June 21, 2020

စားသုံးကုန်သီးနှံများနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန် လိုက်နာစရာများ

ကိုရဲ (စိုက်ပျိုးရေး)

        ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံတို့သည် ရေဓာတ်ပါဝင်မှုများပြားသဖြင့် ပျက်စီးလွယ်သည်။ ကြာရှည်အထားမခံကြ။ အခြားသောသီးနှံများထက်ပို၍ ပျက်စီးဆုံးရှုံးနိုင်သဖြင့် စိုက်ပျိုးသူများ၊ ရောင်းချသူများသည် ပျက်စီးနိုင်သောကာလ၊ ခူးဆွတ်ချိန်နှင့် စားသုံးသူလက်ဝယ် ရောက်ရှိချိန်၊ ဤနှစ်ခုကြားကာလ ဖြတ်ကျော်ရမည့် လုပ်ငန်းအဆင့်ဆင့်တွင် ဂရုစိုက်ကြိုတင်ကာကွယ်ကြရသည်။  အနံ့အရသာ၊ အာဟာရပါဝင်မှုတန်ဖိုး၊ ဘေးအန္တရာယ်ကင်းရှင်းမှုများ ထိန်းသိမ်းပေးကြရသည်။ ပြည်ပပို့ကုန်ဖြစ်နေသော သီးနှံအုပ်စုဖြစ်သဖြင့် စံချိန်မီအရည်အသွေးပြည့် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများ ထုတ်လုပ်ရန် လိုအပ်နေပြီ ဖြစ်သည်။

        လေလွင့်ပျက်စီးဆုံးရှုံးမှုနည်းရန် ခူးဆွတ်ချိန်၊ ခူးဆွတ်သည့်နည်းစနစ်၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်မှုစျေးကွက်ဖြန့်ဖြူးမှု စသည့် လုပ်ငန်းအဆင့်တိုင်းသည် လစ်ဟာမှုဖြစ်နိုင်သဖြင့် လုပ်ငန်းရပ်တစ်ခုစီအလိုက် သိသင့်သည်များ သိထားသင့်သည်။

        ရင့်မှည့်ချိန်မတိုင်မီ ခူးဆွတ်မှု၊ ခူးဆွတ်ချိန် ပေါက်ပြဲထိခိုက်ဒဏ်ရာရမှု၊ ခူးဆွတ်သည့် နည်းစနစ် မမှန်ကန်မှုကြောင့် ပုပ်သိုးပျက်စီးသွားခြင်း၊ ကြာရှည်အထားမခံခြင်းတို့ကို မက်မန်းသီး၊ မက်မုံသီး၊ ဂေါ်ဖီထုပ်၊ ခါကျက်ဥ၊ ဆလတ်ရွက်၊ ဘရိုကိုလီ၊ ပန်းပွင့်၊ ရုံးပတီ၊ ငရုတ်၊ သခွားမွှေးတို့တွင် ပို၍ သိသာလွယ်သည်။ ငှက်ပျောခိုင်တွင် ထိခိုက်ဒဏ်ရာရလျှင် မှည့်ပျောက်စွန်းရောဂါရလွယ်သည်။ စပျစ်သီးတွင် ထားသိုမှုစနစ် မမှန်လျှင် မှိုရောဂါဖြစ်လာနိုင်သည်။ ပန်းသီး၊ သရက်သီး၊ ခရမ်းချဉ်တို့သည် သယ်ယူပို့ဆောင်မှုတွင် အဓိကပျက်စီးနိုင်သည်။ အာလူးနှင့် ကြက်သွန်နီသည် ထားသိုမှု မမှန်လျှင် ဥနှင့် အညှောင့်ပေါက် ပျက်စီးသည်။ 


ဓာတ်ပုံ - phnompenhpost.com


        သခွားမွှေးသည် မမှည့်မီခူးမှု၊ ငှက်ပျောသည် အပူချိန်နိမ့်ပါက ၁၃ ဒီဂရီစင်တီဂရိတ်အောက်  မှိုရောဂါဝင်နိုင်သည်။ စပျစ်သီးများ အညှာကြွေ၊ မှိုရောဂါကျသည်။ သရက်သီးများ အသီးခွံပေါ် အစေးလောင်သည်။ အသီးအခွံရောင် မညီမညာဖြစ်သည့် ပုံစံတွေ့ရသည်။ မှည့်ပြောက်စွန်းရောဂါကျသည်။ ရှောက်၊ သံပရာ၊ ကျွဲကောသည် အသီးများ ​ရေဓာတ်ဆုံးရှုံး၍ အသီးထိပ်ပုပ်သည်။ 

        ဥစားသီးနှံများဖြစ်သည့် ဟင်းသီးဟင်းရွက်များသည် အူခေါင်းမကျစ်ဘဲ ပွမှု၊ ရေဓာတ်ဆုံးရှုံး၍ အသီးအရွယ်ကျမှု၊ အညှောင့်ထွက်လာမှုတို့ ဖြစ်ပွားသည်။ အရွက်စားဟင်းသီးဟင်းရွက် အများစုသည် ရေဓာတ်ဆုံးရှုံးသဖြင့် ပိုးထိုးမှု၊ မြန်မြန်ရိပုပ်မှုဖြစ်လာသည်။ အသီးစား ဟင်းသီးဟင်းရွက်များသည် အရင့်လွန်မှုများလာပြီး အရည်အသွေးကျသည်။ 

        ခူးဆွတ်ချိန်မှန်လျှင် သီးနှံအရည်အသွေးကောင်းသည်။ သခွားမွှေးသည် ရနံ့မွှေးလာသောအခါ အသီး၏ အညှာရင်းမှ လိမ်ချိုးလျှင် လွယ်လွယ်ကူကူနှင့် ခူးနိုင်သည်။ ဖရဲသီးသည် အသီး၏ ဝမ်းဗိုက်ပိုင်းအစိမ်းရောင်မှ အဝါရောင်ပြောင်းချိန် လက်ဖြင့်ပုတ်ကြည့်ပါက ဝမ်းခေါင်းသံထွက်လာသည်။ ငှက်ပျောပင်သည် အသီးလုံးဇောင်းလုံးချိန် ခူးကြသည်။ သရက်သီးကိုလည်း ပခုံးသားတက်ချိန်၊ ဇောင်းလုံးချိန်ခူးပြီး သရက်သီးရေတွင်နှစ်ကြည့်က ရေထဲနစ်မြုပ်သွားချိန် ခူးဆွတ်သင့်ပြီဟု သိကြရသည်။ စပျစ်သီးသည် အချိုဓာတ် ၁၁ မှ ၁၂ ဒီဂရီ၊ BRIX ရောက်ရှိချိန် ခူးရသည်။ သင်္ဘောသီးသည် အရွယ်အစားရှိသင့်သလောက် ရှိလာပြီး အသီးထိပ် အဝါရောင် စတင် ဖြစ်ပေါ်ပြောင်းလဲချိန် ခူးရသည်။ ခရမ်းချဉ်သီးသည် သီးခွံအစိမ်းရောင်မှ ပန်းရောင်စတင်ပြောင်းလဲချိန် ခူးသင့်ချိန် ဖြစ်သည်။ ဂေါ်ဖီထုပ်ကို အထုပ်ပြည့်ချိန်၊ ထိပ်မကွဲမီ ခူးဆွတ်ကြရသည်။ ဆလတ် နှင့် နံနံပင်များကို ရိုးတံအူတိုင်မပွမီ ခူးမှ စံမီသည်။ 

        ခူးဆွတ်ပြီးနောက် သယ်ပို့ရာတွင်လည်း အခွံပျော့သော သစ်သီးများကို ပလတ်စတစ်အပျော့စဖြင့် ပြုလုပ်ထားသော အိတ်များ၊ အခွံမာသီးများကို ဝါး၊ သစ်၊ ပလတ်စတစ်ခြင်းမာများ၊ သခွားမွှေး၊ စပျစ်၊ သရက်၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီတို့ကို စက္ကူကတ်ထူပုံးများဖြင့် သယ်ပို့မှ ထိခိုက်မှုနည်းပြီး စျေးကွက်တွင် ရောင်းပန်းလှသည်။ လေလွင့်မှုနည်းသည်။

        အဓိကအများဆုံး ပျက်စီးကြသည်မှာ အပင်မြင့်သစ်သီးများကို တံချူ၊ အိတ်၊ ပိုက်တို့ဖြင့် မခူးဘဲ အပင်မှခါချ၊ ချွေချမှုကြောင့် ဒဏ်ရာဖြစ်၍ မြန်မြန်ပျက်စီးခြင်း၊ တစ်ခြမ်းပုပ်ခြင်း ဖြစ်ကြရသည်။ သစ်သီးများကို ခူးရာတွင် အညှာထိပ်မှ ခြွေခြင်းထက် အညှာပါရှိအောင် ကိုင်းဖြတ်ကတ်ကြေးဖြင့် ဖြတ်ခူးခြင်း၊ အစေးထွက်အသီးများကို ခူးဆွတ်ပြီး အညှာပိုင်း ဇောက်ထိုးထား၍ နေရိပ်ရှိရာတွင် ထားရှိခြင်းဖြင့် အစေးလောင်မှု မရှိနိုင်ပေ။

        ခူးဆွတ်ပြီး ထုပ်ပိုး၊ သယ်ယူပို့ဆောင်မှုမလုပ်မီ အရည်အသွေးစစ်ဆေးမှု၊ အရွယ်အစား၊ အတန်းအစား ခွဲခြားမှု၊ ဆေးကြောသန့်စင်မှုပြုလုပ်မှ မှိုနှင့် ဘက်တီးရီးယားကြောင့် ပုပ်သိုးပျက်စီးမှု နည်းပါးသည်။ သစ်သီးများသည် အီသလင်းဓာတ်ငွေ့များများထွက်လျှင် မှည့်လွယ်သည်။ ကြာကြာအထားမခံ။ ထုံးဖျော်ရည်ကြဲ ပက်ဖျန်းပေးကြရသည်။ ဥစားသီးနှံများတွင် တမာစေ့ကြိတ်ဖတ် ထည့်၍ သိုလှောင်လျှင် ပိုးထိုးမှုသက်သာသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)

No comments:

Popular Posts