June 28, 2020

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

ချစ်နိုင် (စိတ်ပညာ)

"အခက်အခဲ ဘယ်လောက်ပဲရှိရှိ ငါဟာ အောင်မြင်သည်အထိ ဇွဲနပဲနဲ့လုပ်မယ်ကွလို့ ကိုယ်တိုင်ဆုံးဖြတ်ထားရမယ်။ အဲဒါ အောင်စိတ်ပဲ။ အောင်စိတ်ရှိရင် သေချာပေါက်အောင်ပြီ။ အောင်မြင်မှုဆိုတာက လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားရှိသူဆီကိုပဲ လာတယ်။ ငါမလုပ်နိုင်ပါဘူး။ မလုပ်နိုင်လောက်ပါဘူး။ လုပ်နိုင်မယ်မထင်ဘူး ဆိုကြတဲ့သူတွေအတွက် အောင်မြင်မှုက ရောက်လာလေ့ မရှိဘူး"

        ‘‘လူတစ်ဦးသည် သူ၏အိပ်မက်များဆီသို့ ယုံကြည်စွာ ရှေ့ဆက်သွားလျှင် သာမန်အချိန်များတွင်  မတွေ့ဖူးသော အောင်မြင်မှုမျိုးကို သူရရှိမည်’’ 
ဟင်နရီ ဒေးဗစ်သော်ရိုး
Henry David Thoreau

        ချစ်သမီးမေလေး

        ရွှင်လန်းချမ်းမြေ့ပါစေ...။

        အောင်မြင်မှု ရခဲ့ဖူးမှာပါ။

        မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတစ်ခုခုလည်း ဖြတ်သန်းခဲ့ဖူးမှာပါ။ အဲဒီအခါမှာ အောင်မြင်မှုဟာ  ဘာကြောင့်ရသလဲ။ မအောင်မြင်ရခြင်းဟာ ဘာတွေကြောင့်လဲ။ မိမိရဲ့ အတွေ့အကြုံကို ခွဲခြားဆန်းစစ် သုံးသပ်ဖြစ်ရင်း အောင်မြင်မှုဟာ ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ခြင်းအပေါ် အဓိက တည်မှီနေကြောင်း သမီးမေလေးကောင်းစွာ တွေ့ရပါလိမ့်မယ်။ ဟုတ်တာပေါ့။

        အောင်မြင်မှု  ‌တောင်ထွတ်တောင်ထိပ်ကို ရောက်အောင် တက်နိုင်ကြတယ်ဆိုတဲ့ လူတွေဟာ  ခြေလှမ်းတစ်လှမ်းလှမ်းရုံနဲ့ ရောက်ခဲ့ကြတာမဟုတ်။ တောင်ခြေက စတင်ပြီး ခြေလှမ်းပေါင်း ထောင်သောင်းကို ပေါင်းစပ်ပြီး လှမ်းခဲ့လို့ တောင်ထိပ်ကို ခြေချနိုင်တာ။ တောင်တက်လမ်းတစ်လျှောက်မှာ သူ့ရင်ထဲမှာ ခိုင်မာတဲ့တစ်စုံတစ်ခုရှိခဲ့တယ်။ အဲ့ဒါယုံကြည်မှုပဲ။

        မိမိအတွက် ဒီအောင်ပွဲဟာ လက်လှမ်းမီနိုင်တယ်။ ဒီလို ယုံယုံကြည်ကြည် သိရှိထားတဲ့ ယုံကြည်မှုနဲ့ ခြေလှမ်းတွေကို လှမ်းလာရင်းက ထိပ်ဆုံးရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပဲပေါ့။ သတ္တိရှိဖို့ လိုတယ်နော်။

        သတ္တိရှိတာ ကြောက်ရွံ့မှုမရှိခြင်း၊ အကြောက်တရား ကင်းမဲ့ခြင်း မဟုတ်ပါ။ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ခြင်း၊ ကြောက်ရွံ့မှုကို အောင်နိုင်ခြင်း ဖြစ်ပါတယ်။ 

        ကျဆုံးမှုဆိုတာတွေ ရင်ဆိုင်ဖို့ရာ မကြောက်လန့်ပါနဲ့။ မစိုးရွံ့ပါနဲ့။ အဲဒီ အရှုံးတွေက အောင်မြင်မှုအတွက် မရှိမဖြစ် ကြိုတင်လိုအပ်ချက်တွေပဲ။ မိမိအတွက် လိုအပ်တဲ့ သင်ခန်းစာတွေကို ရှုံးနိမ့်မှုတွေဆီက သင်ယူရရှိနိုင်တယ်။ အောင်ပွဲအတွက် လှေကားထစ်တွေဟာ အဲဒီလို ခါးသီးတဲ့ အရှုံးရဲ့ ဒဏ်ရာဒဏ်ချက်တွေလည်း ပါဝင်
တယ်။ ဖြတ်ကျော်ရပေမှာပဲ။ အရှုံးကို မရွံ့ပါနဲ့။ အရှုံးကို ပြုံးပြုံးရွှင်ရွှင် လက်ခံနိုင်ရမယ်။

        ဒီနေ့ကို သေ‌သေချာချာ အမိအရ ဖမ်းဆုပ်လိုက်ပါ။ ဘယ်လိုဖမ်းယူရမှာလဲ။ လုပ်စရာရှိတာကို ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန် လိုက်လုပ်ဖို့ ဆိုလိုတာပါ။ ဒီလို စိတ်ပါလက်ပါ အားရဝမ်းသာလုပ်တာသည်ပင်လျှင် မိမိမှာ ခွန်အားများ၊ တန်ခိုးများ အလိုလိုရရှိလာပါလိမ့်မယ်။ အဲဒါဟာ တကယ်ပါပဲ။


ဓာတ်ပုံ - အင်တာနက်


        အဲဒီလို နေ့စဉ် နေ့စဉ် လုပ်ဆောင်သွားခြင်းအားဖြင့်  အောင်မြင်မှုကို ရစေတာဖြစ်ပါတယ်။ မိမိရဲ့ အောင်မြင်နိုင်စွမ်းရှိမှုကို သိရမယ်။ မိမိရဲ့ အောင်မြင်နိုင်မှုကို ယုံကြည်ရမယ်။ ဒီလို အပြည့်အဝ ယုံကြည်ထားရင် မိမိကို ဘယ်လိုအတားအဆီးကမှ မပိတ်ပင် မဟန့်တားနိုင်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဒီအချက်ဟာ သိပ်အရေးကြီးတယ်။

        လက်မနှေးနဲ့၊ ဖင့်နှေးလေးလံ မနေနဲ့။ မိမိတကယ်လုပ်ချင်တာ၊ ကိုယ်တကယ်လုပ်နိုင်တဲ့အရာ ဘာရှိသလဲ။ ယခုချက်ချင်း စလုပ်လိုက်ပါ။ စတင်လုပ်ဆောင်လိုက်ပါ။ ရဲရဲလုပ်ပါ။

        မိမိရဲ့ ပန်းတိုင်အကြောင်းကို တစ်ချိန်လုံးတွေးနေပါ။ ပန်းတိုင်ကို မလွဲမသွေလှမ်းကိုင်နိုင်တယ်ဆိုတာလည်း သေသေချာချာ မြင်အောင်တွေးပါ။ ကိုယ့်ရဲ့စိတ်ထဲမှာ အကောင်းမြင်စကားလုံးတွေ၊ ရုပ်ပုံတွေ၊ စာအုပ်တွေ၊ တိပ်ခွေတွေ၊ အပြန်အလှန် ပြောစကားတွေ ပြည့်လျှံနေပါစေ။ အကောင်းမြင်တဲ့ အတွေးစိတ်ကူးက အကောင်းသဘော၊ အပြုသဘော အောင်မြင်မှုဆီသို့ တွန်းပို့ပေးတယ်။ ဇမ္ဗူဒိပ်နိမိတ်ဆိုတဲ့စကားဟာ ဒီသဘောပဲ။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းမို့ ဩဘာနိမိတ် ထွန်းတယ်တဲ့။ မင်္ဂလာရှိတဲ့စကား။ ကောင်းတဲ့စကား၊ တိုးတက်မှု၊ အကျိုးရှိမှုများကို ပြောဆိုလုပ်ဆောင်ရတယ်။ တွေးတောနေရမယ်။

        အခက်အခဲဆိုတာကတော့ ရှိမှာပေါ့။ ရှောင်လွှဲလို့ ရတာလည်း ရှိတယ်။ မရတာလည်း ရှိပေလိမ့်မယ်။ အခက်အခဲကို ပုံကြီးချဲ့ပြီး မစဉ်းစားနဲ့။ ပကတိအမှန်အတိုင်း မြင်အောင်ကြည့်ပြီး အောင်မြင်အောင် ဖြတ်ကျော်မယ်လို့ ခံယူရမယ်။ အဲဒီသတ္တိ။

        အခက်အခဲ ဘယ်လောက်ပဲရှိရှိ ငါဟာ အောင်မြင်သည်အထိ ဇွဲနပဲနဲ့ လုပ်မယ်ကွလို့ ကြိုတင်ဆုံးဖြတ်ထားရမယ်။ အဲဒါ အောင်စိတ်ပဲ။ အောင်စိတ်ရှိရင် သေချာ‌ပေါက်အောင်ပြီ။ အောင်မြင်မှုဆိုတာက လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားရှိသူဆီကိုပဲ လာတယ်။ ငါမလုပ်နိုင်ပါဘူး။ မလုပ်နိုင်လောက်ပါဘူး။ လုပ်နိုင်မယ် မထင်ဘူး ဆိုကြတဲ့သူတွေအတွက် အောင်မြင်မှုက ရောက်လာလေ့မရှိဘူး။

        ရဲရဲရင့်ရင့် လုပ်ရုံပဲ။

        မမြင်နိုင်တဲ့အင်အားတွေက မိမိဘက်မှာ အံ့ဩလောက်အောင် ဝိုင်းဝန်းကူညီ ဖေးမပေးကြတာကို သမီးမေလေး တွေ့ရပါလိမ့်မယ်။ မိမိရဲ့  ယုံကြည်ချက်မှာ အဲဒီလို ဆန်းကြယ်တဲ့ လျှို့ဝှက်စွမ်းအင်၊ စွမ်းအားတွေ ပါဝင်နေတယ်။

        ကိုယ်ကသာ ရှာဖွေဖော်ထုတ် အသုံးချနိုင်လျှင် မိမိဖြစ်ချင်တဲ့အရာကို ဖြစ်လာစေမည့် စွမ်းအားများဟာ ကိုယ့်ရဲ့ကိုယ်တွင်းမှာလည်း အများကြီး ရှိနေပြီးသား။

        မရှောင်မလွှဲသာ တွေ့ကြုံရတဲ့  အခက်အခဲဟာ သမီးလေးကို ဘယ်လိုလူစားလဲလို့ စမ်းသပ်စစ်ဆေးပွဲပါပဲ။ အခက်အခဲကြားမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေမပျက် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခြင်းဟာ မိမိဘယ်လိုလူစားဆိုတာ တိုင်းတာဖော်ပြတဲ့ မှတ်ကျောက်မှတ်တမ်းပါ။ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းပါ။ ကာဗွန်ပါမှ သံမဏိမာသလိုပဲ။

        ဇွဲရှိမှ လူသားရဲ့စရိုက်လက္ခဏာ ခိုင်မာပါတယ်။ ဇွဲရှိဖို့လိုတယ်။ ဇွဲ၊ သတ္တိ၊ ခံနိုင်ရည်ရှိဖို့ဟာ ယုံကြည်မှုရှိရတယ်။ ယုံကြည်မှုက အခြေခံကျတယ်။ ကျွမ်းကျင်မှု၊ ထိရောက်မှု၊ အဆင့်မြင့် ဆုံးဖြတ်ဆောင်ရွက်မှုတွေနဲ့ အလုပ်လုပ်နေတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုလည်း ရှိလာတတ်တယ်။

        တန်ဖိုးမြင့်တဲ့ အလုပ်တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လာလေလေ မိမိရဲ့ရှိနေတဲ့အင်အားတွေ ပြည့်ဝလာလေလေ။ အကောင်းမြင်လာလေလေ။

        လှိုင်းလေထန်ပြီး အပြောင်းအလဲမြန်တဲ့ ယနေ့လိုခေတ်ကာလမျိုးမှာ လက်တွေ့အဖြစ်အပျက်များနှင့် ယှဉ်ပြီး မိမိကိုယ်ကိုမိမိ အမြဲတစေ ပြန်လည်သုံးသပ်နေရမယ်။ အားသာချက်၊ အားနည်းချက်တွေ ပြန်လည်ကြည့်ရှုရပါမယ်။ ဘယ်သူမဆို အားနည်းချက်ကတော့ ရှိတာပဲ။ ပြုပြင်ရမယ်။ အားသာချက်ဆိုတာလည်း ရှိတာပဲ။ အဲဒီ အားသာချက်များကို မိမိလည်းတွေ့ရမှာပဲ။ အဲဒီ အားသာချက်များကို မိမိက များများအာရုံစိုက်ဖို့ လိုပါတယ်။ မိမိရဲ့ အားသာချက်များနဲ့ အောင်မြင်မှုတွေကို အကောင်အထည်ဖော်ရမှာ မဟုတ်လား။ သမီး နှစ်သက်ရာနယ်ပယ်တစ်ခုကို ရွေးချယ်ပါ။ အဲဒီမှာ လုံးလုံးနှစ်မြုပ် လုပ်ကိုင်ပါ။

        ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ ကိုယ့်ဘဝကို ကိုယ်နှစ်သက်သလို နေထိုင်ရဲတဲ့သတ္တိရှိဖို့ လိုတယ်။ သမီးရဲ့  အဲဒီသတ္တိဟာ လူ့တန်ဖိုးများမှာ အဓိကနေရာမှာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီသတ္တိအပေါ် အခြားအခြားသော အရည်အသွေးက တည်မှီနေပါတယ်။

        အချို့က အရည်အသွေးတွေ ရှိပါလျက်နဲ့ မအောင်မြင်ဘူး။ ဘာကြောင့်လဲ။ သတ္တိနည်းလို့ပါ။ မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေခဲ့လို့ပါ။ ငါဟာ င့ါဘဝရဲ့ အရှင်သခင်။ ငါသာလျှင် ငါ့ကံကြမ္မာကို ရွေးချယ်ဆုံးဖြတ်သူ။ ငါဟာ မာလိန်မှူးပဲ။ ဦးဆောင်ခေါင်းဆောင်ပဲလို့ ခံယူရမယ်။ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားပါစေ။

        ငါဟာ စွမ်းအားရှိတယ်။ ငါ့မှာ ထူးခြားတဲ့စွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်။ ငါဟာ အဖျင်းအညံ့လူမျိုး မဟုတ်ဘူး။ အောင်မြင်မှုကို သေချာပေါက်ရောက်အောင် စွမ်းဆောင်နိုင်တဲ့ လူစားဖြစ်တယ်။ အဲဒီလိုအတွေးကို အထပ်ထပ်တွေးတောရမယ်။ အကြိမ်ကြိမ် စဥ်းစားရမယ်။ မိမိကိုယ်ကို ပါးစပ်က ရွတ်ဆိုပြီး အခါခါအားပေးရမယ်။

        ဂါထာရွတ်ဆိုသလို နှုတ်က ကိုယ့်ကိုယ်ကိုယ် ပြောလည်းပြောဆိုပေးရမယ်။ အဲဒီအတွေး၊ အဲဒီအပြောတွေဟာ ယုံကြည်မှုကို ခိုင်မာစေတယ်။ အင်္ဂလိပ်လိုတော့ မိမိကိုယ်ကို အကြံပေးခြင်း Auto Suggestion လို့ ခေါ်ပါတယ်။ အံ့သြလောက်အောင် စွမ်းအားထက်မြက်စေတဲ့ နည်းနာတစ်ခုပေါ့။

        မအောင်မြင်ရှာကြတဲ့ လူတွေဟာ ဒီနည်းလေးကို မသိကြ၊ မသုံးကြတော့ ရှုံးနိမ့်ရတာပေါ့။

        အင်္ဂလိပ်လို စာအုပ်ထူထူကြီး ရေးထားတာမျိုးကို ဦးဦးက လွယ်လွယ်လေးနဲ့ လိုရင်းတိုရှင်း ဖွင့်ဆိုပြောပြလိုက်တာ သမီးရေ။ နားလည်လွယ်အောင် ရှင်းပြခြင်းပါကွယ်။ မိမိကိုယ်ကို ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်ရှိနေရင် အဲဒီစိတ်ထားက ၉၅ ရာခိုင်နှုန်း အောင်မြေနင်းပြီးသားလို့ အောက်မေ့။

        မိမိကိုယ်ကို ယုံကြည်မှုရှိပါ။ အောင်မြင်ပြီးသား လူတစ်ယောက်အနေနဲ့ခံယူပါ။ အောင်မြင်ခဲ့သူလို့ သဘောထားပါ။ အဲဒီအသွင်အပြင်နဲ့ မျက်နှာကို ထားရမယ်။ အဲဒီစိတ်နဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ ရှိရမယ်။ ကြောက်သလိုလို ရွံ့သလိုလို မယုံမရဲနဲ့ ကုပ်ချောင်းချောင်း အသွင်သဏ္ဌာန်မျိုး လုံးဝမပေါက်ပါစေနဲ့။

        ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်းနဲ့ အပြောအဆို အပြုအမူ အနေအထိုင်ကအစ အားလုံးသော အမူအရာတွေဟာ သေချာပေါက် အောင်မြင်မှုရခဲ့ပြီးသူတစ်ဦးရဲ့ အသွင်အပြင်နဲ့ အပြုအမူပါ။ ပြောဆိုနေထိုင်ပါ။


ဓာတ်ပုံ - အင်တာနက်

        မိမိကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ နေထိုင်ရတာ သက်သောင့်သက်သာနဲ့ အေးချမ်းပျော်ရွှင်စရာကောင်းပါတယ်။ ကုပ်ချောင်းချောင်းနဲ့ မဝံ့မရဲ လူတောသူတောမဝင်ရဲ။ ကြောက်ရွံ့နေတဲ့ပုံသဏ္ဌာန်နဲ့ နေရရင် စိတ်ကျဉ်းကြပ်တယ်။ ညှိးငယ်တယ်။ အကျိုးမရှိဘူး။ ကြွက်ပုံ မဖြစ်စေနဲ့။ ကြောင်လိုနေ။

        သားကောင်လို ကုပ်ချည့်ကုပ်ချည့် လုပ်မနေနဲ့။ ကျားလို ခြင်္သေ့လို ရဲဝံ့တဲ့ ဟန်ပန်အမူအရာရှိပါစေ။ ဘဝနေဟန်ဆိုတာ အခြေခံကျတဲ့ အချက်ပါပဲ သမီးရေ။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ မရှိခြင်းဟာ သမီးရဲ့ ဘဝတစ်ခုလုံးကို အောင်မြင်အောင်၊ ရှုံးနိမ့်အောင် အဆုံးအဖြတ်ပေးပြီး ခွဲခြားနိုင်တဲ့ အဓိကအရာဖြစ်တယ်ဆိုတာ မြဲမြဲမှတ်ထားပါ။ ချစ်လို့ပြောတာမှတ်ပါ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)

No comments:

Popular Posts