လယ်တွင်းသားစောချစ်
"တပည့်လေးများကို ချစ်ခင်စိတ်ဖြစ်ရသည်။ နောက်နေ့များမှာလည်း ကျွန်တော် တံမြက်စည်း မလှည်းရတော့ပါ။ ကျောင်းအစောဆုံးရောက်သူက တံမြက်စည်းကို အရင်ဆုံးဦးထားသည်။ သို့သော် ကျွန်တော်ကတော့ မပျက်မကွက်သွားကြည့်ပြီး ချီးကျူးပေးရသည်။"
ကျောင်းကို အုတ်ခင်းသည်။ လက်သမားဆရာကြီး ဦးကံထူးနှင့်အဖွဲ့က ထိုင်ခုံစာရေးခုံများ အမြန်လုပ်ကြသည်။ တစ်ခုံပြီးတစ်ခုံ ကျောင်းထဲရောက်လာကြသည်။ နောက်ထပ် ကျောင်းဆောင်တစ်ဆောင်ကောင်းကောင်းဆောက်နိုင်ကြသည်။
အလှူငွေအားလုံးကို ဘဏ္ဍာရေးမှူး ဦးမှန်ထံ ရသမျှအကုန်အပ်သည်။ လိုသမျှသာ ပြန်ထုတ်၍ စနစ်တကျသုံးသည်။ ဦးမှန်ကလည်း တစ်ရာတန် တစ်သောင်း အပ်လျှင် တစ်ရာတန်အတိုင်း ပြန်ထုတ်ပေးသည်။ သူ့ငွေနှင့် ရောခြင်းမရှိ။ တိကျသည်။ လှူသမျှ အလေအလွင့်မရှိ၍လည်း လှူချင်ကြသည်။
အလယ်တန်းကျောင်းသား လာအပ်သမျှကို စတင်လက်ခံပြီ။ ကျောက်မီးရွာမှသာမက၊ အုန်းချော၊ ကျောက်ချော၊ ငွေတောင်၊ တံတိုင်းရှည်၊ လက်တောင်၊ သုံးအိမ်၊ အောင်ပင်လယ်၊ သမ္မတော၊ ရွာရှည်၊ ဗိုလ်တက်ကုန်း၊ ဘန့်ဘွဲ၊ သန့်စင်ကုန်းရွာများမှ ကျောင်းသားများ ရောက်လာကြသည်။ ကလေးရချင်သော မိန်းမနှယ် ကျောင်းအပ်လာလျှင် ကျွန်တော်ဝမ်းသာရသည်။
တစ်ကြိမ်မှာ ကလေးနှစ်ယောက်လာအပ်သော ဖခင်တစ်ဦးက ကျွန်တော့်ကို ‘‘ကျောင်းအုပ်လား’’ဟု မေးသည်။ ကျွန်တော်က ကျောင်းအုပ်မရှိသေးပါကြောင်း၊ ကျွန်တော်က တာဝန်ခံအနေဖြင့် လုပ်နေခြင်းဖြစ်ကြောင်း အမှန်အတိုင်းပြောမိပါသည်။
‘‘ကျောင်းအုပ်တောင် မရှိတဲ့ကျောင်း မထားဘူးကွာ’’ဆိုပြီး ကလေးနှစ်ယောက်ကို ပြန်ခေါ် သွား၍ စိတ်မကောင်းဖြစ်ရသည်။ ကျောင်းသားနှစ်ယောက် မရ၍ နှမြောတသဖြစ်ရသည်။
ငါးတန်း၊ ခြောက်တန်း၊ အတန်းကလေးများ ပေါ်ပေါက်လာပြီ။ ရှစ်တန်းမရှိ။ ရှစ်တန်းကို သင်ပေးနိုင်သည့် အခြေအနေလည်းမရှိ။ အလယ်တန်း သုံးတန်းလုံးကို သင်ပေးရသည်က တစ်ယောက်တည်း။ သင်ရသည်ကလည်း ဘာသာစုံ။ မူလတန်းပြဆရာလေး ကိုလှမင်းကို အကူအညီတောင်းရသည်။ သူက သင်္ချာဘာသာနှင့် စာပေးစာယူ တတိယနှစ်တက်နေသူဖြစ်သည်။ အလယ်တန်းများကို သင်္ချာကူသင်ပေးသည်။
ဆရာကိုလှမင်းမှာ စိတ်ကောင်းရှိသည်။ ရွာခံလူများနှင့်လည်း ရင်းနှီးခင်မင်သူဖြစ်၍ ကျွန်တော့်အတွက် အားကိုးရသည်။ ပြုံးလိုက်၊ ရယ်လိုက်လျှင် ချစ်ခင်စရာကောင်းသည်။ ဘောလုံးကန်လည်း ကောင်း၍ ညနေပိုင်းကျောင်းဆင်းလျှင် ကျွန်တော်နှင့်အတူ ကလေးများကို ဘောလုံးကန်သင်ပေးသည်။ အချို့ရက်များတွင် ကျွန်တော်နှင့်အတူ နေချင်၍ မန္တလေးသို့မပြန်ဘဲ ကျောက်မီးမှာ ညအိပ်သည်။ နောက်တော့ ညီအစ်ကိုလို ချစ်ခင်ရင်းနှီးသူ ဖြစ်သွားသည်။
ဒေါ်ခင်ဌေးနှင့် ဒေါ်ခင်စန်း ဆရာမလေးနှစ်ယောက်မှာလည်း ကျောက်မီးရွာသူရွာသားများနှင့်ရော ကလေးများနှင့်ပါ ချစ်ခင်ရင်းနှီးကြသူများ ဖြစ်သည်။
ဒေါ်ခင်ဌေးက သွယ်သွယ်မြင့်မြင့်၊ ဒေါ်ခင်စန်းက နည်းနည်းပုသည်။ သို့သော် သူတို့နှစ်ယောက်လုံး စိတ်သဘောထားကောင်းကြသည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ရင်းနှီးကြသည်။
ဒေါ်ခင်ဌေးက စတုတ္တတန်းသင်သည်။ ကျွန်တော်မရောက်ခင်ကပင် နှစ်စဉ်တန်းလုံးကျွတ် အောင်မြင်အောင်သင်နိုင်၍ နာမည်ကောင်းရနေသော ဆရာမဖြစ်သည်။ ဒေါ်ခင်စန်းမှာ စိတ်ရှည်သည်။ သည်းခံသည်။ ထို့ကြောင့် အငယ်တန်းကလေးများကို တာဝန်ယူသင်ကြားသည်။ အတွဲညီသော ဆရာမလေးနှစ်ယောက်ဖြစ်၏။
ကျွန်တော်ရောက်စက ကျောင်းသူကျောင်းသားများ ကျောင်းတက်မမှန်။ မန္တလေးသွားရုပ်ရှင်ကြည့်ရန် အကြောင်းပြချက်နှင့် ခွင့်တိုင်သည်ပင်ရှိသည်။ ခုတော့ အသေအချာ ပြောထား၍ ကျောင်းတက်မှန်နေကြပြီ။ စည်းကမ်းလည်း ရှိနေကြပါပြီ။
သို့သော် စာသင်ခန်းများတွင် အမှိုက်များရှုပ်ပွနေသည်။ ယခင်က ဖွဲပြာခင်းထား၍မသိသာ။ အမှိုက်များကို ဖွဲပြာနှင့် ဖုံးထား၍ ရသည်။ ခုတော့ ဖုံး၍မရ။ အရုပ်ဆိုးလှသည်။
ကျွန်တော်က တံမြတ်စည်းများ ဝယ်၍ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းတို့ရှေ့မှာ ထောင်ပေးထားသည် ကျောင်းမှာ သန့်ရှင်းရေးအလုပ်သမားမရှိ၍ ကိုယ့်အတန်းကို သန့်ရှင်းရေးလုပ်ကြရန် ပြောသည်။ ဘယ်သူမျှမလုပ်ပါ။
ကိုးနာရီမထိုးမီ ကျောင်းသား ကျောင်းသူများ စုံချိန်မှာ ကျောင်းမတက်မီ ငါးတန်းအခန်းသို့သွား၍ တံမြက်စည်းယူပြီး လှည်းပါသည်။ သူတို့ လက်ပိုက်ကြည့်နေကြသည်။ ယောကျ်ားလေးရော၊ မိန်းကလေးများပါ မည်သူမျှ ကူမလှည်းကြပါ။ ငါးတန်းအခန်း လှည်းပြီးခါနီးမှ ခြောက်တန်းကျောင်းသားများ ရောက်လာကြသည်။
‘‘ဆရာကြီးပြီးရင် ကျွန်တော်တို့အတန်း’’ဟု လာပြောနေ၍ ရယ်ချင်စိတ်ဖြစ်မိသည်။
‘‘လာမယ်..လာမယ်’’ ပြောတော့ သူတို့သဘောကျသည်။ ငါးတန်းခန်းပြီးတော့ ခြောက်တန်းခန်းလှည်းရသည်။ ခြောက်တန်းခန်းပြီးခါနီးမှာ ခုနစ်တန်းကျောင်းသားများ လာစောင့်နေကြသည်။ သူတို့အတန်းကို သွားလှည်းပေးရသည်။
နောက်နေ့မှာလည်း ကျွန်တော် သုံးခန်းလုံးလှည်းပါသည်။ သူတို့ ကြည့်နေကြပါသည်။ တတိယမြောက်နေ့မှာ ကျွန်တော်အမှိုက်လှည်းရန် ရုံးခန်းထဲမှ ထွက်သွားသောအခါ တံမြက်စည်းတစ်ချောင်းကို ကျောင်းသားတစ်ယောက်ဆုပ်ကိုင်ပြီး ဦးထားသည်။ မလှည်းသေးဘဲ ကျွန်တော်မြင်အောင် စောင့်နေခြင်းဖြစ်သည်။ ကျွန်တော်မြင်စေချင်ကြသည်။ ကျွန်တော်ရောက်သွားသည်နှင့် စလှည်းကြပါသည်။ အတန်းသုံးတန်းလုံးမှ တပည့်များကိုသွားပြီး ပခုံးပုတ်ချီးကျူးရသည်။
‘‘ငါ့တပည့် ဆရာ မလှည်းရတော့ဘူးလားကွ...’’
‘‘မလှည်းရဘူး ဆရာ’’
‘‘ငါ့တပည့် လှည်းမှာလားကွ’’
‘‘လှည်းမှာ ဆရာ’’
‘‘ငါ့တပည့်က လိမ္မာလိုက်တာကွာ’’
ချီးကျူးသည်ကို ကလေးများ သဘောကျပါသည်။
တပည့်လေးများကို ချစ်ခင်စိတ်ဖြစ်ရသည်။ နောက်နေ့များမှာလည်း ကျွန်တော် တံမြက်စည်းမလှည်းရတော့ပါ။ ကျောင်းအစောဆုံးရောက်သူက တံမြက်စည်းကို အရင်ဆုံး ဦးထားသည်။ သို့သော် ကျွန်တော်ကတော့ မပျက်မကွက် သွားကြည့်ပြီး ချီးကျူးပေးရသည်။
နောက်တော့ ကျွန်တော်စိတ်ကူးရ၍ အမှိုက်ပုံးဝယ်ပြီး အတန်းတိုင်းရှေ့မှာ ချထားပေးသည်။
‘‘တပည့်တို့ မင်းတို့က အမှိုက်တွေကို တွေ့ရာချတော့ အမှိုက်တွေလှည်းရတာပေါ့။ ဒီမှာကြည့်။ ဟောဒီအမှိုက်ပုံးထဲထည့်။ ဒါဆိုရင် အမှိုက်မလှည်းရတော့ဘူးပေါ့ကွ။ လှည်းရရင်တောင် နည်းနည်းပဲရှိမှာပေါ့’’
ကျွန်တော်ပြောသော်လည်း အမှိုက်မကောက်ကြပါ။ မနက်တိုင်းမှာတော့ အမှိုက်လှည်းကြပါသည်။
ကလေးများ အမှိုက်ချသည်ကို တွေ့ရတိုင်း ကျွန်တော်လိုက်ကောက်သည်။ သူတို့ လှမ်းမြင်နေကြပါသည်။
သုံးရက်မြောက်တဲ့နေ့မှာတော့ ကျွန်တော် ကျောင်းရောက်သွားသောအခါ အမှိုက်တစ်စ လူတစ်ယောက် ရပ်စောင့်နေသည်။
‘‘သူ့အမှိုက် ဘယ်သူမှ မကောက်နဲ့’’ဟု ဦးထားသောသဘောလဖြစ်သည်။ ကျွန်တော်မြင်မှ ကောက်မည်။ ဆရာချီးမွမ်းသည်ကို ခံချင်သည်။
ကျွန်တော်မြင်ပြီဆိုသည်နှင့် ကိုယ်ဦးထားသော အမှိုက်ကို ကောက်ပြီး ပုံးထဲသွားထည့်သည်။ အလွန်ပင် ချစ်စရာကောင်းသော ကလေးများ ဖြစ်သည်။ တစ်ယောက်ချင်းထံရောက်အောင်သွား၍ ပခုံးပုတ်ပြီး ချီးကျူးစကားပြောရပါသည်။
နောင်အခါတွင် ကျွန်တော် မြင်မြင်၊ မမြင်မြင် ကျွန်တော့် တပည့်ကလေးများ အမှိုက်လှည်းကြသည်။ အမှိုက်ကောက်ကြသည်။ ကျောင်းထဲမှာ ရှင်းသန့်နေသည်။ အကျင့်ရလာသောအခါ အမှိုက်ချခြင်းမှာ ရှက်စရာဖြစ်လာ၍ ဘယ်သူမှ အမှိုက်မချတော့ပါ။ ပုံးများမှာသာ ထည့်ကြတော့သည်။
စနစ်တကျလေ့ကျင့်ပေးလျှင် ကလေးများ လိုက်နာကြပါသည်။ သူတို့ကို ချစ်ခင်ရသည်နှင့် ကျွန်တော့် ချစ်သူကို အလွမ်းသက်သာရပါ သည်။ ကလေးများကို ကျေးဇူးတင်ရပါသေးသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၂)
No comments:
Post a Comment