လယ်တွင်းသားစောချစ်
‘‘ကိုညီရေသွားကြည့်လိုက်ဦး .. ဟိုမှာ ကိုချစ်အောင်တို့ဘက်က ခြံစည်းရိုးကာနေတယ်’’
မိန်းမက ကျုပ်ကိုလာပြောတယ်။
‘‘ကာပါစေပေါ့..ချစ်အောင်က စိတ်ချရပါတယ်။ ကြည့်ဖို့လိုတဲ့လူ မဟုတ်ပါဘူး’’
မိန်းမက ထပ်ပြောနေတုန်း-
‘‘ဟာ... အဓိပ္ပာယ်မရှိတာကွာ။ အဲဒီသရက်ပင် ဒီဘက်ကဆိုတာ ချစ်အောင်ရော.. ငါရော
သိတာပဲ... ချစ်အောင်က ဒီလိုမတရားလုပ်တဲ့ကောင်မျိုး မဟုတ်ပါဘူး’’
မိန်းမ ဆက်ပြောနေတာကို ကျုပ်သဘောမကျဘူး။ မဟုတ်တာ ပြသနာလာလုပ်နေတယ်ထင်
တာ။ ဒါပေမဲ့ သွားတော့ကြည့်လိုက်ပါတယ်။
ဟာ..ဟုတ်တာပေါ့။ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ ချစ်အောင်တို့ဘက်က ခြံကာတာ ဒီဘက်ကိုအများကြီး ရောက်နေတယ်။ ဒီဘက်က သရက်ပင်လည်း သူတို့ဘက်ပါသွားပြီ။
‘‘ချစ်အောင်.. ဘယ်လိုလုပ်ထားပါလိမ့်’’
ကျုပ်နားမလည်အောင်ဖြစ်ရတယ်။
‘‘ချစ်အောင်ရေ.. ချစ်အောင်’’
ခြံစည်းရိုးနားအထိသွားပြီး အသံပြုရတယ်။ သူတို့အိမ်ထဲက ချစ်အောင်မိန်းမ မိကြွေထွက်လာတယ်။
‘‘ကိုချစ်အောင် မရှိဘူး။ တောင်ရိုးတက်သွားတယ်’’
‘‘ဟေ... ဘယ်နေ့က တက်သွားတာလဲ’’
‘‘မနေ့က’’
ချစ်အောင်က အိမ်မှာမရှိဘူး။ ကျုပ်ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မနေ့ကမှ တောင်ရိုးတက်သွားတယ်ဆိုရင် အနည်းဆုံး သုံးလေးညတော့ကြာမယ်။ ကျုပ်တို့ရွာ လူတွေက ခုလိုလယ်ယာလုပ်ငန်းပါးတဲ့အခါကျရင် ရှမ်းရိုးမရွာခြေက တောင်ရိုးအထိသွားပြီး ထင်းခုတ်ဝါးခုတ်ကြတယ်။ လှည်းရှစ်စီး၊ ဆယ်စီး စုသွားကြတယ်။ လှည်းတစ်စီးဆို ထင်းတို့၊ ဝါးတို့သုံးပါလေ့။ အများကြီးပါတယ်။
တောင်ရိုးသွားကြမယ်လို့ ပြောနေကြတာတော့ကြားပါတယ်။ ချစ်အောင်ပါမှန်း မသိဘူး။ ချစ်အောင်မရှိဘဲနဲ့ ပြောရမှာလည်း အခက်။ ဒါပေမဲ့ မပြောဘဲနဲ့ ရက်ကြာသွားရင်လည်း မကောင်းပြန်ဘူး။ ခြံစည်းရိုးကာတာကမိကြွေလုပ်နေတာ။
‘‘နင်တို့ ခြံစည်းရိုးအသစ်ကာတာ ဒီဘက်အများကြီးရောက်နေတယ်။ နည်းနည်းဆို ငါမပြောပါဘူး။ ဒီဘက်က သရက်ပင်ပါ နင်တို့ခြံထဲ ရောက်နေပြီ’’
‘‘ရောက်ရမှာပေါ့ သရက်ပင်က အစကတည်းက ဒီဘက်ခြံထဲကပဲ’’
‘‘မိကြွေရာ နင်ဘာမှမသိဘဲနဲ့ လျှောက်ပြောမနေနဲ့။ ချစ်အောင်တို့ ငါတို့က ဒီနေရာမှာ နေခဲ့တာကြာ
ပြီ။ အားလုံးသိတယ်။ နင်က မနေ့တစ်နေ့ကမှ ချစ်အောင်နဲ့ညားပြီး ဒီအိမ်ရောက်လာတာ’’
‘‘ဟုတ်တယ်လေ.. ကျုပ်မသိပါဘူး။ ကိုချစ်အောင်ပြောလို့ သူပြောတဲ့အတိုင်း ကာတာပဲ’’
‘‘ဘာပြောတယ်ဟ.. ချစ်အောင်က ဒီသရက်ပင်ကို နင်တို့ဘက်ဟာလို့ ပြောလို့လား’’
‘‘ပြောတယ်လေ... သူပြောလို့ ကာတာပေါ့။ ကိုယ့်ဘာသာလုပ်တာမဟုတ်ပါဘူး’’
‘‘ဟာ.. ဒါဆိုရင်တော့ ရှုပ်ကုန်ပါပြီဟာ’’
‘‘ကဲဟာ... နင်နဲ့ငါနဲ့ ဒီလိုပြောနေလို့ တရားမဝင်ပါဘူး။ နင်နေ့ခင်းကျရင် ရုံးလာခဲ့’’
‘‘လာဆိုရင်လည်း...လာရုံပဲ။ လူကြီးဆိုပြီး မတရားလုပ်လို့တော့ မခံနိုင်ဘူး’’
‘‘ခင်ကြွေရာ.. နင်ကလည်း စွာမနေစမ်းပါနဲ့။ ငါတစ်ယောက်တည်း မဟုတ်ပါဘူး။ အဖွဲ့ဝင်
တွေနဲ့ ဆယ်အိမ်မှူးရာအိမ်မှူးတွေလည်း ခေါ်ထားမှာပါ’’
‘‘စွာစရာရှိရင်တော့ စွာရမှာပဲ’’
ခင်ကြွေရဲ့ ခပ်တိုးတိုးဆိုပေမယ့် ကြားလောက်အောင် ပြောကျန်ခဲ့တဲ့အသံ။
နေ့လယ်ခင်းကျတော့ ကျေးရွာရုံးမှာ ဆုံကြရတယ်။ ကျုပ်က ရွာမှာ ရွာလူကြီးပါ။ ခုနှစ်တန်းအောင်တဲ့အထိ ကျောင်းနေဖူးတယ်။ ထုံးစံအတိုင်း တောသားရွာသားဆိုတာ လယ်သမား ယာသမားပါပဲ။ ကိုယ့်ရွာမှာပဲ ကိုယ်ပျော်တယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ စုံအောင်ရောက်ပြီး မကြာမီမှာပဲ ခင်ကြွေရောက်လာတယ်။
‘‘ခင်ကြွေ...လာထိုင်။ ငါကိုယ်တိုင်က ရွာလူကြီးဖြစ်ပြီး ကိုယ့်ခြံအတွက် ပြောရဆိုရတာ ကောင်းတော့ မကောင်းပါဘူး။ ဒါပေမဲ့ ငါမဆုံးဖြတ်ပါဘူး။ ကျန်တဲ့လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်’’
‘‘ကောင်းတာပေါ့တော်.. အဲဒီလိုပဲဖြစ်သင့်တာပေါ့’’
မိကြွေပြောပုံက အညွန့်နဲ့ အတက်နဲ့။ မိကြွေကို ကျုပ်လှည့်ကြည့်လိုက်ပါတယ်။
မိကြွေက ချစ်အောင်ထက် ငါးနှစ်ငယ်တယ်။ ချစ်အောင်က ကျုပ်ထက် နှစ်နှစ်ငယ်တယ်။ မိကြွေက ဒီရွာကမဟုတ်ပါဘူး။ ဆယ်ကတော်ရွာသူ၊ နွေရာသီကျရင် ရွာလာပြီး မုန့်လက်ဆောင်းရောင်းရင်း အပြောအဆိုလေးကလည်း သွက်လက်ချက်ချာတော့ ချစ်အောင်အမေ ဒွေးလေးဖော့က သဘောကျတာ။ ရုပ်ကလေးက မဆိုးပါဘူး။ ချစ်အောင်က လူရိုး၊ လူအေး၊ သူ့အစွမ်းနဲ့ရတာမဟုတ်ဘူး။ ဒွေးလေးဖော့ပြောပေးလို့ရတာ။ မင်္ဂလာဆောင်တော့လည်း ကျုပ်တို့ပဲ ဝိုင်းဝန်းလုပ်ပေးရတာ။ ချစ်အောင်နဲ့ ကျုပ်ကညီအစ်ကိုလို ခင်တာကိုး။
‘‘ငါ.. နင့်ကို တစ်ခုမေးမယ်... နင်က ချစ်အောင်မရှိတုန်းမှ ဘာဖြစ်လို့ ခြံစည်းရိုးကာရတာတုန်း’’
‘‘ကိုယ့်အိမ်ပဲ ကိုယ်ကာချင်တဲ့အချိန် ကာမှာပေါ့’’
‘‘ချစ်အောင်တို့ ငါတို့က ခြံစည်းရိုးနေရာအမှန်ကို သိတယ်။ နင်က မသိဘဲနဲ့ ကာလို့ပြောတာ’’
‘‘ကျုပ်မသိပေမယ့် သိတဲ့ ကိုချစ်အောင်ပြောတော့ သိတာပေါ့။ သိတဲ့အတိုင်း ကာတာပဲ။
‘‘ဟင်...ချစ်အောင်က ဘယ်လိုပြောလို့လဲ။ အခု နင်တို့ခြံထဲရောက်သွားတဲ့ သရက်ပင်ကို နင်တို့ဘက်ကအပင်လို့ ချစ်အောင်ပြောလို့လား’’
‘‘ပြောတာပေါ့ သရက်ပင်က သူစိုက်တဲ့အပင်တဲ့။ သူစားတဲ့ အစေ့ကို သူပြန်စိုက်ထားတာတဲ့’’
‘‘ဟင်... ချစ်အောင်က အဲဒီလိုပြောလား’’
‘‘ပြောတာပေါ့။ တော်ကလည်း တော်တို့ဘက်မှာ သရက်ပင်တစ်ပင်စိုက်တယ်တဲ့ မရှင်ဘူး။ ငယ်ငယ်လေးမှာ သေသွားတယ်တဲ့’’
‘‘အဲဒါတော့ ဟုတ်တယ်။ ငါစိုက်တဲ့အပင်ကသေသွားပြီ။ ဒါပေမဲ့ အခုရှိနေတဲ့ အပင်လည်း ငါတို့ဘက်ကပဲ...’’
‘‘ကိုချစ်အောင်က လူရိုးလူမှန်ပဲ... တစ်ရွာလုံးသိတယ်’’
‘‘အေး- ငါပိုသိတာပေါ့’’
‘‘ဒါဆို..သူက မဟုတ်တာမမှန်တာ ဘယ်ပြောမလဲ’’
မိကြွေက အပိုင်ပြောလိုက်တယ်။
‘‘ အေး...ဒါဆိုရင်...ငါနင့်ကိုမေးမယ်..နင်မှန်တဲ့အတိုင်းဖြေ.. ချစ်အောင်က ဒီသရက်ပင်ကို သူ့အပင် သူတို့ဘက်က အပင်လို့ ပြောခဲ့လား’’
‘‘ပြောတာပေါ့.. ပြောလို့ သူ့စကားအတိုင်း သစ်ပင်ကို ခြံထဲထည့်ကာတာပေါ့’’ မိကြွေက အခိုင်အမာ ပြောလိုက်တယ်။
‘‘ ကဲ..လူကြီးတွေ...ဒီကိစ္စ ကျုပ်ပဲ ဆုံးဖြတ်လိုက်မယ်။ ချစ်အောင်က ပြောတယ်ဆိုရင်တော့ အခုကာထားတဲ့ အတိုင်းနေပါစေ။ ကျုပ်ကျေနပ်တယ်’’
လူကြီးတွေအားလုံး ခေါင်းညိတ် သဘောတူလိုက်ကြတယ်။
‘‘ချစ်အောင် ဘယ်လိုဖြစ်သွားတာပါလိမ့်’’
ကျုပ်တွေးလို့မရဘူး။ အံ့သြနေတယ်။ ချစ်အောင်က အလွန်ရိုးတဲ့ကောင်၊ လိမ်ညာမပြောတတ်ဘူး။ ကျုပ်မှတ်မိသေးတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။ အဖေ ကျန်းမာရေးမကောင်းလို့ ကျုပ်က လယ်လုပ်ငန်းကို တာဝန်
ယူလုပ်နေရပြီး လယ်တွေရိတ်ပြီးတော့ တလင်းတွင်း စပါးသိမ်းဖို့ ချစ်အောင်နဲ့ စံရွှေကို အကူခေါ်ရတယ်။ လုပ်ခတော့ ပေးရတာပေါ့။ သူတို့နှစ်ယောက်လုံးက ကာလသားပေါက်တွေ ဖြစ်နေပါပြီ။
ပြာသိုလထဲမှာ မနက်ဆို သိပ်ချမ်းတာပေါ့။ ဘယ်သူမှ စပါးထမနယ်ချင်ဘူး။ အစောဆုံးလူက လေးနာရီ ထနယ်ရမှာ။ တတိယလူကတော့ ခြောက်နာရီထနယ်ရမယ်။ အိပ်ရေးလဲဝတယ်။ ချမ်းလည်း သိပ်မချမ်းတော့ဘူး။ နောက်ဆုံး လူက အသက်သာဆုံး။ ပထမဆုံးလူက အနာဆုံး။
ဒါကြောင့်မို့ ဘယ်သူအရင်နယ်မလဲ အငြင်းပွားနေကြတယ်။ အဲဒီအချိန်မှာ ‘‘ခဏနေကြဦး’’ ချစ်အောင် ထွက်သွားတယ်။
အတိုအရှည်မညီတဲ့ တုတ်ပိုင်းတစ်ချောင်းချိုးလာတယ်။
‘‘ကဲ... မင်းတို့ဆွဲကြ.. ဒီ တုတ်သုံးချောင်းက အရွယ်မညီဘူး။ ဘယ်တုတ်ကအရင်၊ ဘယ်တုတ်ကအလယ်၊ ဘယ်တုတ်ကနောက်ဆုံး ငါသတ်မှတ်ထားတယ်။ ကိုယ်ကျတဲ့အတိုင်း နယ်ရမှာနော်... အငြင်းမပွားရဘူး’’
ကျုပ်တို့နှစ်ယောက်က သဘောတူကြောင်း ခေါင်းညိတ်ပြတယ်။
‘‘ကဲ စပြီ ဆွဲတော့..’’
ချစ်အောင်ကထိပ်မှာ အညီထားပြီး ဘယ်လက်က တုတ်သုံးချောင်း အတိုအရှည် မပေါ်အောင် ဆုပ်ကိုင်ထားတယ်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)
No comments:
Post a Comment