အောင်ဆန်း (စိုက်ပျိုးရေး)
"တောင်သူလယ်သမားကြီးများဟာ မိမိပိုင်တဲ့ လယ်ယာမြေတွေကို တန်ဖိုးတက်အောင် အစဉ်တစိုက် ပြုပြင်ဆောင်ရွက်နေကြဖို့ လိုပါတယ်။ ဒါမှလည်း သီးနှံတွေ အထွက်တိုးပြီး လယ်ယာမြေဟာ တန်ဖိုးမြင့်နေမှာ ဖြစ်ပါတယ်။ လယ်ယာမြေတန်ဖိုးမြင့်အောင် ပြုပြင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ မိမိက လက်တွေ့ကျင့်သုံးပြီး ပြုပြင်ကြဖို့ပဲ လိုအပ်ပါတယ်။"
လယ်သမားများအကျိုးအတွက် ရှေးရှု၍ နိုင်ငံတော်က လယ်ယာမြေဥပဒေနဲ့ လယ်ယာမြေ နည်းဥပဒေကို ပြဋာန်းပေးခဲ့ပါတယ်။ လယ်ယာမြေဥပဒေ အခန်း (၃) ပုဒ်မ(၉)၊ ပုဒ်မခွဲ (ခ)မှာ လယ်ယာမြေကို အားလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိသည်ဟု ဆိုထားပါတယ်။
လယ်ယာမြေနည်းဥပဒေ အခန်း (၅) ပုဒ်မ(၄၈)၊ ပုဒ်မခွဲ(က) လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည်
ယင်းလယ်ယာမြေပေါ်၌ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အရင်းအနှီးရရှိရေးအတွက်သာ ပေါင်နှံရမည် ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ (စ) ပေါင်နှံသူသည် ပေါင်နှံသည့်ကာလများအတွင်း လယ်ယာမြေတွင် ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည် ဟူ၍လည်းကောင်း ဖော်ပြထားပါတယ်။ ဒီလယ်ယာမြေဥပဒေနဲ့ နည်းပညာတွေကို တောင်သူလယ်သမားများအနေနဲ့ ဥပဒေပါ အကျိုးခံစားခွင့်များကို အပြည့်အဝခံစားခွင့်ရရှိရေးအတွက် နိုင်ငံတော်က လယ်ယာမြေတွေ တန်ဖိုးတက်အောင် ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းထားပါတယ်။
လယ်မြေကောင်းတစ်ခုရဲ့ အရည်အချင်းဟာ ရူပ ဂုဏ်သတ္တိနဲ့ ပြည့်စုံရမယ်။ ဓာတုဂုဏ်သတ္တိနဲ့လည်း ပြည့်ဝရမယ်။ အရေးအကြီးဆုံးကတော့ ဇီဝဂုဏ်သတ္တိတွေလည်း အလျှံပယ်ရှိဖို့လိုပါတယ်။ ရူပဂုဏ်သတ္တိနဲ့ ပြည့်စုံနေဖို့ကတော့ လယ်ယာမြေဟာ ဇကကွက်၊ ဟက်တာကွက်ကြီးတွေ ဖြစ်ဖို့လိုတယ်။ ရေလွယ်လွယ်သွင်းနိုင်ဖို့ ရေသွင်းမြောင်းရှိဖို့ လိုအပ်ပါတယ်။ ရေလွယ်လွယ်ထုတ်နိုင်ဖို့အတွက် ရေနုတ်မြောင်းရှိဖို့ လိုပါတယ်။
ထွက်ရှိလာတဲ့ သီးနှံတွေကို အပြင်သို့လွယ်လွယ်နဲ့ ထုတ်ယူနိုင်ဖို့အတွက် ရာသီမရွေးသွားလာနိုင်ဖို့ ကုန်ထုတ်လမ်းလည်း ဖောက်ဖို့ လိုပါတယ်။ လယ်ယာမြေဟာ မျက်နှာပြင်ညီရမယ်။ ထရံထောင့်ပုံ၊ ဒယ်အိုးပုံ၊ လိပ်ခုံးပုံ စသည့် မညီမညာမဖြစ်စေရပါ။ လယ်ယာမြေကန်သင်းထူပြီး ရေလုံနေအောင် ပြုပြင်ထားဖို့လိုပါတယ်။ သဲဆန်မြေ၊ ဂဝံကျတ်တီးကုန်းမြေ၊ ရေဝပ်ခုံ၊ ပေါက်မြေ၊ ရေငန်ဝင်၊ ဆားပေါက်မြေ မဖြစ်စေရပါဘူး။
ဓာတ်ပုံ - ဖရန်ကီထွန်းတင်
လယ်ယာမြေဓာတ်ဂုဏ်သတ္တိနဲ့ ပြည့်ဝနေဖို့ဆိုရင် သစ်ပင်သီးနှံအတွက် လိုအပ်တဲ့ အာဟာရဓာတ် ၁၆ မျိုး အလုံအလောက်ရှိရမယ်။ မြေဆီသြဇာထက်သန်နေအောင် ပြုပြင်ဖို့လိုအပ်ပါတယ်။ လယ်ယာမြေဟာ အနည်းဆုံး မြေဆွေးဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိရှိဖို့ လိုအပ်ပါတယ်။ လယ်ယာမြေဓာတ်ဂုဏ်သတ္တိနဲ့ ပြည့်စုံပြီး မြေဆီသြဇာ ထက်သန်နေဖို့ သဘာဝမြေဆွေးတွေ များများထည့်ပြီး ပြုပြင်ဖို့လိုအပ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် သဲဆန်တဲ့မြေမှာ တစ်ဟက်တာ မြေဆွေး ၁ဝ တန်မှ ၁၅ တန်ထိ ထည့်ပြီး မြေပဲစိုက်ပျိုးတာ တစ်ဧက တင်း ၂ဝဝ ကျော်ထွက်ခဲ့တယ်လို့ စာတမ်းတစ်ခုမှာ ဆိုထားပါတယ်။
သဘာဝမြေသြဇာတွေအနေနဲ့ နွားချေး၊ ကြက်ချေး၊ တိရစ္ဆာန်အညစ်အကြေး၊ မြေဆွေး၊ ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်၊ ရိုးပြတ်၊ ပြောင်းရိုး၊ ပြောင်းမှော်၊ ပဲမှော်၊ ကောက်မှော်၊ သီးနှံအမှော်အမှိုက်၊ ဆန်ကွဲ၊ ဖွဲနု၊ တိရစ္ဆာန်ခန္ဓာကိုယ်အကြွင်းအကျန်များ၊ ဂျစ်ပဆန်ကျောက်မှုန့်၊ လချေးကျောက်မှုန့်၊ ထုံးမှုန့်၊ ပဲမျိုးစုံနှင့် သစ်စိမ်းမြေသြဇာညံ့၊ ဘောစကိုင်း၊ ကုက္ကိုအပင် အရွက်များ၊ မြစ်ချောင်းအင်းအိုင်များမှရသော နုန်းများ၊ ရေကျောက်ခက်များ စသည်တို့သည် လွယ်ကူရိုးရှင်းစွာ ရရှိအသုံးပြုနိုင်သော မြေဆွေးအခြေခံပစ္စည်းများ ဖြစ်ပါတယ်။
ကောင်းစွာဆွေးမြည့်နေတဲ့ နွားချေးမှာ နိုက်ထရိုဂျင် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ဝ ဒသမ ၂ ရာခိုင်နှုန်း၊ ဆာလ်ဖာ ၁ ဒသမ ၆ ရာခိုင်နှုန်းပါဝင်တာ တွေ့ရပါတယ်။ ကြက်ချေးမှာဆိုရင် နိုက်ထရိုဂျင် ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၆ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ်
၂ ဒသမ ဝ၈ ရာခိုင်နှုန်း ပါဝင်တာကို တွေ့ရပါတယ်။ လယ်ယာမြေတွေကို နွားချေးနဲ့ ကြက်ချေးကို အလုံအလောက်ထည့်ပေးရင်တောင်မှ အပင်က လိုအပ်တဲ့ အာဟာရ ၁၆ မျိုး ပြည့်ပြည့်စုံစုံ ရရှိနိုင်တယ်ဆိုတာကို သတိမူကြဖို့ လိုပါတယ်။
ပိုက်ဆံလျှော်ပင်မှာ နိုက်ထရိုဂျင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် သုည ဒသမ ၄ဝ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၆ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် တစ်ဧက ပိုက်ဆံလျှော် အရွက် ၇ တန်(ယူရီးယား ၁၈၆ ပေါင်နဲ့ညီမျှ)ထည့်ပေးရင် သီးထပ်ရင်စပါးမှာ တစ်ဧက ၁ဝ၄ တင်းထွက်ရှိကြောင်း ရေဆင်းစိုက်ပျိုးရေးသုတေသနမှတ်တမ်းက ဆိုပါတယ်။
ညံပင်ဟာ နိုက်ထရိုဂျင် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ ဖော့စဖရပ် သုည ဒသမ ၂၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် သုည ဒသမ ၉၅ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၇၇ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် တစ်ဧက ညံပင် ၅၄ တန် (ယူရီးယား ၁၆၈ ပေါင်နှင့်ညီမျှ)ကို လယ်မြေထဲမှာ ထယ်ထိုးမြေမြှုပ်ထွန်မွှေပေးမယ်ဆိုရင် သီးထပ်ရင်စပါးမှာ တစ်ဧက ၁ဝ၂ တင်း ထွက်ရှိတယ်လို့ ရေဆင်းစိုက်ပျိုးရေးသုတေသနတွေ့ရှိချက်က ဆိုပါတယ်။
ကုက္ကိုရွက်မှာ နိုက်ထရိုဂျင် ၃ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် သုည ဒသမ ၂၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ဒသမ ၃၂ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၈၇ ရာခိုင်နှုန်းပါဝင်တဲ့အတွက် တစ်ဧက ကုက္ကိုရွက် ၆ တန်(ယူရီးယား ၁၉၂ ပေါင်နှင့်ညီမျှ) ကို လယ်မြေမှာ ထယ်ထိုးမြေမြှုပ် ထွန်မွှေပေးမယ်ဆိုရင် သီးထပ်ရင်စပါးမှာ တစ်ဧက ၁ဝ၆ တင်း ထွက်ရှိကြောင်း ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက တွေ့ရှိချက်အရ သိရှိရပါတယ်။
အဇိုလာရေကျောက်ခက်ကို စပါးတစ်ဧကမှာထည့်ပေးရင် နှစ်ပတ်ကြာပါက ရှစ်တန်ထိ ပွားနိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ၁၆ ပေါင် (သို့မဟုတ်) ယူရီးယား ၃၅ ပေါင်နှင့်ညီမျှတဲ့ နိုက်ထရိုဂျင်ဓာတ်နဲ့ မြေဆွေးဓာတ်ကို ရရှိနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အဇိုလာရေကျောက်ခက်အသုံးပြုတာဟာ စပါးအထွက် ၁၂ ရာခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်းထိ တိုးတက်ထွက်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
ဓာတ်ပုံ - တောသာကြီး (IPRD)
ဂဝံဆန်မြေကိုတော့ သစ်စိမ်းမြေသြဇာ သုံးနှစ်ဆက်တိုက် စိုက်ပျိုးပြီး ထယ်ထိုးထွန်မွှေမြေမြှုပ်ပေးရင် မြေဆီလွှာတက်လာမှာဖြစ်ပါတယ်။ တစ်ဘက်ကလည်း သဘာဝမြေသြဇာမြေဆွေး မှန်မှန်ထည့်ပေးဖို့လည်း လိုအပ်ပါတယ်။ ရေငန်ဝင်တတ်တဲ့ လယ်မြေတွေကိုတော့ ရေငန်မဝင်အောင် တာတမံကောင်းကောင်း ကာပေးဖို့ လိုအပ်ပါတယ်။ ရေနုတ်မြောင်းကောင်းအောင်စီမံပေးဖို့ လိုပါတယ်။ ရေငန်ဝင်လယ်မြေကို သဘာဝမြေသြဇာနဲ့ ဂျစ်ပဆန်ကျောက်မှုန့်တစ်ဧကပေါင် ၃ဝဝ မှ ၅ဝဝ ပေါင်အထိ ရောသုံးဖို့လိုပါတယ်။ ရေဝပ်ပြီး ဒုံပေါက်တဲ့လယ်မြေကို ရေနုတ်မြောင်း ကောင်းကောင်းတူးပြီး ရေပြောင်အောင်ထုတ်ပစ်ဖို့ လိုပါတယ်။ ရေထုတ်ပြီး အစိုဓာတ်အနေတော်ရင် နွေထယ်ရေးလှန်ပြီး တစ်နှစ်တာ မြေလှပ်အခြောက်ခံထားဖို့ လိုပါတယ်။
ရေထပ်မဝင်အောင် ထားထားဖို့လိုပါတယ်။ အောက်မှ မြေမာလွှာ (Hard Pan) ပြန်ပေါ်လာပြီး ဒုံပေါက်တာ
ပျောက်သွားမှာဖြစ်ပါတယ်။ ဇီဝဂုဏ်သတ္တိနဲ့ ပြည့်လျှံနေဖို့ဆိုရင်တော့ သဘာဝဇီဝမြေသြဇာများ များများအသုံးပြုရင် လယ်ယာမြေဟာ ဇီဝဂုဏ်သတ္တိနဲ့ ပြည့်လျှံနေမှာ အမှန်ပါပဲ။
တောင်သူလယ်သမားကြီးများဟာ မိမိပိုင်တဲ့ လယ်ယာမြေတွေကို တန်ဖိုးတက်အောင် အစဉ်တစိုက် ပြုပြင်ဆောင်ရွက်နေကြဖို့ လိုပါတယ်။ ဒါမှလည်း သီးနှံတွေ အထွက်တိုးပြီး လယ်ယာမြေဟာ တန်ဖိုးမြင့်နေမှာ ဖြစ်ပါတယ်။ လယ်ယာမြေတန်ဖိုးမြင့်အောင် ပြုပြင်တဲ့နည်းလမ်းတွေ များစွာရှိပါတယ်။ မိမိက လက်တွေ့ကျင့်သုံးပြီး ပြုပြင်ကြဖို့ပဲ လိုအပ်ပါတယ်။ ဒါမှလည်း လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေပါ အကျိုးခံစားခွင့်များကို တန်ဖိုးမြင့်မြင့် အပြည့်အဝရရှိနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၉)
No comments:
Post a Comment