှာပင် မရှိတော့ပါ။ သူ့ကို တာဝန်ယူ ကျောင်းထားပေးသော အဒေါ်နှင့်အတူ ရန်ကုန်မှာ လိုက်နေရသည်။ ပို၍ ဝေးသောနေရာသို့ ရောက်သွားပြီ။

        သူက မြန်မာနိုင်ငံ၏ မြို့တော်ကြီးမှာ ကိုယ်က ကျောက်မီးရွာလေးမှာ။ ကိုယ့်ဝန်းကျင်မှာက ကလေးများဝန်းရံနေသည်။

        ကိုယ်က အလယ်တန်းပြဆိုသော်လည်း တာဝန်ခံကျောင်းအုပ်လုပ်နေရ၍ သူငယ်တန်းလေးအထိ ကလေးများအားလုံး ကိုယ့်တာဝန်ဖြစ်သည်။

        ညဆိုလျှင် အတန်းစုံမှ မူလတန်းကလေး ၅ဝ ခန့် ဘကြီးမှုံအိမ်သို့ ရောက်လာကြသည်။

        ‘‘ဆရာကြီး ပုံပြော’’

        ပုံပြင်နားထောင်ရန် လာကြခြင်းဖြစ်သည်။

        ထိုအချိန်က ကျွန်တော့်အသက် ၂၇ နှစ်သာရှိသေးသည်။ သို့သော် ကလေးများအားလုံး ကျွန်တော့်ကို ဆရာကြီးဟုခေါ်ကြသည်။ ကျောင်းမှာ ကျွန်တော်က အသက်အကြီးဆုံးဆရာဖြစ်သည်။ မူလတန်းဆရာ
လေး၊ ဆရာမလေးများနှင့်စာလျှင် အလယ်တန်းပြနှင့် တာဝန်ခံလည်း ဖြစ်နေသည်။

        ညတိုင်းကလေးများကို ပုံပြင်နှစ် ပုဒ်ပြောရသည်။ သူတို့ သိပ်သဘောကျသည်။ ငြိမ်တိတ်ပြီး နားထောင်ကြသည်။ ပြော၍ အလွန်ကောင်းပါသည်။

        ကလေးများနှင့် ကျွန်တော် ချစ်ခင်ရင်းနှီးနေပါသည်။

        ကျွန်တော်နေသော ဘကြီးမှုံအိမ်မှာ ရွာတောင်ဖျားတွင်ရှိ၍ ကျောင်းမှာ ရွာ၏ မြောက်ဘက်တွင် ရှိသည်။

        ‘‘ဆရာကြီး’’

        ကလေးအသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်ခြင်းဖြစ်သည်။

        ‘‘ဗျာ...’’

        အသံကျယ်ကျယ်ပြန်ထူးရသည်။

        ‘‘ဆရာကြီး...’’

        နောက်တစ်အိမ်က ခေါ်နေပြန်ပြီ။

        ‘‘ဗျား...’’

        ထူးရပြန်ပြီ။

        အိမ်ချင်းက ဆက်နေသည်။

        ‘‘ဆရာကြီး’’

        ‘‘ဗျာ...’’

        ဆယ်အိမ်ခန့်ထူးမိတော့ မောသွားသည်။ ၁၁ အိမ်မှာ မထူးဘဲ နားလိုက်သည်။ ၁၂ အိမ်မှာလည်း နားသည်။ ၁၃ အိမ်က ခေါ်နေပြန်ပြီ။ ကလေးများ ခေါ် နေကြသည်ကို မထူးဘဲ သွားနေ၍ ကလေးများကို အလေးမထားသလို ဖြစ်နေသောကြောင့် ဗျား....ဟု ပြန်ထားလိုက်သည်။ ၁၄ အိမ်၊ ၁၅အိမ် ဆက်ထူးပြီး ရွာမှထွက်၍ ကျောင်းရောက်သွားသည်။

        နေ့လယ်ကျောင်းနားချိန်မှာ ကလေးအမေနှစ်ဦး ကျောင်းရောက်လာကြသည်။

        ‘‘ဆရာကြီးက မျက်နှာလိုက်သတော့၊ ကလေးတွေခေါ်တာ တစ်လမ်းလုံးထူးတယ်တော့... ကျုပ်တို့ ကလေးနှစ်ယောက်ခေါ်တာတော့ မထူးဘူးတော်..’’ဟု ငိုပြီး ပြောနေကြပါသည်။ သူတို့ တော်တော်စိတ်
မကောင်းဖြစ်နေကြပါသည်။

        ‘‘ဟုတ်တယ်၊ ထူးရတာမောလို့ နားလိုက်မိတာပါ။ မနက်ဖြန်ကစပြီး မနားတော့ပါဘူးနော်...’’ဟုပြောမှ သူတို့ကျေနပ်ပြီး ပြန်သွားကြပါသည်။

        နောက်နေ့မှစ၍ မနားတမ်းထူးရသည်။ မောပေမယ့် ကြည်နူးစရာ ကျေနပ်စရာနှင့် ယနေ့တိုင် မမေ့နိုင်စရာဖြစ်ပါသည်။

        ထိုအသေးအဖွဲလေးသည် တပည့်နှင့် ဆရာကို ခိုင်မြဲစွာ ချစ်ခင်ရင်းနှီးစေသည့် ကြီးကျယ်မှုကြီး ဖြစ်ပါသည်။

မြို့ပိုင်ကြီးနှင့် ကျောင်းဆရာ

        ကျွန်တော်ကျောက်မီးရွာရောက်ပြီး နှစ်လခန့်အကြာမှ လက်ထောက်မြို့ပိုင် ဦးသိန်းထွန်း ကျောက်မီးရွာသို့ ရောက်လာသည်။

        ကျွန်တော်တို့က သူ့ကို မြို့ပိုင်ကြီးဟု ခေါ်ကြသည်။ ပုသိမ်ကြီးမြို့နယ်၏ မြို့နယ်ခွဲအဖြစ် ကျောက်
မီးရွာမှာ လက်ထောက်မြို့ပိုင်ရုံး လာဖွင့်ခြင်းဖြစ်သည်။ သူနှင့် ကျွန်တော် ကံတူအကျိုးပေးဖြစ်သည်။ ကျွန်တော့်ကျောင်းကကလေးက ဘာမျှမပြည့်စုံသကဲ့သို့ သူ့ရုံးကလည်း ဘာမျှမပြည့်စုံ။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

No comments:

Popular Posts