စာရေးသူ နယ်ကိုခရီးထွက်တုန်းက စပါးခင်းကို ဓာတ်မြေဩဇာကြဲနေတဲ့ လယ်သမားကြီးတစ်ဦးနဲ့တွေ့တော့ ဘာမြေသြဇာကြဲတာလဲလို့ မေးတော့ "ပုလဲ" လို့ ဖြေပါတယ်။ စပါးမျိုးကတော့ ဆင်းသုခ ဖြစ်တယ်။ စပါးပင်သက်တမ်းမေးတော့ တစ်လကျော်ကျော်က ကြဲခဲ့တာလို့ လယ်သမားကြီးက ဆိုပါတယ်။ စာရေးသူက ပုလဲမြေသြဇာကို သူတစ်မျိုးထဲကြဲရင် လေလွင့်ဆုံးရှုံးမှုများတယ်။ ဒါ့ကြောင့် ပုလဲတစ်အိတ်ကို မြေဆွေးသုံးအိတ်နဲ့ ရောနှပ်ပြီး တစ်ညသိပ်ရမှ ကြဲရမယ်ဆိုတာ သိလားလို့ မေးတော့ မသိဘူးလို့ ဖြေပါတယ်။
တောင်သူလယ်သမားကြီးများ အများစုက နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ)၊ ဖော့စဖရပ်ဓာတ်အတွက် (တီစူပါအမဲ)၊ ပိုတက်စီယမ်ဓာတ်အတွက် ပိုတက်ရှ် (ဓာတ်ဆား)အသုံးပြုကြတာ တွေ့ရပါတယ်။ တချို့လယ်သမားကတော့ နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်၊ ဆာလ်ဖာ အားလုံး စုပေါင်းထုတ်လုပ်ထားတဲ့ ကွန်ပေါင်း မြေသြဇာသုံးကြတာလည်း တွေ့ရပါတယ်။ ဘာမြေသြဇာကိုပဲသုံးသုံး သုံးစွဲတဲ့နည်းစနစ် မမှန်ကန်ရင် လေလွင့်ဆုံးရှုံးမှုများပြီး သီးနှံပင်က မစားရဘဲ အဟောသိကံ ဖြစ်သွားတတ်ပါတယ်။
နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ) မြေသြဇာကို သုံးရင် စနစ်မကျပါက အပင်က ၃၀ ရာခိုင်နှုန်းသာရရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အငွေ့ပျံခြင်း၊ မြေအောက်စိမ့်ဝင်ခြင်း၊ စီးဆင်းရေနဲ့ပါသွားခြင်း စတဲ့ နည်းလမ်းတွေနဲ့ လေလွင့်ပျောက်ဆုံးသွားပါတယ်။ ဒါ့ကြောင့် ဒီလေလွင့်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အသုံးမပြုမီ ပုလဲတစ်အိတ်ကို မြေဆွေးသုံးအိတ်နဲ့ သမအောင်ရောမွှေပြီး တစ်ညသိပ်နှပ်ထားပြီးမှ ကျွေးရမယ်။ ပြီးတော့ ပုလဲကို ကျွေးတဲ့အခါမှာလည်း နံနက်ပိုင်း နေအေးချိန် ၁၁ နာရီအတွင်းနဲ့ ညနေပိုင်း နေအေးချိန် သုံးနာရီနောက်ပိုင်းမှာ ကျွေးရမယ်။
ဘာကြောင့်လဲဆိုတော့ နံနက်ပိုင်း နေပူနေရင် လယ်ကွက်ထဲရှိတဲ့ ရေရဲ့ အပူချိန်မြင့်တက်ပြီး ရေရဲ့ ချဉ်ငန်ကိန်းဟာလည်း ၁၁ လောက်ထိ ရောက်ရှိနေတတ်ပါတယ်။ ရေရဲ့ချဉ်ငန်ကိန်း မြင့်တက်လေလ ယူရီးယား(ပုလဲ) မြေသြဇာမှာပါဝင်တဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အငွေ့ပျံမှုများလေလေဖြစ်ပါတယ်။ ဆုံးရှုံးမှုများစေပါတယ်။ ပြီးတော့ ယူရီးယား (ပုလဲ)မြေသြဇာကို မိုးတွေရွာနေရင် လုံးဝမကျွေးဘဲ ရပ်ထားရမှာ ဖြစ်ပါတယ်။ မိုးရွာနေတုန်း မိုးရေနဲ့ ပျော်ဝင်ပါသွားပြီး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ နေ့လယ် နေပြင်းပြင်းပူနေတဲ့ အချိန်မှာလည်းယူရီးယား (ပုလဲ) မြေသြဇာကျွေးခြင်းကို ရှောင်ရမှာ ဖြစ်ပါတယ်။ အငွေ့ပျံဆုံးရှုံးမှု အလွန်များစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဓာတ်ပုံ - wixstatic.com
ယူရီးယား (ပုလဲ)မြေသြဇာကို အသုံးပြုရင် မြေပြင်ချိန်မှာ တစ်ကြိမ်တည်း အသုံးမပြုဘဲ အပင်ပွားချိန်၊ ပင်ပွားစုံချိန်၊ မှို့မကပ်မီ တစ်ပတ်အလိုအချိန်၊ အနှံထွက်စချိန်နဲ့ နို့ရည်တည်ချိန်တွေမှာ ငါးကြိမ်ခွဲ အသုံးပြုရင် စပါးအထွက် ခြောက်တင်းမှ ၁၆ တင်းထိ၊ ၇ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ တိုးထွက်နိုင်တယ်လို့ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပြောထားပါတယ်။
တီစူပါမြေသြဇာကိုတော့ မြေပြုပြင်ချိန်မှာ တစ်ကြိမ်တည်း အသုံးပြုတာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ ပိုတက်(ရှ်) ဓာတ်မြေသြဇာကိုတော့ မြေပြုပြင်ချိန် တစ်ကြိမ်တည်းထည့်သွင်း အသုံးပြုတာထက် အပင်ပွားချိန်၊ မှို့မကပ်မီတစ်ပတ်အလိုအချိန်နဲ့ အနှံစုံချိန်တွေမှာ သုံးကြိမ်ခွဲထည့်ပေးရင် စပါးအထွက်သိသိသာသာ တိုးတက်စေပါတယ်။ စျေးအချိုဆုံးနဲ့ အထိရောက်ဆုံး ပိုတက်စီယမ်ဓာတ်ကျွေးခြင်း နည်းလမ်းများကတော့ ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း) တစ်ဧကအတွက် တစ်ကြိမ် ၂၅ ကျပ်သားကို အမှုန့်ထောင်းပြီး တစ်ကြိမ်မှာ ရေဂါလန် ၂၀ နဲ့ ရောဖျန်းပေးရင်၊ သုံးကြိမ်စာ ၇၅ ကျပ်သားအတွက် ပိုတက်(ရှ်)မြေသြဇာ ၅၆ ကီလိုအိတ်တစ်အိတ်နဲ့ ညီမျှတဲ့ အာနိသင်ရရှိပါတယ်။ တစ်ဧကမှာ ငွေကျပ် ၃၀၀၀ ခန့်သာ ကုန်ကျမှာ ဖြစ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)
No comments:
Post a Comment