နေဝင်းလွင် (မွေး/ကု)
ယနေ့ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်သည့် တောင်သူလယ်သမားများမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်သည်။ ကျေးလက်ဒေသ လူမှုစီးပွားရေးဘဝ ရပ်တည်မှုအထောက်အကူပြုစေရေးနှင့် တစ်နိုင်မွေးမြူရေးလုပ်ငန်းများအကြောင်းကို လူမှုဘဝလေ့လာသူတစ်ဦးက မေးမြန်းထားရှိမှုအား မွေးမြူရေးပညာရှင် ဒေါက်တာနေဝင်း (နေဝင်းလွင် မွေး/ကု) က ပြန်လည်ဆွေးနွေးဖြေကြားမှုများနှင့်ပတ်သက်၍ လေ့လာသိရှိနိုင်ကြစေရန် ဖော်ပြအပ်ပါသည်။
မေး- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ လယ်သမားတွေ၊ မြေယာမဲ့ မွေးမြူသူတွေရဲ့ လူမှုစီးပွားရေး ရပ်တည်နိုင်မှုနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ- ကမ္ဘာ့မြေပြင်ပေါ်ရှိ နေရာတော်တော်များများကို ကျေးလက်ဒေသတစ်နိုင်မွေးမြူရေးလုပ်ငန်းက လွှမ်းမိုးထားပြီး လူဦးရေသန်းပေါင်း ၂၆ဝဝ ဟာ မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး နေထိုင်နေကြရပါတယ်။
မေး- ကျေးလက်ဒေသနေ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားရေးအပေါ် တစ်နိုင်မွေးမြူရေးလုပ်ငန်းရဲ့ အထောက်အကူပြုမှုတွေက ဘာတွေဖြစ်မလဲဆရာ။
ဖြေ- ကျေးလက်ဒေသ တစ်နိုင်မွေးမြူရေးလုပ်ငန်းကနေပြီး အသား၊ နို့၊ ဥ စတဲ့ စားနပ်ရိက္ခာတွေ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်ယက်မှုတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ မြေဆီလွှာရဲ့ မြေသြဇာထိန်းသိမ်းမှုတွေ၊ မြေသြဇာရရှိမှုတွေ၊ ရာသီအလိုက်အလုပ်အကိုင်ရရှိမှုတွေကို ဖန်တီးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အသားတင်ထုတ်မှု ၃၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးရဲ့ အသားကဏ္ဍထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
မေး- တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဆင်းရဲတဲ့လယ်သမားအများစုနေထိုင်ရာ နေရာဒေသ
တွေဟာ ဘယ်နေရာတွေလဲဆရာ။
ဖြေ- တစ်နိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လယ်သမားအများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး
နေထိုင်ကြပြီး ခန့်မှန်းခြေအားဖြင့် လူဦးရေပမာဏသန်းပေါင်း ၁၃ဝဝ ခန့်ရှိပါတယ်။
မေး- တစ်နိုင်မွေးမြူရေးလယ်သမားတွေရဲ့ လူမှုပတ်ဝန်းကျင်ကို ထူးခြားတဲ့အကျိုးပြုမှုတွေရှိပါသလား။
ဖြေ- စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်ကျရောက်လို့ပဲဖြစ်ဖြစ် စိုက်ပျိုးရေးသီးနှံပင်တွေ ပျက်စီးဆုံးရှုံးတဲ့အခါမှာ မွေးမြူရေးလုပ်ငန်းတွေနဲ့ အစားထိုးလုပ်ကိုင်ပေးကြောင်း တွေ့ရပါတယ်။
မေး- တစ်နိုင်မွေးမြူသူ လယ်သမားတွေရဲ့ မွေးမြူရေးနဲ့ပတ်သက်တဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့အချက်တွေက ဘာတွေလဲဆရာ။
ဖြေ- တစ်နိုင်မွေးမြူရေးလုပ်ငန်းရဲ့ ထွက်ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ တိရစ္ဆာန်အညစ်အကြေးတွေဟာမြေဆီလွှာရဲ့ တည်ဆောက်မှုကို အထောက်အကူပြုတာတို့ မြေဆီလွှာထဲမှာရှိတဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးတာတို့၊ မြေဆီလွှာရဲ့ မြေသြဇာဓာတ်ကို တိုးမြှင့်ပေးတာတို့ကို ပြုလုပ်ပေးပါတယ်။ ဒါကြောင့် တစ်နိုင်မွေးမြူရေးတိရစ္ဆာန်တွေကို လမ်းလျှောက်နေတဲ့သီးနှံပင်တွေလို့ တင်စားခေါ်ဝေါ်ကြပြီး တစ်နိုင်မွေးမြူရေးလုပ်ငန်းရဲ့တိရစ္ဆာန်ကောင်ရေပမာဏဟာ ကမ္ဘာပေါ်မှာ မွေးမြူထားကြတဲ့ အိမ်မွေးတိရစ္ဆာန်ကောင်ရေပမာဏရဲ့ သုံးပုံနှစ်ပုံရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
ဓာတ်ပုံ - အင်တာနက်
မေး- ကျေးလက်ဒေသ တစ်နိုင်မွေးမြူရေးလုပ်ငန်းဟာ ဆင်းရဲသူလယ်သမားတွေရဲ့ လူမှုဘဝရပ်တည်မှုအတွက် လူဦးရေပမာဏ ဘယ်လောက်ကိုအထောက်အကူပြုထားပါသလဲ။
ဖြေ- တစ်နိုင်မွေးမြူရေးလုပ်ငန်းက အထောက်အကူပေးထားတဲ့ ဆင်းရဲသားလယ်သမားပေါင်း သန်း ၆ဝဝ ခန့် ရှိပြီး အများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကဖြစ်ပါတယ်။
မေး- ဖွံ့ဖြိုးဆဲနိုင်ငံတွေက တစ်နိုင်မွေးမြူသူလယ်သမားတွေက ထုတ်လုပ်လိုက်တဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေရဲ့ပမာဏဟာ ဘယ်လောက်ရှိပါသလဲဆရာ။
ဖြေ- ဖွံ့ဖြိုးဆဲနိုင်ငံတွေက တစ်နိုင်မွေးမြူသူ လယ်သမားတွေရဲ့ထုတ်လုပ်မှုဖြစ်တဲ့ အမဲသားထုတ်လုပ်မှုမှာ
တစ်ကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ၅ဝ ရာခိုင်နှုန်းရှိပြီး နွားနို့ကတော့ တစ်ကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ၄၁ ရာခိုင်နှုန်းနဲ့ကြက်သားထုတ်လုပ်မှုကတော့ ၅၃ ရာခိုင်နှုန်း ရှိတာကိုတွေ့ရမှာပါ။
မေး- တစ်နိုင်မွေးမြူရေးလယ်သမားတွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေရှိရင် သိပါရစေ။
ဖြေ- တစ်နိုင်မွေးမြူသူလယ်သမားတွေ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကတော့ တန်ဖိုးမြင့်စျေးကွက်ဝင် ထုတ်ကုန်ပစ္စည်းတွေအတွက် သန့်ရှင်းမှုရှိတဲ့ ထုတ်ကုန်တွေ ပို့ဖို့လိုအပ်လာပြီး အရည်အသွေးကောင်းမွန်တဲ့၊ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရရှိအောင် ကြိုးပမ်းအားထုတ်နေရခြင်းပဲ ဖြစ်ပါတယ်။
မေး- တစ်နိုင်မွေးမြူရေးလယ်သမားတွေရဲ့ မွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဘယ်လိုမူဝါဒတွေချမှတ်ပြီး ဘယ်လိုလူမှုအဖွဲ့အစည်းတွေ ပိုမိုတည်ဆောက်ဖို့လိုပါမလဲဆရာ။
ဖြေ- ကျေးလက်ဒေသ တစ်နိုင်မွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ဖို့အတွက် စျေးကွက်ဖွံ့ဖြိုးမှုတွေ ပိုလုပ်ပေးဖို့ မွေးမြူရေးဆိုင်ရာ ချေးငွေတွေထုတ်ချေးပေးဖို့၊ တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ ဝန်ဆောင်မှုတွေ တိုးမြှင့်ပေးဖို့၊ အရည်အသွေးဆိုင်ရာစွမ်းအားတွေကို တိုးမြှင့်ပေးဖို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ပုံရိပ်တွေကို တိုက်ဖျက်ပြီး ကောင်းတဲ့ပုံရိပ်တွေကို တိုးမြှင့်ဖြစ်ပေါ်စေဖို့ ဆောင်ရွက်ပေးရပါမယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)
No comments:
Post a Comment