မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ တောင်သူလယ်သမားကြီးများ ကြုံတွေ့နေကြရတဲ့ ဒုံပေါက်ပြီး မြေကျွံတဲ့ပြဿနာ ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ အချက်ကို ဆွေးနွေးပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲက ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ လယ်သမားနဲ့ စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲတစ်ခု တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ တောင်သူလယ်သမားကြီး ၅၀၀ ဦးကျော် တက်ရောက်ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ တက်ရောက်လာတဲ့ တောင်သူလယ်သမားကြီးတစ်ဦးက သူကြုံတွေ့ နေရတဲ့ ပြဿနာတစ်ခုကို ထပြီး မေးပါတယ်။ သူမေးတာကတော့ "ကျွန်တော် မိုးစပါး၊ နွေစပါး ဧက ၂၀ ကျော်စိုက်လာတာ နှစ် ၂၀ ကျော်ရှိခဲ့ပါ ပြီ။ ဒီလိုစိုက်လာရင်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မိုးရာသီမှာ လယ်မြေတွေဟာ ကျွံလာတယ်ဆရာ။ ဘယ်လောက်ထိ ကျွံသလဲဆိုရင် နွားနဲ့ထွန်ရင် နွားခြေထောက်လေးချောင်းလုံး မြုပ်သွားပြီး တမန်းပြင်နဲ့ နွားဗိုက်နဲ့ တိုက်တဲ့ထိပါပဲဆရာ။ မြေကျွံလာတော့ ထွန်စက်တွေ နစ်တယ်။ နွားတွေကျွံတယ်။ လယ်ယာလုပ်သားတွေလည်း လယ်ထဲမဆင်းရဲဘူး။ နစ်လို့။ အဲဒီတော့ စပါးစိုက်ဖို့ မြေယာပြုပြင်လို့ မရတော့ဘူး။ ကျွန်တော့်လိုပဲ မိုးစပါး၊ နွေစပါး၊ သီးထပ် စိုက်ပျိုးတဲ့ ရွာကလယ်သမားတွေ တော်တော်များများ ဒီဒုက္ခခံစားနေကြရတယ်ဆရာ။ အဲဒါ ဘယ်လိုပြုပြင်ရင်ရမလဲလို့ ဆရာကြီးကို နည်းပညာအကြံဉာဏ် တောင်းခံချင်တာပါပဲဆရာ"လို့ ဆိုပါတယ်။
“မိုးစပါး၊ နွေစပါးကလည်း နှစ်စဉ်စိုက် မိုးကလည်းများ၊ ဒီရေအတက်အကျကလည်း ဝင်တဲ့ဒေသတွေမှာ လယ်မြေတွေဟာ ခြောက်သွေ့တဲ့ရာသီ မရှိတော့ဘဲ အမြဲစွတ်စိုနေတဲ့အတွက် မြေဆီလွှာအောက်မှာရှိတဲ့ အမာလွှာ (Hard pan)ပေါက်သွားပြီး မြေကျွံတာဖြစ်ရခြင်းပါပဲ”
သူတင်ပြတော့မှပဲ သူ့လို ဘဝတူ ခံစားနေကြရတဲ့ လယ်သမားကြီးများက မေးခွန်းကို သဘောကျပြီး လက်ခုပ်သံတွေဟာ ခန်းမတစ်ခုလုံး လွှမ်းသွားပါတော့တယ်။
"ကဲ ဟုတ်ပါပြီဗျာ၊ ဒီလိုမြေကျွံ ပြီး နွားဗိုက်တိုက်တဲ့ပြဿနာကို ဘယ်လိုကုစားရမယ်ဆိုတာ ရှင်းပြပါ့မယ်။ ဒီလို နွားဗိုက်တိုက်အောင် မြေကျွံတာကို လယ်သမားကြီးများက 'ဒုံပေါက်တယ်'လို့ ခေါ်ကြတယ်မဟုတ်လား"။ "ဟုတ်ပါတယ် ဆရာ"လို့ သံပြိုင်အသံကြီး ထွက်လာပါတယ်။
ဒီလို ဒုံပေါက်ပြီး မြေကျွံတဲ့ပြဿနာဟာ မြန်မာပြည်အောက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအောက်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်စတဲ့ မိုးကလည်းများ၊ ဒီရေကလည်းဝင်၊ မိုးစပါးအပြီး နွေစပါးကလည်း မနားတမ်းသီးထပ်စိုက်ပျိုးတဲ့ ကမ်းရိုးတန်းဒေသတွေမှာ ပိုပြီး အဖြစ်များတတ်တယ်ဗျ။ အညာဒေသမှာတော့ ဒီပြဿနာ က မဖြစ်ဘူး။
မိုးစပါး၊ နွေစပါးကလည်း နှစ်စဉ်စိုက် မိုးကလည်းများ၊ ဒီရေအတက်အကျကလည်းဝင်တဲ့ ဒေသတွေမှာ လယ်မြေတွေဟာ ခြောက်သွေ့တဲ့ရာသီမရှိတော့ဘဲ အမြဲစွတ်စိုနေတဲ့အတွက် မြေဆီလွှာအောက်မှာရှိတဲ့ အမာလွှာ (Hard pan)ပေါက်သွားပြီး မြေကျွံတာဖြစ်ရခြင်းပါပဲ။ ဒီလို မြေတွေမှာ စေးကပ်မှု အားနည်းသွားတယ်။ ရေအမြဲဝပ်ခံထားရတော့ မြေထဲမှာ အောက်စီဂျင်မဲ့ဇုန်ဖြစ်သွားတယ်ဗျ။
ဓာတ်ပုံ - The MYAWADY Daily
ဒုံပေါက်မြေကျွံမြေတွေဟာ မြေစေးပါဝင်မှု ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိပါဝင်ပြီး မြေသားတည်ဆောက်မှုညံ့တာ တွေ့ရတယ်။ စုစုပေါင်း နိုက်ထရိုဂျင်ပါဝင်မှုဟာ သုည ဒသမ ၂၆ ရာခိုင်နှုန်းအထက် ရှိပြီး မြေလွှာအောက်သို့ ပါဝင်မှုနည်းသွားတယ်။ ပျော်ဝင်စားသုံးနိုင်တဲ့ ပိုတက်စီယမ်ဓာတ် အားနည်းတာ တွေ့ရတယ်။ ဒုံပေါက်မြေကျွံမြေရဲ့ အပေါ်ယံလွှာမှာ မြေချဉ်ငန်ကိန်း ၅ ဒသမ ၂ မှ ၅ ဒသမ ၅ ရှိပြီး အောက်ပိုင်းလွှာ မှာ ၅ ဒသမ ၉ မှ ၆ ဒသမ ၄ အထိ ရှိတာ တွေ့ရတယ်ဗျ။
ကဲ ဒီလိုဆိုရင် ဒီလို ဒုံပေါက်မြေကျွံမြေတွေကို ဘယ်လိုကုစားပြုပြင်ရမလဲဆိုတာ ကြည့်ကြရအောင်။ နံပါတ်တစ်ကတော့ မြေဟာ အမြဲစိုပြီး ဖြစ်တာဖြစ်တဲ့အတွက် မြေကို အခြောက်အခြေအနေဖြစ်အောင် ဖန်တီးယူရမယ်ဗျ။ ဘယ်လိုဖန်တီးယူရမလဲ။ စပါးကို မိုးစပါးတစ်သီးသာစိုက်ပြီး နွေစပါးကို မစိုက်ဘဲ တစ်ရာသီ လှပ်ထားရမယ်။ မြေကို အခြောက်ခံတဲ့ သဘောပေါ့ဗျာ။ ဒါမှ အောက်ကပေါက်သွားတဲ့ မြေမာလွှာ(Hard pan) ပြန်ဖြစ်ပေါ်လာမယ်။ ဒုံပေါက်မြေကျွံတဲ့ မြေတွေဟာ အများအားဖြင့် စိုနေရင် စေးကပ်ပြီး ခြောက်သွားရင် မာကြောသွားတတ်တယ်။ အပေါ် ယံမြေလွှာ ပပ်ကြားအပ်ဖြစ်ပေါ်လေ့ရှိတယ်။
ဒုတိယအချက်ကတော့ မြေတစ်ရာသီလှပ်ပြီး အခြောက်ခံပြီးရင် တစ်ဧက နှမ်းရိုး၊ နှမ်းမှော် တစ်တန်၊ မြေဆွေး၊ နွား ချေး တစ်တန်၊ ဂျစ်ပဆန်ကျောက်မှုန့် ၂၅ ကီလိုအိတ် သုံးအိတ်၊ မဖောက်ထုံး ပေါင် ၃၀၀ ထည့်ပြီး ၁၆ သွားထွန်စက်နဲ့ နှစ်စပ်မောင်းပြီး မြေနှပ်ထားပေးရမယ်။ ဒါမှ မြေဆီလွှာရဲ့ ဖွဲ့စည်းပုံကောင်းလာပြီး ရေစီးဆင်းအားလည်း ကောင်းလာမယ်။ မိုးရာသီရောက်ရင်တော့ မိုးစပါးကို ပြန်စိုက်နိုင်ပြီဗျာ။
တတိယအချက်ကတော့ ရေစီးဆင်းတာညံ့ပြီး ရေဝပ်လို့ဖြစ်ရတာ ဖြစ်တဲ့အတွက် ရေလွယ်လွယ်ထုတ်နိုင်အောင် ရေနုတ်မြောင်းကောင်းကောင်း တူးထားဖို့ပဲ ဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့ ဒုံပေါက်မြေကျွံနွားဗိုက်တိုက်တဲ့မြေကို ဒီနည်းနဲ့ ကုစားပြုပြင်လို့ ရပြီပေါ့ဗျာ။ စမ်းကြည့်ကြပေါ့။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)
No comments:
Post a Comment