June 21, 2020

ပြည်တွင်းမွေးမြူရေးထုတ်ကုန်တစ်ခုဖြစ်သည့် နွားနို့လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံခြင်း

အောင်ရဲကျော်(အညာမြေ) 

        မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူ မိဘပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်းနှင့် စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ပေးနေသည့် ​​ပြည်တွင်းမွေးမြူရေးထုတ်ကုန် အဖြစ် ဆောင်ရွက်နေသည့် ငွေစင်ပုလဲအမှတ်တံဆိပ်ဖြင့် နွားနို့စစ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင် ဦးတင်ဝင်းနှင့် သွားရောက်တွေ့ဆုံပြီး နွားနို့ထုတ်မှုနှင့်ပတ်သက်၍ သိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။

မေး။ မင်္ဂလာပါဆရာ၊ ဆရာတို့ ငွေစင်ပုလဲနွားနို့ အမှတ်တံဆိပ်ကို ဘယ်အချိန်က စတင်ဆောင်ရွက်ခဲ့ပါသလဲ။ စတင်ဆောင်ရွက်ခဲ့ရသည့် ရည်ရွယ်ချက်ကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်တော်ကတော့ မိမိဝါသနာပါရာ လုပ်ငန်းတစ်ခုနဲ့ ပြည်သူကို လုပ်ကျွေးပြုစုဖို့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးပြီး အောင်အောင်မြင်မြင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ အဓိကထားပြီး ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ ငွေစင်ပုလဲကုန်အမှတ်တံဆိပ်နဲ့ ၁၉၉၁ ခုနှစ်ကတည်းကစပြီး ဆောင်ရွက်တာ အနှစ် ၂၀ နီးပါးခန့်ရှိပါပြီ။ စပြီး ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံလေးကို အနည်းငယ် ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

ကျွန်တော် နွားနို့စတင်ထုတ်လုပ်တုန်းက စက်မှု-၁ မှာ တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီ စက်မှု-၁မှာပဲ စမ်းပြီး ရောင်းတယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာစတဲ့ မြို့တွေမှာလည်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရောင်းတယ်။ အတော်လေး ကြိုးပမ်းခဲ့ရပါတယ်။ နောက်တော့ သံစျေးမှာရောင်းတော့ အတော်အဆင်ပြေလာတယ်၊ အဲဒီလို အဆင်ပြေလာတဲ့အခါမှာ အပြိုင်အဆိုင်တွေ ပေါ်လာတယ်။ ဒါနဲ့ ကျွန်တော်တို့က နာမည်တစ်ခုနဲ့ စျေးကွက်မှာ နေရာရအောင် ဆရာကြီး မင်းသိင်္ခဆီမှာ ဗေဒင်သွားမေးပြီး အမှတ်တံဆိပ်နာမည် ရွေးချယ်ခဲ့ပါတယ်။ ဆရာကြီးက “ငွေစင်ပုလဲ”ဟု ကင်ပွန်းတပ်ပေးပါတယ်။ ကျွန်တော် ဒီနာမည်ကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေစင်ပုလဲဆိုတာ ဖြူစင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရယ်၊ နွားနို့ဆိုတာဟာလည်း အဖြူရောင်ဖြစ်နေလို့ပါ။ နောက်ပြီး ကျွန်တော်တို့ကလည်း စိတ်နှလုံးဖြူဖြူစင်စင်နဲ့ နွားနို့စစ်စစ်တွေကို ဒီကနေ့အချိန်ထိ ရောင်းချပေးခဲ့တဲ့အတွက် အခုလို အောင်မြင်မှုရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ကတော့ စားသုံးသူ ပြည်သူတွေကို အာဟာရပြည့်ဝတဲ့ နွားနို့စစ်စစ် သောက်သုံးနိုင်အောင် အစဉ်အမြဲ ကြိုးစားဆောင် ရွက်သွားမယ်။ ဒါ့အပြင် မိမိနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ နို့စားနွားမွေးမြူသူ ခြံပိုင်ရှင်တွေရဲ့ မိသားစုများ အပိုဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေ အောင်၊ ဒါ့အပြင် စားသုံးသူပြည်သူ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းနဲ့ ကျွန်တော်တို့ သုံးဦးသုံးဖလှယ် အားလုံး ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ ပန်းတိုင်ကို အဓိကထားပြီး ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

မေး။ နွားနို့ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်နဲ့ နည်းစနစ်များကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့။ နွားနို့ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကတော့ အစပထမဦးဆုံးမှာ ကျွန်တော် အညာကနေဝယ်လာတဲ့ နွားမကြီးရှစ်တွဲဝယ်ပြီး စတင်လုပ်ပါတယ်။ ပိဿာအားဖြင့် ၄၀ လောက်ရပါတယ်။ အဲဒီအချိန်တုန်းက တစ်ပိဿာမှ ငွေကျပ် ၁၀၀ လောက် ရပါတယ်။ ကျွန်တော်ရဲ့ နွားနို့ကို အနီးတစ်ဝိုက်မှာ လူကြိုက်များလာတယ်။ အဲဒါနဲ့ ကျွန်တော် ပုံမှန်ရရှိနေတဲ့ ပိဿာ ၄၀ နဲ့ မလုံလောက်တော့ အနီးအနားမှာရှိတဲ့ နွားခြံတွေမှ နွားနို့ကောက်ရပါတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့ ကြိုးပမ်းခဲ့ရပါတယ်။ နောက်ပိုင်း နွားနို့က စျေးကွက်ရလာတော့ ခေတ်မီနည်းစနစ်တွေနဲ့လုပ်မှရတော့မယ်၊ နွားမွေးမြူရေးခြံတွေကိုလည်း တိုးချဲ့မွေးမြူနိုင်အောင် လုပ်ရမယ်ဆိုတဲ့ အသိရလာတယ်။ ဒါနဲ့ ကျွန်တော် တတ်ကျွမ်းတဲ့ မွေးမြူရေးပညာရှင်တွေနဲ့ နို့စားနွားမွေးမြူရေးခြံတွေ တိုးချဲ့ဖို့၊ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေပေးဖို့  တိုင်ပင်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပါတယ်။ နောက်ပြီး နွားနို့ကို အရည်အသွေးကောင်းကောင်းနဲ့ စားသုံးသူပြည်သူတွေအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ဖို့ တတ်သိပညာရှင်တွေနဲ့ ဆွေးနွေးတယ်။ နောက်ပိုင်း ယိုးဒယားနိုင်ငံမှထုတ်လုပ်တဲ့ ခေတ်မီစက်ပစ္စည်းတွေ မှာယူပြီး ဒီ မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်လမ်းမှာရှိတဲ့ ခြံတစ်ခြံမှာ စက်ရုံ တည်ထောင်ခဲ့ပါတယ်။ နွားနို့ကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်နိုင်တဲ့စနစ်တွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေခန့်အပ်ပြီး စတင်ခဲ့ပါတယ်။


ဓာတ်ပုံ - ngwezinpale

မေး။ နွားနို့အပြင် တခြားပူးတွဲထုတ်လုပ်တဲ့ ပစ္စည်းများလည်း ထုတ်လုပ်တယ်လို့ သိရပါတယ်။ အမျိုးအစား ဘယ်နှမျိုးလောက် စျေးကွက်ကို ရောက်ရှိနေပြီလဲ။ မြန်မာနိုင်ငံအပြင် တခြားပြည်ပနိုင်ငံများကိုလည်း တင်ပို့နိုင်ခြင်း ရှိ/ မရှိကိုလည်း သိပါရစေ။

ဖြေ။ ဟုတ်ကဲ့ပါ။ နွားနို့အပြင် နွားနို့ယို၊ နွားနို့ခဲ၊ ဒိန်ချဉ်၊ နွားနို့ဒိန်ချဉ်၊ ကျိုချက်ပြီးနွားနို့ (ဘူး၊ အထုပ်၊ ဒိန်ချဉ်ဖျော်ရည်) စတာတွေ ထုတ်လုပ်ပါတယ်။ နည်းစနစ်ကတော့ ဒိန်းမတ်နိုင်ငံက ထုတ်တဲ့နည်းစနစ်ကို အခြေခံပြီး ဆောင်ရွက်ပါတယ်။ ငွေစင်ပုလဲမှထုတ်လုပ်တဲ့ ပစ္စည်းတွေကိုတော့ မြန်မာပြည်တွင်းရှိ မြို့နယ်အချို့မှာ ဝယ်ယူနိုင်သလို ရန်ကုန်မြို့မှာဆိုရင်တော့ အဓိက City Mart, Ocean ဆိုင်ခွဲများ၊ Sein Gay Har ဆိုင်များ၊ Capital ဆိုင်ခွဲများမှာ အများဆုံးဝယ်ယူစားသုံးနိုင်ပါတယ်။ နယ်မြို့တွေဖြစ်တဲ့ နေပြည်တော်၊ မော်လမြိုင်၊ ပုသိမ်ရှိ Ocean Centres များမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် ငွေစင်ပုလဲနှင့်ပတ်သက်၍ သိရှိလိုသော အချက်များကို ငွေစင်ပုလဲ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားပါတယ်။ စားသုံးသူပြည်သူများအနေဖြင့်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

မေး။ ဆရာတို့အနေနဲ့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ကုန်ကြမ်းရရှိမှု၊ နည်းပညာအကူအညီ စတာတွေနဲ့ပတ်သက်ပြီး ဗဟုသုတအဖြစ် ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမဲ့ မိမိလုပ်ငန်း အောင်မြင်တိုးတက်ဖို့အတွက် ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ ပန်းတိုင်ရောက်အောင်တော့ လူတိုင်းကြိုးစားကြရမှာပါ။ စိန်ခေါ်မှုတွေလည်း အများကြီးပါ။ ဒီစိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့က မိမိတို့ အရည်အချင်းများအပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ဖန်တီးမှုက အရေးကြီးပါတယ်။ ကုန်ကြမ်းရရှိမှုအနေနဲ့ကတော့ ယခင်ကတော့ အရမ်းခက်တယ်။ အခုတော့ ကျွန်တော် တို့က မွေးမြူရေးခြံတွေနဲ့ ချိတ်ဆက်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဆောင်ရွက်တဲ့နည်းနဲ့ ဆောင်ရွက်ပါတယ်။ ဒီအနီးအနားမှာဆိုလျှင် မွေးမြူရေးခြံပေါင်း ၇၀ ကျော် ၈၀ လောက်ရှိပါတယ်။ အဲဒီခြံတွေကနေ နွားနို့ပိဿာချိန် ၂၀၀၀ ကျော်လောက် ထွက်ရှိပါတယ်။ အဲဒီထွက်ရှိတဲ့ နွားနို့ကို ကျွန်တော်တို့က နည်းစနစ်ခြောက်ဆင့်နဲ့ သန့်စင်ပြီး နွားနို့စစ်စစ်ရရှိအောင် ဆောင်ရွက်ရပါတယ်။ မွေးမြူရေးခြံတွေကိုလည်း နေ့စဉ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်များနဲ့ ပြုစုစောင့်ရှောက်ပေးရပါတယ်။ ကျွန်တော်တို့ ငွေစင်ပုလဲမှာလည်း ကျွမ်းကျင်ပညာရှင်များကိုခေါပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းကင်းနဲ့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါတယ်။

မေး။ အခုတလော ဖြစ်ပျက်နေတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲများကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာတော့ ရောင်းအားအနည်းငယ် အခက်အခဲဖြစ်ပါတယ်။ ဆိုင်တွေလည်း ပိတ်ထားတယ်ဆိုတော့ ရောင်းအားကျဆင်းသွားပါတယ်။ တစ်ကမ္ဘာလုံးဖြစ်တဲ့ ရောဂါကြီးဆိုတော့ ပိုပြီး ထိခိုက်နစ်နာမှုတွေ ရှိတာပေါ့။ ကျွန်တော်တို့လည်း နွားနို့ထုတ်လုပ်မှု လျှော့ချရတာတွေ ရောင်းအားကျဆင်းမှုတွေ ယခုတလော ကြုံတွေ့နေရပါတယ်။

မေး။ ဆရာ့အနေနဲ့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ရတယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။ ဒါ့အပြင် ဆရာတို့နဲ့ ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စားသုံးသူပြည်သူများကို အကြံပြုစကားများရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့ပါ၊ တချို့ နွားနို့ဝယ်ယူစားသုံးတဲ့ ပြည်သူများအနေနဲ့ နွားနို့ကို ဘယ်လိုထိန်းသိမ်းရမည်ဆိုတာကို မသိကြဘူး၊ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မကြာခဏဆိုသလို ရှင်းပြပေးလျက်ရှိပါတယ်။ နွားနို့ဆိုတာ သတ်မှတ်ထားတဲ့ အပူချိန်အတွင်းမှာသာ ထိန်းသိမ်းလို့ရပါတယ်။ တချို့ ဆိုင်တွေမှာ ထိန်းသိမ်းထားသိုမှုနည်းစနစ် မမှန်ကန်တဲ့အတွက် နွားနို့ပျက်တာတွေကို ဖြေရှင်းခဲ့ရပါတယ်။ နွားနို့ဟာ သတ်မှတ်ထားတဲ့ရက်နဲ့ သတ်မှတ်ထားတဲ့ အပူချိန်ကို ရရှိအောင် ထိန်းသိမ်းထားနိုင်မှသာလျှင် အရည်အသွေးကောင်းတဲ့ နွားနို့ဖြစ်မှာပါ။ ဒါ့ကြောင့် စားသုံးသူပြည်သူများ၊ အရောင်းကိုယ်စားလှယ်များကို အထူးမေတ္တာရပ်ခံလိုသည်မှာ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ သတ်မှတ်သည့်ရက်အတိုင်း စနစ်တကျ ထိန်းသိမ်းပေးနိုင်မည်ဆိုလျှင်  မိမိတို့ ငွေစင်ပုလဲနွားနို့သည် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ပါကြောင်း အကြံပြုလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)

No comments:

Popular Posts