June 21, 2020

စားသုံးသူကာကွယ်ရေးဥပဒေ ကုန်အညွှန်းနှင့် ကင်ဆာ

ဒေါက်တာလွင်သန့် 

        စားသုံးသူကာကွယ်ရေးဥပဒေဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့မှာ အသက်ဝင်နေပြီဖြစ်ရာ ကုန်စည်များ ကုန်အညွှန်းဖော်ပြရာမှာ သတ်မှတ်ချက် ရှစ်ချက်နဲ့ ကိုက်ညီမှုမရှိပါက ဘယ်သူမဆို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားနိုင်ပြီလို့ စားသုံးသူရေးရာဦးစီးဌာနဗဟိုမှ လက်ထောက်ညွှန်ကြားရေးမှူးက မတ် ၁၃ ရက်နေ့တွင် မုံရွာမြို့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

        ကုန်ညွှန်းအမှတ်အသား (Labelling) ဖော်ပြရာမှာ ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နဲ့ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ထုတ်လုပ်တဲ့ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်တဲ့ အမှတ်စဉ်၊  ပြည်တွင်းကို တင်သွင်းလာတဲ့ ကုန်စည် ဖြစ်ပါက တင်သွင်းသူရဲ့ အမည်၊ လိပ်စာ၊ ထုတ်လုပ်တဲ့ လုပ်ငန်းအမည်၊ လိပ်စာ၊ ထုတ်လုပ်တဲ့နေရာ၊ ပြည်ပမှ ကုန်စည်တင်သွင်းပြီး ပြန်လည်ထုပ်ပိုးတဲ့နေရာ၊ ပါဝင်တဲ့ ကုန်ကြမ်းအမျိုးအမည်များနဲ့ ပမာဏပါဝင်မှု အချိုး အစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများက ဖော်ပြဖို့ သတ်မှတ်ထားတဲ့ အချက်အလက်များပါရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

        စားသုံးသူအခွင့်အရေးဆိုင်ရာ အချက်ရှစ်ချက်မှာ စိတ်ကျေနပ်မှုရရှိခွင့်၊ လုံခြုံစိတ်ချစွာဖြင့် ဘေး အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခွင့်၊ သတင်းအချက်အလက် ပြည့်စုံစွာရပိုင်ခွင့်၊ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြပိုင်ခွင့်၊ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးရပိုင်ခွင့်၊ စားသုံးသူရေးရာ နှင့် ပတ်သက်လို့ သိရှိလေ့လာနိုင်ခွင့်၊ ကောင်းမွန်ရှင်းသန့်တဲ့ ပတ်ဝန်းကျင်ကို ရရှိပိုင်ခွင့်တို့ ပါဝင်ပါတယ်။


ဓာတ်ပုံ - foodandhotelmyanmar

        အချက်သုံးမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက် ပြည့်စုံစွာရရှိပိုင်ခွင့်အရ ကုန်စည်တံဆိပ်အမှတ်အသား ဖော်ပြရာမှာ မြန်မာဘာသာ၊ မြန်မာဘာသာနဲ့ အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပိုမိုဖော်ပြရာမှာ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် ရှစ်ချက်နဲ့ ကိုက်ညီရမှာပါတယ်။ အဆိုပါ ဥပဒေအရ ကုန်စည်အုပ်စုမှာ (က) အစားအသောက်၊ (ခ) အိမ်သုံးပစ္စည်းများ၊ (ဂ) ကလေးအသုံးအဆောင်များ၊ (ဃ) ဆက်သွယ်ရေးပစ္စည်းများ၊ (င) ဆေးဝါးနဲ့ ဖြည့်စွက်အစာများ၊ (စ) အလှကုန်ပစ္စည်းများ၊ (ဆ) လူသုံးကုန်ပစ္စည်းများ စတဲ့ (၈)အုပ်စုရှိကာ ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေးဥပဒေမှာ ပါဝင်တယ်။

        ကင်ဆာရောဂါဖြစ်စေတဲ့ ဂျယ်လီမှာ ဂျယ်လီပေါင်ဒါ၊ တာရှည်ခံဆေး ဆီထရစ်အက်ဆစ်တို့ ပါဝင်နေပြီး ကင်ဆာဖြစ်ပွားနိုင်တဲ့အတွက် ကလေးတွေကို မကျွေးသင့်ပါဘူး။ နေ့စဉ် အသုပ်ဆိုင်၊ အကင်ချောင်း၊ ငါးကင်၊ ကြက်ကင်၊ အကြော်ဆိုင်၊ တုတ်ထိုးဆိုင်တွေမှာ လူတွေနေ့စဉ် မြိန်ရေရှက်ရေ တို့စားနေတဲ့ အချဉ်ရည်မှာ တားမြစ်ဆိုးဆေး နီနီရဲရဲနဲ့ ဓာတုတာရှည်ခံဆေး၊ ဆာလ်ဖျူရစ် အက်စစ်ပျော့တို့ ပါဝင်နေပါတယ်။ ဒါကြောင့် အစာအူလမ်းကြောင်းကင်ဆာ၊ အသည်းကင်ဆာဖြစ်စေလို့ ရှောင်ရှားရမယ်။

        ကွမ်းယာနဲ့ ဆေးရွက်ကြီး ကြည့်ရင် ကွမ်းရွက်ကို ဖျန်းတဲ့ ပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်နိုင်တယ်။ ပါဝင်တဲ့ ထုံး၊ ဆေးမွှေး၊ ကွမ်းသီးမှိုတက် သို့မဟုတ် မှိုမတက်အောင်ဖျန်းတဲ့ ဆေးတွေက ကင်ဆာဖြစ်နိုင် တယ်။ ဆေးလိပ်မှာ နီကိုတင်းနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ၄၀၀၀ ကျော် ပါဝင်နေလို့ ရှောင်ရှားသင့်တယ်။

        တရားမဝင်တရုတ်နို့မှုန့်နဲ့ ယင်းကတစ်ဆင့် ပြုလုပ်တဲ့ မုန့်တွေက မယ်လမင်းပါဝင်လို့ ကလေးကျောက်ကပ် ရုတ်တရက် အားနည်းခြင်း၊ ပျက်စီးခြင်းဖြစ်စေလို့ မကျွေးသင့်ဘူး။ ကော်ဖီမစ်တွေမှာ ကဖင်းဓာတ်၊ တာရှည်ခံ ဓာတုဆိုးဆေး၊ ကော်ဖီနံ့၊ အုန်းသီးခွံမှုန့်၊ သကြား၊ အခြေခံကုန်ကြမ်းပစ္စည်းတွေ ပါဝင်တာတွေ့ရလို့ မသောက်သင့်ဘူး။ ရယ်ဒီမိတ်ကော်ဖီထုပ်တွေ သောက်သုံးရင် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောရောဂါ၊ စိတ်ကျရောဂါ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ အမျိုးသမီးသန္ဓေ မတည်နိုင်ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေလို့ လုံးဝမသောက်သင့်ဘူး။
  
        ဒေသလုပ်အရက် (ချက်အရက်)တွေမှာ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရာဘာ၊ မက်သနော၊ ဆာလဖျူရစ်အက်စစ်ပြင်း စတဲ့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းများ ပါရှိတယ်။ ပြည်တွင်းထုတ် အရက်တွေမှာ မီသိုင်းအယ်ကိုဟောနဲ့ အရက်ဆီပါဝင်မှု ပြင်းအားများတာကြောင့် ရေရှည်မသောက်သင့်ဘူး၊ မူလအရက်ရဲ့ ဂုဏ်သတ္တိကိုက အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ ရေဖျဉ်းစွဲခြင်း၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာအမျိုးမျိုး ဖြစ်ပွားစေလို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ၎င်းအပြင် အချိုရည်၊ ဘီယာ၊ အရက်တို့ဟာ ခန္ဓာကိုယ်တွင်းမှ ရေဓာတ်ကို အချိန်တိုအတွင်း ညစ်နွမ်းစေလို့ ရေဓာတ် ပိုမိုဆုံးရှုံးကာ ခန္ဓာကိုယ်အပူချိန် မြင့်မားစေလို့ အလွန်ပူပြင်းတဲ့ နွေကာလတွေမှာ အပူဒဏ်ပိုပြီး ခံစားရတတ်တယ်။

        ရောင်စုံဆိုးဆေးများပါတဲ့ အစားအသောက်များ၊ တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုတဲ့ မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီ၊ ပုစွန်ဝါ၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားနဲ့ အရောင်ဆိုးထားတဲ့ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းပေါင်း၊ ဆီးထုပ်၊ အနက်ရောင်ဆိုးထားတဲ့ ပြောင်းဖူး စတာတွေဟာ အသည်းကင်ဆာနဲ့ အခြားကင်ဆာရောဂါတွေ ဖြစ်ပွားစေလို့ ရှောင်သင့်တယ်။

        ဓာတုဟော်မုန်းဆေးတွေ အသုံးပြုထားလို့ ကြီးထွားနေတဲ့ မုန်လာဥဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နဲ့ ပဲပင်ပေါက်များ၊ ပိုးသတ်ဆေးအပြင်းစားသုံးထားတဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်တွေနဲ့ ဆေးစိမ် ဆေးဖျန်းပြီး မှည့်နေတဲ့ သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်​ပျောသီးတို့ဟာ ကင်ဆာဖြစ်စေ၍ ရှောင်ရှားသင့်ပါတယ်။

        ရေမြောင်းဆီ သို့မဟုတ် ပြန်ကြော်ဆီတွေဟာ တရုတ်၊ ထိုင်ဝမ်က ဝင်လာတာ၊ ထိုင်းနိုင်ငံ ရနောင်း၊ တရုတ်နိုင်ငံရွှေလီက တစ်ဆင့်ဝင်လာတယ်။ ရေမြောင်းတစ်လျှောက် စားကြွင်းစားကျန်က ဆီများ စုထည့်ကာ ဓာတုဆေးနဲ့ အရောင်ချွတ်၊ ပဲဆီနံ့ထည့်သွင်းကာ ဆီစျေးကွက်ထဲ ပဲဆီသန့်တံဆိပ်ကပ်ပြီး အလွတ်ရောင်းချကာ တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၀၀၀ ဝန်းကျင်နဲ့ ရောင်းချကြတယ်။ ယင်းဆီတွေနဲ့ ငါးမုန့်ကြော်၊ အာလူးကြော်၊ အသင့်အမြန်စား သရေစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာတို့ဟာ ပြန်ကြော်ဆီ သုံးထားတာ ဖြစ်လို့ ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။

        လမ်းဘေးလက်ဖက်ရည်ဆိုင်နဲ့ စားဖွယ်စုံဆိုင်ကြီးတွေမှာ အင်ဂျင်ဝိုင်အဟောင်းလို ညိုမည်းနေတဲ့ ပြန်ကြော်ဆီတွေနဲ့ကြော်တဲ့ စမူဆာ၊ အီကြာကွေးတွေကို စားသုံးပါက ပန်ကရိယာကင်ဆာ၊ အသံအိုးကင်ဆာ၊ အစားအိမ်နှင့် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်စေနိုင်လို့ အတတ်နိုင်ဆုံး လမ်းဘေးအစားအသောက်တွေ ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

        မြန်မာနိုင်ငံရဲ့ လမ်းဘေးစျေးသည်တွေဟာ အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) လက်မှတ်မရထားဘဲ အမြတ်ငွေ များများကျန်မယ့် အကြော်ခံဆီ၊ ဆိုးဆေးတွေနဲ့ အစားအသောက်တွေ စီမံထားတတ်ကြလို့ စိတ်မသန့်ရင် လမ်းဘေးအစားအစာများ စားသောက်ခြင်းမှ ရှောင်ကြဉ်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ယခုအခါ အစားအသောက်လုပ်ငန်းကို (FDA) လက်မှတ်ရရှိရေးဆောင်ရွက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

        အလှကုန်ပစ္စည်းတွေဖြစ်တဲ့ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေး၊ မိတ်ကပ်၊ ပါးနီတွေမှာ ပြဒါးပါဝင်မှုတွေရှိခဲ့လို့ (FDA)က အသုံးပြုရန်မသင့်ကြောင်း ကြေညာကာ စျေးကွက်ထဲက ရုပ်သိမ်းစေပါတယ်။ အချို့ ဆံပင် ဆိုးဆေးတွေမှာ ခဲပါဝင်လို့ ခဲဆိပ်သင့် ဖြစ်နိုင်တယ်။ အွန်လိုင်းပေါ်က အလှကုန်၊ အစားအသောက်၊ ဆေးဝါးအမျိုးမျိုးတို့ဟာ (FDA) စစ်ဆေးခံနိုင်ခြင်းမရှိတဲ့အပြင် စျေးကြီးမြင့်လို့ စားသုံးသူရော၊ နိုင်ငံတော်အခွန်ဘဏ္ဍာငွေပါ ဆုံးရှုံးနေလို့ အားမပေးသင့်ပါဘူး။

        စားသုံးသူအသင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားပေမယ့် ၁၃ မှုသာရှိသေးကြောင်း သိရပါတယ်။ စျေးကွက်ထဲက သောက်ရေသန့်ဘူးတွေ လိုက်စစ်တော့ တစ်ဝက်လောက်က လုပ်ငန်းလိုင်စင်ရော၊ (FDA) စစ်ဆေးမှုမှတ်တမ်းပါ မရှိကြလို့ ပယ်ဖျက်တားဆီးခဲ့ရပါတယ်။ စားသောက်ကုန်တွေမှာ ဓာတုပစ္စည်းတွေ ထည့်သွင်းခြင်း၊ အန္တရာယ်ဖြစ်စေတဲ့ လူသုံးကုန်ပစ္စည်းရောင်းချခြင်းကို အရေးယူ သင့်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)

No comments:

Popular Posts