July 18, 2020

ယနေ့ထိတိုင် မမေ့နိုင် ၁၉ ဇူလိုင်

မင်းသန်းနိုင်(မုဒုံ)

        မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် (၇၃)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  အာဇာနည်နေ့ရောက်တိုင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးကို ပြည်သူပြည်သားအပေါင်းတို့က ရင်မှာတသသ လွမ်းဆွတ်ရစမြဲ၊ ယနေ့ထိတိုင် မေ့မရနေဆဲပင်ဖြစ်သည်။

အာဇာနည်ပုဂ္ဂိုလ်ဟူသည်

        ပါဠိသက်ဝေါဟာရအဘိဓာန်တွင် အာဇာနည်ဆိုသည်မှာ “သင့် မသင့်ကို ခဏချင်းသိ၍ ရဲရင့်စွာ ဆောင်ရွက်နိုင်သူ”ဟုလည်းကောင်း၊ မြန်မာအဘိဓာန်တွင် “အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက်လွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပေသည်။ 

အရည်အချင်းများနှင့်ပြည့်စုံ

        အာဇာနည်ပုဂ္ဂိုလ်တို့သည် ကိုယ်ကျိုးမဖက် အနစ်နာခံခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် စွန့်လွှတ် အနစ်နာခံခြင်း၊ တိုင်းပြည်အတွက် အရိုးကြေကြေ၊ အရည်ခန်းခန်း အသက်ကိုပင် ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခြင်း၊ အမှန်တရားအတွက် လူထုရှေ့သို့ထွက်၍ မားမားမတ်မတ် ရပ်တည်ပေးခြင်း၊ တာဝန်ခံပေးခြင်း၊ အရာရာကို လမ်းညွှန်ပြသဦးဆောင်နိုင်ခြင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ အကျင့်စာရိတ္တနှင့် ပြည့်စုံခြင်း၊ စည်းကမ်းလိုက်နာခြင်း စသော အရည်အချင်းများနှင့် ပြည့်စုံပေသည်။ 

ဓာတ်ပုံ - UTA

        ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နယ်ချဲ့အလိုတော်ရိ သစ္စာဖောက် မသမာသူတို့၏ လုပ်ကြံမှုကြောင့် တိုင်းပြည်အတွက် အသက်ပေးကျဆုံးသွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦးတို့သည် ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသဖြင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ခဲ့ကြပေသည်။

အစားထိုးမရသော ဆုံးရှုံးမှု

        ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အနာဂတ်ကို လုပ်ကြံခံလိုက်ရသကဲ့သို့ ဖြစ်သလို နိုင်ငံအတွက် အစားထိုးမရသော နစ်နာဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ သို့သော် ခေါင်းဆောင်ကြီးများ ပြဋ္ဌာန်းပေးခဲ့မှုနှင့် စနစ်တကျ စီမံဆောင်ရွက်ခဲ့သော အကျိုးဆက်အဖြစ် မြန်မာနိုင်ငံသည် လွတ်လပ်ရေးပန်းတိုင် ရောက်သည်အထိ ဆက်လက်ချီတက်နိုင်ခဲ့ပေသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကား ကြီးမားပေစွ။

လူပင်သေသော်လည်း နာမည်မသေ

        နိုင်ငံ့အကျိုး၊ အများအကျိုး၊ မိမိပတ်ဝန်းကျင် ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြသူများ တစ်နည်းအားဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်သူများ၊ အများအကျိုး သယ်ပိုးကြသူများသည် လူပင်သေသော်လည်း နာမည်မသေသူများ ဖြစ်ကြသည်။ ထိုသို့သောသူများကို အချိန်မည်မျှကြာစေကာမူ တိုင်းပြည်နှင့် ပြည်သူလူထုက မမေ့နိုင်ကြ။ လွမ်းတသသရှိနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများဆိုလျှင် သာ၍ပင် အမှတ်တရရှိနေပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် (၇၃)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပြည်သူလူထု၏ ရင်ထဲတွင် ယနေ့ထိတိုင် မေ့မရနိုင်သေး။ လူပင်သေသော်လည်း ကမ္ဘာတည်သရွေ့ နာမည်သေလိမ့်မည်မဟုတ်ပေ။ 

၁၉ ဇူလိုင် မမေ့နိုင်

        ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် မိုးမှောင်ကျခဲ့သောနေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အထိရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ၍ မြန်မာတစ်မျိုးလုံး၏ ယုံကြည်ကိုးစား၊ အားထားခံရသူ အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ မသမာသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ယင်းပုဂ္ဂိုလ်ကြီးများနှင့်အတူ တိုင်းပြည်၏ တာဝန်၀တ္တရားများနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းရွက်နေသော အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရလေသည်။ 

ကဗျာများမှ အာဇာနည်

        အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်များကို လွမ်းဆွတ်တမ်းတသောအားဖြင့် စာဆိုရှင်များကလည်း ကဗျာများဖြင့် ရေးဖွဲ့ခဲ့ကြသည်။ စာဆိုရှင် ဆရာဇော်ဂျီ၏ “ပြောလိုက်ပါဘိ ဟောပါဘိ” ကဗျာတွင် -

* မိုးကစိုစို၊ ကျီးအုပ်ပြို၍ 
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏။

*      ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည် 
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။  ဟု ဖွဲ့ဆိုခဲ့ပေသည်။ 

        ဆရာမင်းသုဝဏ်ကလည်း “ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပန်)” ကဗျာတွင် - 
        “သူ့ဝိညာဉ် မသေပျောက်ပါဘူး
        မိုးပေါက်လို အစဉ်ကြည်လို့
        နေခြည်လို အစဉ်လန်းကာ
        ဖျန်းဆွတ် စိတ်စော”ဟူ၍ ဖွဲ့ခဲ့ပေသည်။ အလားတူ အခြားသော စာဆိုရှင်များကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးစားအနစ်နာခံပုံ၊ လွမ်းဆွတ်ဖွယ်ရာ အမှတ်တရ စာစုများ၊ ကဗျာများ ရေးဖွဲ့ခဲ့ကြသည်မှာ အများအပြားပင် ရှိခဲ့ကြသည်။

ရေးလို့ကုန်အံ့မထင်

        အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ပုဒ်နှင့် တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် မြန်မာ့လွတ်လပ်ရေးအတွက် စွန့်လွှတ်အနစ်နာခံ ကြိုးစားဆောင်ရွက်ပုံတို့ကို စာတစ်တန်၊ ပေတစ်ဖွဲ့ ရေးဖွဲ့ လို့ ကုန်အံ့မည်မထင်သလို နှောင်းလူများကလည်း သတိရအမှတ်တရ ရေးကြဦးမည်။ ဟောပြောကြဦးမည်။ သတိရ ဖွယ်၊ လွမ်းဆွတ်ဖွယ်ပွဲများ ပြုလုပ်ကြပေဦးမည် ဖြစ်သည်။

အဓိဋ္ဌာန်ပြုစို့ ဦးညွှတ်စို့

        ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးလမ်းခုလတ်၌ ကျဆုံးခဲ့ကြသော်လည်း ယင်းသို့ ချမှတ်ခဲ့သော လမ်းစဉ်မှာ လွတ်လပ်ရေးပန်းတိုင်အထိ ဖြောင့်ဖြူးလျက်ရှိခဲ့သည့်အတွက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အချုပ်အချယ်မှ လွတ်မြောက်ခဲ့ပြီး လုံး၀လွတ်လပ်ရေးရခဲ့သည်။

        နိုင်ငံ၏အကျိုးကို အသက်စွန့်၍ သယ်ပိုးထမ်းဆောင်သွားကြသော ကျေးဇူးရှင်ခေါင်းဆောင်ကြီးများကို လူထုတစ်ရပ်လုံးက ဝမ်းနည်းကြေကွဲစွာ ချီးကျူးဂုဏ်ပြုရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း မမေ့မလျော့ မဖောက်မပြန် ဆောင်ရွက်ကြရန် အဓိဋ္ဌာန်ပြုသည့် အထိမ်းအမှတ်များကို နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း အမြို့မြို့အရွာရွာ၌ ကျင်းပခဲ့ကြပေသည်။


ဓာတ်ပုံ - UTA

တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လို

        ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၇၃ နှစ်ပြည့်မြောက်ခဲ့သော်လည်း အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်း၌ “တိုင်းသူပြည်သား လူအများဟာ ဥမကွဲ၊ သိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လိုတယ်”ဟူသော မိန့်ခွန်းထဲက စကားအတိုင်း ကျွန်တော် တို့ပြည်သူများအားလုံး တညီတညွတ်တည်းဖြင့် အမိမြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄)

No comments:

Popular Posts