လယ်တွင်းသားစောချစ်
ကျုပ်က အရင်ဆွဲလိုက်တယ်။
‘‘ကိုင်ထား... ကိုယ့်တုတ်ကို ကိုင်ထား’’လို့ ချစ်အောင်က သတိပေးတယ်။
ကျုပ်လက်ထဲမှာ တုတ်ကလေးကို ဆုပ်ကိုင်ပေးပါတယ်။
ဒုတိယစံရွှေ တုတ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်တယ်။ တုတ်သုံးချောင်း ယှဉ်ကြည့်တယ်။ ချစ်အောင်တုတ်က အရှည်ဆုံး-
‘‘ကဲကွာ..ကဲကွာ..ကဲကွာ’’
ချစ်အောင်စိတ်ဆိုးပြီး သူ့တုတ်ကို သုံးပိုင်းချိုးပစ်လိုက်တယ်။
‘‘အရှည်ဆုံးတုတ်က အရင်နယ်ရမယ်လို့ ငါ့လက်ထဲမှာ သတ်မှတ်ထားတာကွ အလယ်တုတ်ရရင် ဒုတိယ၊ အတိုဆုံးတုတ်က နောက်ဆုံးကွ’’
ချစ်အောင် သူအရင်နယ်လှည့်ကျသဖြင့် မကျေမနပ်ဖြစ်နေသည်။ ကျုပ်ရထားတဲ့ တုတ်က အလတ်၊ ဒုတိယ နယ်ရမယ်။ စံရွှေက နောက်ဆုံး။
ဒီအချိန်မှာ ကျုပ်က တစ်ခုသတိရတာနဲ့ ချစ်အောင်ကို မေးကြည့်တယ် -
‘‘ဘယ်တုတ်က...ဘယ်အချိန် နယ်ရမယ်ဆိုတာ မင်း ငါတို့ကို ကြိုလည်း ပြောမထားဘူး။ တို့က ငြင်းရင် ဘယ်လိုလုပ်မလဲ..’’
‘‘ဘာလို့ ငြင်းရမှာလဲဗျ။ ကျုပ်က တုတ်ကို သွားချိုးတဲ့လူ။ ကျုပ်က ဒိုင်လူကြီးပဲ။ ကျုပ်စိတ်ထဲ မှတ်ထားတဲ့အတိုင်း လုပ်ရမှာပေါ့။ အခုလည်း ကျုပ်အရင်နယ်ရမှာပဲလေ’’
‘‘အေး..မင်းအရင်နယ်ရလို့ ပြဿနာပေါ်တာ။ စံရွှေက တုတေအရှည်ဆုံးဆွဲလို့ အရင်နယ်ရမယ်ဆိုရင် သူက ငြင်းချင်ငြင်းမှာပေါ့’’
‘‘ငြင်းရင် ဆွဲထိုးမှာပေါ့’’
‘‘တကယ်လို့ ငါက တုတ်ရှည်ဆွဲမိရင်ရော’’
‘‘ခင်ဗျားအရင်နယ်ပေါ့’’
‘‘မင်းစိတ်ထဲမှာ မှတ်ထားတာ ငါတို့မှမသိဘဲ။ မင်းကအမျိုးမျိုး ပြောင်းပြောလို့ရတာပေါ့..’’
‘‘ခင်ဗျားက ကျုပ်ကို မယုံလို့လား’’
ချစ်အောင်မေးပုံက မာတယ်။ တင်းတယ်။
‘‘မယုံလို့ မဟုတ်ပါဘူးကွာ။ ပြောင်းလဲတယ်လို့ ထင်မယ်ဆိုရင် ထင်နိုင်တာကိုပြောတာ...’’
‘‘ထုံးစံမရှိဘူး.. ကျုပ်ဘယ်တော့မှမညာဘူး။ ခင်ဗျားလယ် ကျုပ်ကမလုပ်တော့ဘဲနဲ့ ပြန်သွားမှာပေါ့။ ဘာလဲ ခင်ဗျားက အခုလည်း ဒုတိယနယ်ရမှာကို မကျေနပ်လို့လား။ မယုံလို့လား’’
ချစ်အောင်လေသံမှာ ဒေါသပါလာတယ်။
‘‘ငါက မင်းကို ယုံပါတယ်။ မင်းအကြောင်း ငါက ငယ်ငယ်ကတည်းက သိထားတာပဲ။ မသိတဲ့လူနဲ့ကျရင် မင်းစိတ်ထဲမှတ်ထားတယ်ဆိုတာ ဘယ်သူမှမသိတော့ မယုံဘူးပြောမှာစိုးလို့ပါ’’
‘‘မယုံရင်..အဲဒီကောင်မျိုးတွေနဲ့ စကားလည်း မပြောဘူး။ အလုပ်လည်း မလုပ်ဘူး’’
ချစ်အောင်ဆိုတာက အဲဒီလိုကောင်မျိုး။ မလိမ်တတ်ဘူး၊ မညာတတ်ဘူး။ ရိုးဖြောင့်တယ်။ သူရိုးဖြောင့်တာကိုလည်း ယုံရင် ကျေနပ်တယ်။ မယုံရင် မကျေနပ်ဘူး။ ဒါကြောင့် အခုကိစ္စမှာ ကျုပ်တော့ သိပ်ကိုအံ့သြနေရတာ။
ခြံစည်းရိုးအဟောင်းနေရာကို နှစ်ယောက်လုံးသိတယ်။ သရက်ပင်က သူတို့ဘက်ကမဟုတ်ဘူး။ ကျုပ်တို့ဘက်က။ အဲဒါကို ချစ်အောင်အမေ ဒွေးလေးဖော့ကလည်း သိတယ်။ ဒါပေမဲ့ ဒွေးလေးဖော့ မနှစ်ကဆုံးသွားပြီ။
ချစ်အောင်က သူ့မိန်းမကို ဘာဖြစ်လို့ သူစိုက်တဲ့အပင်၊ သူတို့ဘက်ကလို့ ပြောရတာလဲ။ သူ့မိန်းမက လည်တယ်။ လည်တဲ့မိန်းမနဲ့ပေါင်းပြီး ရိုးဖြောင့်တာတွေ ပျောက်သွားပြီလား။ ကျုပ် စိတ်မကောင်းဖြစ်မိတယ်။
နောက်နှစ်ရက်လောက်ရှိတော့ နေ့လယ်ခင်းတစ်ခင်းမှာ လင်မယားကွာရှင်းလိုမှုတစ်ခု တိုင်ထားတာနဲ့ ရုံးမှာ လူကြီးအစုံရောက်နေကြတယ်။ လင်ကွာ မယားကွာမှုဆိုတော့ စိတ်ဝင်စားကြတယ်။ နှစ်ဖက်ဆွေမျိုးတွေလည်းလာကြတာပေါ့။ ရုံးမှာ လူစည်ကားတဲ့နေ့ပါပဲ။
အပြန်အလှန်ပြောကြဆိုကြ၊ မကျေနပ်တာတွေ၊ ဒေါသတွေနဲ့ပေါ့။ ကျုပ်တို့ လူကြီးတွေက ဖြေပါတယ်။ မေးရင်း ဖြေရင်း ရယ်စရာတွေပါတော့ ဝါးခနဲ ရယ်သံတွေ ထွက်လာတယ်။ ခဏခဏရယ်သံတွေထွက်တော့ လူတွေပိုရောက်လာကြတယ်။
အိမ်ထောင်သက် တစ်နှစ်တောင် မပြည့်သေးတဲ့ ငယ်သူတွေပါ။ ကလေးလည်း မရှိသေးပါဘူး။ နောက်တော့ လူကြီးတွေက မကွဲဖို့မကွာဖို့ တစ်ယောက်ပြီး တစ်ယောက် ဆုံးမကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ စိတ်ပျော့သွားတယ်။
နှစ်ယောက်စလုံးဆီက တောင်းဆိုချက်တွေရှိလာတယ်။ မိန်းကလေးက ယောကျ်ားလေးကို ဘယ်လိုမပြောရဘူး။ ဘယ်လိုဆက်ဆံတာ မကြိုက်ဘူးဆိုတာတွေ ပြောလာတယ်။ ကျုပ်တို့ လူကြီးတွေက ယောက်ျားလေးကို ကတိပေးခိုင်းတယ်။ ကတိပေးတော့ လက်ခုပ်တွေတီးကြတာ ဆူညံသွားတာပဲ။ ယောက်ျားလေးကလည်း သူမကြိုက်တာတွေ ပြောပြန်တယ်။ လူကြီးတွေက မိန်းကလေးကို ကတိပေးခိုင်းကြတယ်။ မိန်းကလေးကလည်း ကတိပေးပါတယ်။ လက်ခုပ်တွေ တီးကြပြန်တယ်။ ပျော်စရာကြီးပါပဲ။ သူတို့မကွာတော့ပါဘူး။ ပြန်ပေါင်းသွားတယ်။
ကိုယ့်ရွာ၊ ကိုယ့်ရုံးနဲ့ ကိုယ့်တရားစီရင်မှုဆိုတာ ဒါပါပဲ။ ကြီးတဲ့အမှု ငယ်သွားတာပဲ။ ငယ်တဲ့အမှု ပျောက်သွားတာပါပဲ။ အားလုံးကလည်း ပတ်ချာလည်ဆွေမျိုးတွေပဲ။ တစ်ခါတရံကျတော့ ပျော်စရာ ကြည်နူးစရာကောင်းပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အဲဒီလို ဆွေမျိုးတွေ ပတ်လည်ဖြစ်နေလို့ကိုပဲ စိတ်ပျက်စရာတွေကြုံရတယ်ဗျ။ ပြောမရ ဆိုမရနဲ့ စိတ်ညစ်စရာ။
လင်မယားပြန်ပေါင်းပြီလို့ လူတွေ ပျော်ပျော်ပါးပါး ပြောဆိုနေတဲ့ အချိန်မှာပဲ ရုံးထဲကို လူတစ်ယောက်ဝင်လာတယ်။
‘‘ဟာ...ချစ်အောင်...လာ...မင်းတို့ တောင်ရိုးသွားတာ ပြန်ရောက်ပြီလား..’’
ကျုပ်က လှမ်းမေးတယ်။
‘‘ခုပဲ ပြန်ရောက်လာတယ်။ ကျုပ် ရောက်ရောက်ချင်းပဲ ရုံးကိုလာခဲ့တာ’’
‘‘ဘာကိစ္စလဲ ပြော’’
‘‘ကျုပ်မရှိတုန်း မိကြွေ ခြံစည်းရိုးကာထားတာ မှားနေလို့’’
‘‘ဘာမှားတာလဲကွ’’ကျုပ်က သိလျက်နဲ့မေးတာပါ။
‘‘သရက်ပင်က ကျုပ်တို့ဘက်က မဟုတ်ဘူးဗျ။ ကိုညီတို့ဘက်က။ ခုတော့ ကိုညီတို့မြေ အများကြီး ကျုပ်တို့ဘက်ကို ရောက်နေပြီဗျ’’
ဒါ..ချစ်အောင်အစစ်ပဲ။
‘‘မင်းမိန်းမက ပြောတော့ သရက်ပင်က မင်းစိုက်တာ မင်းတို့ဘက်ကလို့ မင်းပြောတယ်
ဆိုတာနဲ့ ငါကပေးလိုက်တာ’’
‘‘အဲဒါဟုတ်မှမဟုတ်ဘဲဗျ။ ကိုညီ သိလျက်သားနဲ့ မပေးသင့်ပါဘူး’’ချစ်အောင်က ကျုပ်ကို အပြစ်တင်တယ်။
‘‘ရော..ခက်ပြီ.. သရက်ပင်က မင်းစိုက်တာလေ’’
‘‘ကျုပ် စိုက်တယ်ဆိုတာ ဟုတ်တယ်ဗျ။ ကျုပ်စားတဲ့သရက်စေ့ အိမ်ရှေ့ကွပ်ပျစ်ကနေ လွှင့်ပစ်လိုက်တာ။ ကိုညီတို့ခြံဘက် ရောက်သွားတာဗျ။ မိုးကျလို့ သရက်ပင် လေးပေါက်လာတော့ ငါ့သရက်ပင်လေးကွဆိုပြီး တုတ်ချောင်းလေးတွေစိုက်ပြီး ကာထားတာ။ ကိုညီကလည်း သရက်ပင်လေးတစ်ပင်ကို ကျုပ်လို တုတ်ကလေးတွေစိုက်ပြီး ဒါက ငါ့သရက်ပင်လို့ပြောတာ’’
ကျုပ်က ခေါင်းညိတ်ပြတယ်။
‘‘နောက်တော့ ကိုညီ့သရက်ပင်က သေသွားတယ်။ ကျုပ်သရက်ပင်က ခုထိ အပင်ကြီးဖြစ်လာပြီး အသီးတွေသီးတယ်။ သုံးလုံးတစ်တောင်ပင်ဗျ။ သရက်သီးဆားစိမ်လုပ်လို့ ကောင်းတယ်။ ဒီနှစ် ကိုညီတို့ သရက်သီးခူးတော့ ကျုပ်တို့ကို သရက်သီး အလုံး ၃ဝလောက်ပေးတယ်။ ကျုပ်မိန်းမမိကြွေ သိပ်သဘောကျတာပဲ။ ဒါနဲ့ အဲဒီသရက်ပင်က ငါစားပြီး ကျန်တဲ့အစေ့ ငါစိုက်ထားတာလို့ ပြောမိတယ်။ အဲဒါနဲ့ မိကြွေက ကိုချစ်အောင်စိုက်တဲ့ ကိုချစ်အောင် သရက်ပင်ဆိုတာ သေချာလားလို့မေးတယ်။ သိပ်သေချာတာပေါ့လို့ ပြောလိုက်တယ်။ အဲဒါကို ကျုပ်တို့ခြံမြေထဲမှာ ကျုပ်စိုက်တဲ့ သရက်ပင်ကို ကိုညီတို့က မတရားယူထားတာ ကျုပ်က ကိုညီကို ချစ်ခင်လေးစားတော့ ငယ်ကြောက် ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ သူကတော့ မကြောက်ဘူး။ ကျုပ်မရှိတုန်း ခြံပြန်ကာမယ်ဆိုပြီး သရက်ပင်ကို ကျုပ်တို့ဘက်ပါအောင် ခြံဝင်းအသစ်ကာတာဗျ’’
ရှင်းသွားပါပြီ။ လူကြီးတွေကလည်း ခေါင်းတညိတ်ညိတ် ဖြစ်နေကြပါပြီ။
‘‘အခုပြန်ကာရင် မင်းမိန်းမ စိတ်မကောင်းဖြစ်မှာပေါ့ကွာ။ မထူးပါဘူးကွာ။ ဒီအတိုင်းပဲထားလိုက်ပါ။ မင်းစိုက်တဲ့ သရက်ပင်လေး မင်းတို့ဘက် ရောက်သွားရင် ကောင်းတာပေါ့...’’
ကျုပ်က စိတ်ထားအမှန်အတိုင်း ပြောတာပါ။ ဒါပေမဲ့ ချစ်အောင် ဒေါသကြီးသွားလိုက်တာ။
‘‘အဲဒီလို လုပ်လို့မရဘူးဗျ။ ကျုပ်က မဟုတ်တဲ့လူ ဖြစ်သွားမှာပေါ့ဗျာ။ အစက ခြံစည်းရိုးကျောက်ငုတ်ပဲရှိတယ်။ ကျုပ်တို့ငယ်ငယ်က ကုက္ကိုပင်ကြီး လေပြင်းတိုက်လို့ လဲတော့ ပင်စည်ပိပြီးကျိုးသွားတာ။ ကိုညီရောကျုပ်ရော အမှန်ကို သိလျက်သားနဲ့ ဘာလို့ အမှားလုပ်ရမှာလဲဗျ။ အဲဒီလိုလုပ်ရင် ကိုညီ လူကြီးဖြစ်ပြီး မမှန်တာ မတရားတာလုပ်တာပဲ ဖြစ်မှာပေါ့ဗျ’’
‘‘ဟား...ဟား...ချစ်အောင်ရာ မင်းစွပ်စွဲချက်က ကြီးကျယ်လိုက်တာ။ ငါက မိကြွေ..သူရချင်တဲ့သရက်ပင်လေး ရသွားရင် ကျေနပ်အောင်လို့ ပြောတာပါ။
‘‘မိကြွေက မသိလို့ပြောတာပဲ။ အခုတော့အမှားကို သူသိသွားပါပြီ။ ကျောက်ငုတ်ကျိုးသွားတဲ့ နေရာကို ကျုပ်က မှတ်မိတယ်ဗျာ။ ဒါနဲ့ ပေါက်ပြားနဲ့ တူးလိုက်တော့ ကျောက်ငုတ်အကျိုး ကျန်တာတွေ့တယ်။ မိကြွေလည်း အခုပါတယ်ဗျ။ မိကြွေလာလေ အထဲဝင်ခဲ့’’
မိကြွေ ရုံးထဲကိုဝင်လာပါတယ်။ လူကြီးအားလုံး မိကြွေမျက်နှာ လှမ်းကြည့်တယ်။ ဟိုနေ့က မျက်နှာမျိုး မဟုတ်တော့ပါဘူး။ ခေါင်းလေးငုံ့လို့။
‘‘မိကြွေ ပြောလိုက်လေ။ လူကြီးတွေကို တောင်းပန်လိုက်လေ’’
ချစ်အောင်က သူ့မိန်းမကို ခပ်မာမာ ပြောတယ်။ မိကြွေက ကျုပ်ကို လှမ်းကြည့်တယ်။
‘‘သြော်-နေပါစေ။ တောင်းပန်စရာမလိုပါဘူး။ မသလို့ဖြစ်တာပဲ။ ကျေနပ်ပါတယ်’’
‘‘ဟုတ်ပါတယ်။ မိကြွေမသိလို့ ပြောမိတာ တောင်းပန်ပါတယ်’’
မိကြွေက မနေပါဘူး တောင်းပန်ပါတယ်။
‘‘ကဲကဲ..ဒါဖြင့်လည်း ခြံစည်းရိုးကို အမှန်အတိုင်း ပြန်ကာလိုက်ပေါ့ကွာ’’
ရာအိမ်မှူး ဦးဘအောင်က ချစ်အောင်ကို ပြောတယ်။
‘‘ကာပြီးပြီဗျ..ကျောက်ငုတ်အတိုင်း ခြံစည်းရိုးအသစ် ကျုပ်တို့လင်မယား ပြန်ကာပြီးမှ ရုံးကို လာတာဗျ’’
လူကြီးများဆီက ရယ်သံထွက်လာပါတယ်။
ချစ်အောင်ကို ကျုပ်လှမ်းကြည့်လိုက်မိတယ်။ ချစ်အောင်မိန်းမရပြီးမှ ပြောင်းသွားပြီလားလို့ စိတ်ထဲကထင်မိတာ။ စိတ်ထဲမှာတင်ပဲ တောင်းပန်လိုက်ပါတယ်။ ချစ်အောင်ရဲ့ ရိုးဖြောင့်မှုကိုပိုပြီးတော့လည်း လေးစားစိတ်ဖြစ်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၉)
No comments:
Post a Comment