စံလွင်(ငါးဦးစီး)
ငါးသယံဇာတများကို မျိုးပြုန်းတီးစေသော အကြောင်းရင်းများစွာအနက် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းသည် အဆိုးရွားဆုံး ဖြစ်ပါ၏။ အကြောင်းမှာ ၄င်းငါးဖမ်းနည်းသည် သဘာဝရေပြင်တစ်နေရာ၌ လျှပ်စစ်ဓာတ်လွှတ်ကာ ထိုအဝန်းအဝိုင်းရှိ ကြီးကြီးငယ်ငယ် ရေသတ္တဝါမှန်သမျှကို ဓာတ်လိုက်သေစေပြီးမှ ဖမ်းယူခြင်းကြောင့် ဖြစ်ပါ၏။ အဆင်မသင့်ပါက ငါးရှာသူကိုယ်တိုင် ဓာတ်လိုက်၍ အသက်သေဆုံးရခြင်းမျိုးလည်း ရှိပါသေးသည်။
ကွန်ပစ်၊ ငါးမျှား၊ ပိုက်တား၍ ငါးရှာကြသည့် မိရိုးဖလာငါးဖမ်းနည်းများသည် ငါးများအပါအဝင် ရေသယံဇာတအားလုံးကို မျိုးသုဉ်းပျက်စီးသွားခြင်းမျိုး မဖြစ်ပေါ်စေပါ။ ကဏန်းထောင်၊ ငါး ရှဉ့်ဖမ်း၊ ဒူးဖိ၊ လက်စမ်း၊ တစ်ဝမ်းတစ်ခါး ငါးရှာဖားရှာသူများကြောင့်လည်း ငါးများ ရှားပါးကုန်သည်ဟူ၍လည်း မရှိပါ။ အဘယ်ကြောင့်မူ ရေသတ္တဝါအားလုံးတို့သည် အသစ်တဖန် ပြန်လည်ပေါက်ဖွားခြင်းဖြင့် ရေသယံဇာတထုကို ပြန်လည်စုစည်းပေးနိုင်ကြ၍ ဖြစ်ပါ၏။
မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာကြည့်ကာ အဆိပ်အတောက်များချ၍ ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းနှင့် ဘတ္တရီရှော့တိုက် ငါးဖမ်းခြင်းမျိုးသည်ကား သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်းမှ ငါးများအပါအဝင် အခြားသော ရေနေသတ္တဝါမျိုးစုံကို အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေပြီး အမှီသဟဲပြုရာ ငါးနေငါးထိုင် ပတ်ဝန်းကျင်များ၊ ဂေဟစနစ်များကိုပါ ပျက်စီးစေကာ ရေသယံဇာတများအားလုံး မျိုးသုဉ်းပျောက်ကွယ်ကုန်ကြမည်ဖြစ်ပါသည်။
မိမိတို့ဘိုးဘွား ရှေးလူကြီးများသည် ၄င်းတို့လက်ထက်၌ ငါးမျိုးများ ဥချသားပေါက်သော မိုးဖြိုင်ဖြိုင်ကျသည့် ငါးရစ်တက်ချိန်ကာလများတွင် ငါးရစ်ငါးများကို ဖမ်းယူလာကြသည့် သားသမီးများအား စားသင့်သည့်ငါး၊ ထားသင့်သည့်ငါးဟူ၍ ခွဲခြားကာ ဥချသားပေါက်တော့မည့် မျိုးငါးကြီးများကို ပြန်လွှတ်ခိုင်းသည်ဟု ကြားသိဖူးပါသည်။ ထို့နည်းတူ မြင်းဝန်းကြီးများဖြင့် ဆည်ချငါးဖမ်းသော အင်းသားကြီးများသည်လည်း အင်းလုပ်ငန်းသုံး ယင်းများကျစ်ရာ၌ အပိတ်မကျစ်စေဘဲ မတ်စေ့ထောင်ဟူ၍ တစ်မတ်စေ့ကို ဒေါင်လိုက်သွင်း/ ထုတ်နိုင်သည့် အကွာထား၍ ကျစ်ကာ ငါးမှုန်ငါးမွားငါးငယ်များ လွတ်မြောက်ရန် လမ်းပေးထားလေ့ရှိကြောင်း သိရှိရပါ၏။ ထိုသို့သောအစီအမံသည် ရေရှည်ထုတ်လုပ်စားသုံးနိုင်ရန်အတွက် ရည်စူးထားခြင်း ဖြစ်ပါသည်။ ရှေးလူကြီးများ၏ နောင်လာနောက်သားများအပေါ် ထားရှိသည့် အမြော်အမြင်ကြောင့် ယခုကာလ၌ ရေချိုငါးမျိုးများကို မြင်တွေ့စားသုံးနေရသေးခြင်း ဖြစ်သည်။
မိမိတို့အလှည့်တွင်မူ မိမိတို့ ချန်ထားရစ်မည့် သားစဉ်မြေးဆက်များအတွက် မငဲ့ကွက်ဘဲ ‘တစ်နပ်စား’သာ လုပ်ဆောင်နေကြရန် သင့်၊ မသင့်ကို စဉ်းစားဆင်ခြင်သင့်လှပါ၏။ ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံပိုင် ရေသယံဇာတများ ပျက်ဆီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်စားသုံးနိုင်ရေး အလို့ငှာ -
(၁) ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသောပစ္စည်းဖြင့် ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း၊
(၂) တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊
(၃) တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်း၊
(၄) တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်း၊
ဟူ၍ ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တားမြစ်ထားပါသည်။ ယင်းဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ်ကျပ် ၃ဝဝဝဝ အထိ ဖြစ်စေ၊ ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဖြစ်ပါသည်။
ယင်းသို့ ဥပဒေများထုတ်ပြန်၍ ဒိုင်းနမိုက်၊ ယမ်းဘီလူးခွဲ၊ အဆိပ်ချ၊ ဘက်ထရီရှော့တိုက် စသည့် တရားမဝင် ငါးဖမ်းနည်းများဖြင့် ငါးမဖမ်းကြရန် တားမြစ်ထားသော်လည်း ဆယ်စုနှစ် နှစ်နှစ်စွန်းသည့်တိုင် ပျောက်ပျက်မသွားသေးပါချေ။ မပျောက်ပျက်ရုံမျှမက တစ်ဦးတစ်ယောက်အဆင့်မှ တစ်အုပ်တစ်မ အုပ်စုဖွဲ့ကာ ရေပြင်တစ်လျှောက် နေရာလပ်မရှိအောင် ငန်းတိုက်၍ ရှော့ရိုက်ကြရာ ယင်းလျှပ်စစ်စက်ကွင်းစီးကြောင်းအတွင်း မည်သည့်ရေသတ္တဝါမျှ မလွတ်မြောက်နိုင်တော့ဘဲ မျိုးတုံးပျက်စီးကြရတော့သည်။ ဥပဒေအရ တားဆီးကြသူများကိုပင် တုတ်တပြက်၊ ဓားတပြက်ဖြင့် ရန်မူကြပါသေးသည်။ အချို့ဒေသများဆိုလျှင် ကား မြစ်ပြင်တစ်လျှောက်၌ ၁၄ တောင် စက်လှေကြီးများအတွင်း မီးစက်ကြီးများ၊ အားပြင်းသော ဘက်ထရီအိုးကြီးများတင်ဆောင်ကာ ဘက်ထရီရှော့တိုက်ပွဲတော်ကြီးသဖွယ် စည်းကမ်းမဲ့နေကြသည်ကို ဖတ်ရှုကြားသိနေရပါ၏။
![]() |
ဓာတ်ပုံ - travelblog.org |
ကံကြီးလွန်း၍ ရှော့တိုက်ဓာတ်လိုက်ခြင်းဘေးမှ မသေဘဲ ကျန်ရစ်ပါကလည်း ၄င်းငါးသည် မျိုးပွားအင်္ဂါများ ပျက်စီးသွားသည်ဖြစ်ရာ မျိုးဆက်သားပေါက်ပွားခြင်းမပြုနိုင်တော့ဘဲ မျိုးသုဉ်းစာရင်းသို့ အလိုအလျောက် ဆိုက်ရောက်သွားပြီ ဖြစ်ပါ၏။ ထိုဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းသည် ‘ဘယ်သူသေသေ ငတေမာလျှင်ပြီးရော’ဆိုသည့် အတ္တလောဘကို အခြေခံထား၍ ဖြစ်သည်ဟု ဆိုချင်ပါသည်။ အချိန်တိုအတွင်း ငါးအများအပြားရသည်ဟူ၍ မျက်တောင်တစ်ဆုံးသာ ကြည့်သည့် ဆင်ခြင်တုံတရား ကင်းမဲ့သူများဖြစ်ပါ၏။ တစ်နည်းအားဖြင့် မျိုးစေ့ကို ပြုတ်၍ စားသူများနှင့်လည်း တူပါသေးသည်။
ယခုအခါတွင် ငါးမြင်း၊ ငါးမြင်းရင်း၊ ငါးကြောင်း၊ ငါးအုံတုံ တို့ကဲ့သို့ ငါးကြီးငါးကောင်းများ အပါအဝင် ရေချိုငါးမျိုးစိတ် အတော်များများမှာ ရှားပါးမျိုးသုဉ်းစာရင်း ဝင်နေပြီဖြစ်ပါ၏။ သို့ဖြစ်ပါ၍ ယင်းသို့ နိုင်ငံပိုင်ရေသယံဇာတများ မျိုးပြုန်းတီးသွားစေမည့် လုပ်ရပ်ဆိုးကြီးကို သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများသာမက လူထုအခြေပြုအဖွဲ့အစည်းအသီးသီးကပါ ဝိုင်းဝန်းပါဝင်၍ (အဖွဲ့စုံပါဝင်သော ရေသယံဇာတထိန်းသိမ်းရေးအဖွဲ့များ ဒေသအလိုက်ဖွဲ့စည်း၍) အမျိုးသားရေးတစ်ရပ်အသွင်ဖြင့် ကြပ်မတ်တားဆီးမှသာလျှင် အမြစ်ပြတ် လျော့ပါးနိုင်မည် ဖြစ်ပါ၏။
ယခုအစိုးရလက်ထက်၌ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးအလိုက် ရေချိုငါးလုပ်ငန်းဆိုင်ရာ ဥပဒေများပြုခွင့်ရှိနေပြီဖြစ်ရာ မိမိဒေသအတွင်း ရေသယံဇာတများ ရေရှည်တည်တံ့နေစေရေးအတွက် ပြင်းပြင်းထန်ထန် ကြပ်မတ်တားဆီးရမည့်အချိန်သို့ ရောက်နေပြီဖြစ်ပါသည်။ ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းအား ငါးလုပ်ငန်းဆိုင်ရာဥပဒေအရ တားဆီးထားကြောင်း ပညာပေးကာလမှာလည်း နှစ် ၂ဝ ကျော်နေပြီဖြစ်ရာ ဥပဒေကို မသိရှိ၍ ကျူးလွန်မိပါသည်ဆိုသည့် အဆင့်မဟုတ်ဘဲ ဥပဒေကို သိသိဖြင့် ကျူးလွန်နေသူများအား ကျောသားရင်သားမခွဲခြားဘဲ တပြေးညီ ကြပ်မတ်အရေးယူသင့်နေပြီဖြစ်ပါကြောင်း နှိုးဆော် တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)
No comments:
Post a Comment