လယ်တွင်းသားစောချစ်
"လူဆိုတာ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားရတယ်။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းမှန်မှန်တက်တာ မိမိကိုယ်ကိုယ် ကောင်းစွာစောင့်ရှောက်တာပဲ။ ဆရာစာသင်တဲ့အချိန်မှာ အသေအချာနားထောင်ရတယ်"
ဥယျာဉ်မှူးနှင့် ပန်းကလေးများ
ကျောင်းကလေးက ကျောင်းနှင့်တူသွားပြီ။ ကျောင်းထဲမှာ စာသင်ခန်းများနှင့် သန့်ရှင်းရေးလည်းကောင်းနေပြီ။ သို့သော် ကျောင်းရှေ့မှာ အလံတိုင်မရှိသေး။ အလံတိုင်လုပ်ရဦးမည်။
ကျောင်းသားမိဘတစ်ဦးက သူ့အိမ်မှာရှိသော သံပိုက်လုံးရှည်တစ်ခု လာလှူသည်။ အလုံးအရွယ်ရော အရှည်ပါ အလံတိုင်အတွက် အနေတော်ပင်ဖြစ်သည်။
ကျွန်တော်က ပန်းရံဆရာများကိုမေး၍ ဘိလပ်မြေဖျော်စပ်ပြီး အုတ်ခုံလေးတစ်ခုကို ကိုယ်တိုင်လုပ်သည်။ ကိုယ့်ကျောင်းအလံတိုင် ကိုယ်တိုင်လုပ်ချင်၍ပါ။
လက်သမားဆရာကြီး ဦးကံထူးက သံပိုက်လုံးထိပ်ဖူးနှင့် အသင်းလေးသင်းအလံများအတွက် သစ်သားတန်းများ ထည့်ပေးသည်။ ကြိုးဆွဲရန် စက်သီးလည်းထည့်ပေးသည်။ ထိပ်ဆုံးမှာ နိုင်ငံတော်အလံ၊ သစ်သားတန်း၊ ဘေးဘယ်ညာမှာ တာဝန်ကျအသင်းအလံနှင့် အသင်းလေးသင်း၏ ဝါ၊ စိမ်း၊ နီ၊ ပြာ အလံငယ်လေးများရှိသည်။ လေမှာ တလွင့်လွင့် ဝင့်ကြွားလှုပ်ရှားနေကြ၏။
ကျောင်းနှင့် ကျေင်းရှေ့မှာ အလံတိုင်နှင့် ပနံတင့်လှသည်။ ပို၍ကောင်းသော စိတ်ကူးတစ်ခု ခေါင်းထဲမှာ ပေါ်လာပြန်၏။ အလံတိုင်ပတ်ချာလည်မှာ ပန်းပင်ကလေးများ စိုက်ရန်ဖြစ်သည်။
ရွာထဲမှာ ပြည်လုံးချမ်းသာပန်းပင်လေးများ လိုက်တောင်းသည်။ နုတ်ပေး၍လည်းရသည်။ ကိုင်းချိုးပေး၍လည်းရသည်။ လွယ်ပါသည်။ မြေပြင်ပြီးထိုးစိုက်ထား၊ ရေလောင်းလျှင် ရှင်သည်။ နေ့စဉ် မနက်တိုင်း တာဝန်ကျအသင်းနှင့် ကျွန်တော်ပန်းပင်စိုက်သည်။ ရေလောင်းသည်။ အပင်ပွားမြန်သည်။ အပွင့်မြန်သည်။ မနက်အရုဏ်တက်လျှင် ရဲရဲနီအောင် ပွင့်ကြသည်။
ကျောင်းရှေ့မှာ အလံတိုင်နှင့်အတူ ပန်းဥယျာဉ်လေးဖြစ်လာသည်။ ပန်းပင်စိုက်ရင်းနှင့် ကလေးများကို ကျောင်းကောင်စီသီချင်း သင်ပေးသည်။ ကလေးများ သံပြိုင်ညီညီ လိုက်ဆိုကြသည်။
‘‘မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။’’
ဤလေးချက်ကိုဆိုလျှင် ကလေးများ အသံညီနေသည်။ နားထောင်ကောင်းလှသည်။
နောက်မှာ ‘‘ဤလေးချက်ကို မူတည် ဖွဲ့စည်းခဲ့တဲ့ ကျောင်းကောင်စီ၊ အသင်းလေးသင်း ရှိပါသည်။ ကျန်စစ်သားနဲ့ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလတဲ့ အညီ’’...စသည်ဖြင့် ရှိပါပေသည်။ သို့သော် ကျွန်တော်နှင့် ကလေးများက သစ္စာ (၄) ချက်ကိုသာ ဆိုကြတာများပါသည်။ ညီညီညာညာ ဆို၍လည်း ကောင်းပါသည်။
ကျွန်တော် ကလေးများကို တစ်ချက်ချင်း ရှင်းပြသည်။
‘‘တပည့်တို့ လူဆိုတာ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားရတယ်။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းမှန်မှန်တက်တာ မိမိကိုယ်ကိုယ် ကောင်းစွာစောင့်ရှောက်တာပဲ။ ဆရာ စာသင်တဲ့အချိန်မှာ အသေအချာ နားထောင်ရတယ်။ ဆော့မနေဘူး။ ငေးမနေဘူးဆိုရင် ဆရာသင်တာ အကုန်နားလည်မယ်။ ညကျတော့ စာပြန်ကျက်ရင် ခဏနဲ့ရမယ်။ စာတော်မယ်’’
‘‘ကျောင်းသားဆိုရင် ဘာတော်ရမှာလဲကွ’’
‘‘စာတော်ရမယ် ဆရာ’’
‘‘အေး အဲဒါဆိုရင် မိမိကိုယ်ကိုယ် ကောင်းစွာစောင့်ရှောက်တာပေ့ါကွ’’
ဒုတိယအချက် မိမိအတန်းကို ကောင်းစွာ စောင့်ရှောက်မည်။ တပည့်များ ကိုယ့်အခန်းသန့်ရှင်းရေး အမှိုက်ကောက်နေကြပြီ။ အမှိုက်လှည်းနေကြပြီမို့ လိမ္မာသောကလေးများဖြစ်ကြောင်း ချီးကျူးပြောဆိုသည်။ ကလေးတို့မှာ ချီးကျူးခြင်းကို အလွန်သဘောကျသည်။
တတိယအချက် မိမိကျောင်း ကောင်းအောင်လည်း ကျောင်းစည်းကမ်းလိုက်နာကြသည်။ ကျောင်းတက်ရသည်ကို ပျော်နေကြပြီ။ ကျောင်းရှေ့အလံတိုင်မှာ ပန်းပင်လေးများ၊ စိုက်ပျိုးထား၍ ကျောင်းနှင့် အလံတိုင်နှင့် ပန်းကလေးများနှင့် လှနေကြပြီ။
နောက်ဆုံးအချက်မှာ ရှေ့သုံးချက်ကို လိုက်နာကြသောတပည့်များ ကြီးလာလျှင် မိမိတိုင်းပြည်၊ မိမိလူမျိုး ကောင်းအောင်လုပ်ကြမှာ သေချာကြောင်းရှင်းပြရသည်။
ရွာသားများနှင့် ရင်းနှီးချစ်ခင်
ဇာတိရွာပြီးလျှင် ကျောက်မီးရွာသည် ကျွန်တော်၏ ဒုတိယရွာ ဖြစ်လေသည်။ ရွာကလေးများမှာ နေ၍ ထိုင်၍ ကောင်းပါသည်။ မန္တလေးနှင့် ကိုးမိုင်သာကွာ၍ ပြင်ဦးလွင်သွားသော ကားလမ်းဘေးမှာဖြစ်သည်။ သွားလာ ဆက်သွယ်လွယ်ကူသည်။ လယ်ကွင်းများ၊ ခြံကြီးများနှင့် သာယာသည်။
ကျောက်မီးရွာရောက်ပြီး မကြာမီမှာပင် ရွာသူ၊ ရွာသားများနှင့် ရင်းနှီးခင်မင်သွားသည်။ မိဘဆရာအသင်း အစည်းအဝေးတွင် ငွေအလှူခံရာမှစပြီး ရွာသားများစွာနှင့် ရင်းနှီးချစ်ခင်သွားသည်။
တစ်ရွာလုံးမှာ ကျောင်းသားမိဘများဖြစ်နေကြ၍ ဆရာ၊ ဆရာမများကို လိုလားချစ်ခင်ကြပါသည်။ မကြာခဏအိမ်လည်ဖိတ်၍ ကျွေးမွေးကြသည်။ အလှူ၊ မင်္ဂလာဆောင်ရှိလျှင်လည်း ရှေ့ဆုံးမှသွားရသည်။
နို့ဆီရုံခြောက်ရုံရှိသည်။ နေ့စဉ် နို့ဆီများပေးပို့နေ၍ မစားချင်တော့ပါ။ နို့ဆီရုံခြောက်ရုံ အလှည့်ကျ ကော်ဖီတစ်အိုးစီ ပို့ရန်မှာထားရသည်။ မိုင်လို၊ အိုဗာတင်း၊ ဟောလစ် ကောင်းသည်များ ဖျော်ပို့သည်။
ခြံရှိသူများက ခြံထွက်သီးနှံများ ယူလာပေးကြသည်။ ဆရာနားနေခန်းထဲမှ စားပွဲရှည်ကြီးပေါ်တွင် သင်္ဘောသီး၊ သရက်သီး၊ ငှက်ပျောသီး၊ ဆီးချိုသီး၊ ဂွေးသီးနေ့စဉ် အများကြီးရောက်နေသည်။ ကျွန်တော်နေသောအိမ်ကလည်း မစားနိုင်တော့ပါ။ မန္တလေးမှ ဆရာ၊ ဆရာမများကလည်း မသယ်ချင်တော့ပါ။ ခြံထွက်သီးနှံများကို မမှာဘဲ ယူမလာရဟု အမိန့်ထုတ်ထားရသည်။
ရွာမှာ လက်ဖက်ရည်ဆိုင် လေးဆိုင်ရှိသည်။ မုန့်တီဆိုင် နှစ်ဆိုင်ရှိသည်။ ဘယ်ဆိုင်မှ ပိုက်ဆံမယူ။ ပြန်အထွက်မှာ ဒူးယားစိမ်းတစ်ဘူး ပေးသေးသည်။ ထို့ကြောင့် တတ်နိုင်သမျှ လက်ဖက်ရည်ဆိုင်မသွားရန် သတိထားရသည်။
မန္တလေးသွားလျှင် ဘတ်(စ်)ကားခ လုံးဝမပေးရ။ ဆရာ၊ ဆရာမအားလုံး အခမဲ့ဖြစ်သည်။ ဤရွာတွင်နေရသည်မှာ အကုန်အကျအလွန်နည်းပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၃)
No comments:
Post a Comment