June 20, 2020

နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းစီမံခန့်ခွဲမှု

ကိုသက်

        ဒို့ကျေးရွာပရိတ်သတ်များအတွက် မွေးမြူရေးဆိုင်ရာ နည်းပညာဆောင်းပါးလေးတွေ ရေးသားပေးဖို့ ဖြစ်လာတဲ့အခါ လက်တွေ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အကြောင်းအရာလေးတွေ၊ သတင်းအချက်အလက်လေးတွေကို တတ်နိုင်သမျှ ဦးစားပေးရွေးချယ်ရေးသားဖို့ ဆန္ဒဖြစ်မိပါတယ်။ တစ်ချိန်တည်းမှာ စာရေးသူရဲ့ စာတွေ့အပြင်၊ ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံတွေကိုလည်း ပေါင်းစပ်ဖော်ပြဖို့ ရည်ရွယ်ထားပါတယ်။ အခု တစ်ပတ်မှာတော့ နို့စားနွားမွေးမြူရေးလုပ်ငန်းတစ်ခု အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာဖို့ အရေးကြီးတဲ့ မေထုန်မဲ့သားစပ်လုပ်ငန်း စီမံခန့်ခွဲမှုများအ‌ကြောင်းကို အစ္စရေးလ်နိုင်ငံမှာ စာရေးသူကိုယ်တိုင် လေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆွေး‌နွေးတင်ပြသွားလိုပါတယ်။

နို့စားနွားမွေးမြူရေးနှင့် မျိုးဗီဇ

        နို့စားနွားမွေးမြူရေးဆိုကတည်းက   ရည်ရွယ်ချက်က နွားနို့ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ နို့စားနွားမတွေရဲ့ နို့ထုတ်လုပ်မှုဟာ မျိုးဗီဇအပေါ် များစွာတည်မီပါတယ်။ နို့ထုတ်လုပ်မှုအတွက် အစာအာဟာရကလည်း အရေးကြီးတာမှန်ပေမယ့် အစာတွေ ဘယ်လောက်ပဲကောင်းအောင် ကျွေးကျွေး၊ နို့ထုတ်လုပ်ပေးနိုင်တဲ့ မျိုးဗီဇက အားနည်းနေရင် နို့ထွက်နှုန်းကောင်းမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် မြန်မာနွားလို့ အလွယ်ခေါ်နေကြတဲ့ ဒေသခံ ခိုင်းနွားအမ တွေကို နို့စားနွားမတွေလို မြက်တွေ၊ ဖြည့်စွက်စာတွေ ဘယ်လောက်ကောင်းအောင် ကျွေးမွေးပေမယ့် နို့စားနွားတွေလို နွားနို့အမြောက်အမြား ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နွားနို့ထုတ်လုပ်မှု မြင့်မားဖို့ဆိုရင် မိမိမွေးမြူထားတဲ့ နို့စားနွားမတွေဟာ နို့စားနွားမျိုးဗီဇ ကောင်းကောင်းပါရှိရမှာဖြစ်ပြီး၊ သူတို့နေထိုင်လို့ သက်သောင့်သက်သာရှိတဲ့ နေရာထိုင်ခင်းနဲ့၊ နို့ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အစာ အာဟာရတွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပံ့ပိုးပေးရပါလိမ့်မယ်။

        မြန်မာနိုင်ငံလို အပူပိုင်းဒေသနိုင်ငံတစ်ခုမှာ သဘာဝအားဖြင့် အပူပိုင်းနွားမျိုးတွေသာ ရှင်သန်နေထိုင်ကြပါတယ်။ အဲဒီ အပူပိုင်းနွားမျိုးတွေဟာ အပူဒဏ်ကို ခံနိုင်ပြီး၊ မိုးခေါင်ရေရှားမှုကြောင့် အစာ၊ ရေ ချို့တဲ့မှုတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ နို့ထုတ်လုပ်မှုကတော့ ညံ့ဖျင်းလှပါတယ်။ စီးပွားဖြစ် နို့စားနွားမွေးမြူရေး လုပ်ငန်းတစ်ခုအဖြစ် ထူထောင်နိုင်လောက်အောင် နို့ထွက်နှုန်းက မကောင်းကြပါဘူး။ ဒါက အပူပိုင်းဒေသ နွားမျိုးအများစုရဲ့ မျိုးဗီဇကြောင့်ပါ။

        အပူပိုင်းဒေသနိုင်ငံတွေမှာ နို့စားနွားမွေးမြူရေးကို ဆောင်ရွက်လိုတဲ့အခါ ရာသီဥတုအေးမြတဲ့ သမပိုင်းနိုင်ငံတွေဆီက နွားမျိုးတွေလိုအပ်လာပါတယ်။ သမပိုင်းက နို့စားနွားမကြီးတွေကို အပူပိုင်းနိုင်ငံတွေဆီ ဝယ်ယူသယ်ဆောင်လာဖို့ဆိုတာဟာလည်း အင်မတန်စရိတ်ကြီးမားပြီး စီးပွားရေးအရ ဘယ်လိုမှ တွက်ခြေမကိုက်နိုင်ပါဘူး။ ဒီထက်ပိုပြီး အရေးကြီးတာ ရှိပါသေးတယ်။ သမပိုင်းက နို့စားနွားမကြီးတွေကို အပူပိုင်းဒေသတွေဆီ သယ်ဆောင် မွေးမြူလို့ စီးပွားရေးအရ တွက်ခြေကိုက်မယ်ဆိုရင်တောင် အဲဒီနိုင်ငံတွေက နို့စားနွားတွေကို အပူပိုင်းဒေသဆီ ယူလာပြီးနောက် ဆက်လက်မွေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရာသီဥတုကွာခြားချက် ကြောင့် သမပိုင်းက နို့စားနွားမတွေဟာ အပူပိုင်းနိုင်ငံတွေမှာ ကောင်းကောင်း မရှင်သန်နိုင်ပါဘူး။ 
ဒါကြောင့် ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပြီး၊ နို့ထုတ်လုပ်မှုဟာလည်း စီးပွားရေးအရ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ အခြေအနေတစ်ခုအထိ မြင့်မားလာစေဖို့အတွက် အပူပိုင်းဒေသနွားမျိုးနဲ့၊ သမပိုင်း နို့စားနွားမျိုးတွေကို မျိုးစပ်ပြီး ရရှိလာတဲ့ ကပြားနွားတွေကို မွေးမြူခြင်းက အပူပိုင်းဒေသ နိုင်ငံတွေရဲ့ နို့စားနွားမွေးမြူရေးမှာ အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်လာပါတယ်။

        ယေဘုယျအားဖြင့် သမပိုင်းက နို့စားနွားမျိုး အထီးနဲ့ အပူပိုင်းဒေသက ခိုင်းနွားမျိုးအမတွေကို သားစပ်ပေးပြီး ရရှိလာတဲ့ ကပြားနွား အမလေးတွေကို နို့စားနွားမအဖြစ် ဆက်လက်မွေးမြူကြပါတယ်။ ဒီနေရာမှာ နို့စားနွားမအဖြစ် မွေးမြူတဲ့ နွားမတစ်ကောင်ဟာ ဒေသခံ အပူပိုင်းဒေသနွားမျိုး (တချို့က သွေးလို့ခေါ်တယ်။) ဘယ်လောက် ရာခိုင်နှုန်းနဲ့၊  သမပိုင်းဒေသနွားမျိုး  ဘယ်လောက်ရာခိုင်နှုန်း ပါရမယ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကွဲပြားပါတယ်။ မွေးမြူတဲ့သူနဲ့၊ မွေးမြူတဲ့စနစ်က ဘယ်လောက် ဂရုစိုက်နိုင်သလဲအပေါ် မူတည်ပြီး နို့စားနွားမျိုးနဲ့ ခိုင်းနွားမျိုး ၅၀ ရာခိုင်နှုန်းစီမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံတွေရှိသလို၊ နို့စားနွားမျိုး ၇၅ ရာခိုင်နှုန်းနဲ့ ခိုင်းနွားမျိုး ၂၅ ရာခိုင်နှုန်းမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ (အစ္စရေးလ်နိုင်ငံကတော့ သူ့နိုင်ငံက ဒေသခံအပူပိုင်း နွားမျိုးကို ဟော့စတိန်းဖရစ်ရှန် နို့စားနွားမျိုးနဲ့ စပ်ပြီး သူ့ကိုယ်ပိုင်နို့စားနွားမျိုးတစ်မျိုးပေါ်လာအောင် ဆောင်ရွက်ထားပါတယ်။ အစ္စရေးလ်ဟော့စတိန်းလို့ ခေါ်ပါတယ်။)

        ဒါကြောင့် ဒေသခံနွားမျိုးတွေကို နို့စားနွားမျိုးနဲ့ စပ်နိုင်အောင်နဲ့ ကပြားဖြစ်ပြီးသား နို့စားနွားတွေကို နို့စားနွားမျိုးဗီဇ ဆက်လက်ထိန်းသိမ်းနိုင်အောင်အတွက် နို့စားနွားမျိုးဗီဇတွေ အဆက်မပြတ် ဆက်လက်ဖြည့်သွင်းဖြန့်ဖြူးနေဖို့ လိုအပ်ပါတယ်။ အဲဒီ နို့စားနွားမျိုးဗီဇတွေကို ဖြည့်သွင်းဖို့အတွက် နို့စားနွားမျိုး နွားသိုးတွေ လိုအပ်မှာ ဖြစ်ပါတယ်။ နို့စားနွားမျိုး နွားသိုးတွေရဲ့တန်ဖိုးဟာ အလွန်ကြီးမြင့်သလို ထိန်းသိမ်းစောင့်ရှောက်ရတာလည်း ခက်ခဲပါတယ်။ အပူပိုင်းဒေသမှာ သမပိုင်းနွားမျိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါ ကြောင့် မျိုးနွားသိုး အရေအတွက်ကို တတ်နိုင်သမျှ လျှော့ချဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း မျိုးဗီဇ အလွန်ကောင်းမွန်တဲ့ နွားသိုးနဲ့ သားစပ်နိုင်တဲ့ ‌ဒေသခံ အပူပိုင်း‌နွားမအရေအတွက်ကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။



မေထုန်မဲ့သားစပ်ခြင်း

        မေထုန်မဲ့သားစပ်ခြင်း (Artificial Insemination) ဆိုတာကတော့ တိရစ္ဆာန်တွေကို သဘာဝအတိုင်း သားစပ်စေတာမဟုတ်ဘဲ၊ နည်းပညာအကူအညီကို အသုံးပြုထားတဲ့ သားစပ်နည်းပါ။ နွားသိုးဆီက မျိုးရည်ကို ထုတ်ယူရပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးမှု အဆင့်ဆင့် ပြုလုပ်၍ အရည်အသွေးကောင်း ရောဂါ ကင်းစင်တဲ့ မျိုးရည်ကို သတ်မှတ်ထားတဲ့ ရောစပ်ပစ္စည်းတွေနဲ့ ထပ်မံရောစပ်ရပါတယ်။ နွားမ တစ်ကောင်သားအောင်နိုင်ဖို့ လိုအပ်တဲ့ သုက်ပိုးပမာဏပါဝင်တဲ့ မျိုးရည်ကို ပလတ်စတစ်ပိုက်ငယ်လေးတွေအတွင်း ထည့်သွင်းရပါတယ်။ အဲဒီမျိုးရည်ပါဝင်တဲ့ ပလတ်စတစ်ပိုက်ငယ်ကို နိုက်ထရိုဂျင်အရည်ထဲမှာ အေးခဲပြီး နှစ်ပေါင်းများစွာ သိုလှောင် သိမ်းဆည်းထားနိုင်ပါတယ်။ 

        သဘာဝနည်းနဲ့ဆိုရင် နွားသိုးတစ်ကောင် တစ်ကြိမ်သားစပ်ရင် နွားမတစ်ကောင်ကိုပဲ သားစပ်နိုင်ပါတယ်။ ဒါပေမဲ့ မေထုန်မဲ့နည်းကို အသုံးပြုရာ မှာတော့ အဲဒီနွားမတစ်ကောင်ကိုသာ သားစပ်နိုင်တဲ့ မျိုးရည်ပမာဏကို ပလတ်စတစ်ပိုက်ငယ်လေးများနဲ့ ခွဲဝေပြီး နွားမရာဂဏန်းအထိ သားစပ်နိုင်ပါတယ်။ ဒါကြောင့် နွားသိုးမွေးမြူရတဲ့ အကောင်ရေကို လျှော့ချနိုင်သလို၊ မျိုးကောင်းတဲ့ နွားသိုးတစ်ကောင် ရဲ့ မျိုးဗီဇတွေကလည်း နွားမအမြောက်အမြားထံကို ဖြန့်ဝေပေးနိုင်ပါတယ်။ နွားသိုး အသက်ရှင်စဉ်မှာ သူ့ရဲ့ မျိုးဗီဇတွေကို တတ်နိုင်သမျှ ထုတ်ယူစုဆောင်းပြီး သိမ်းဆည်းထားတာကြောင့် အဲဒီနွားသိုး မရှိတော့သည့်တိုင် သူ့ရဲ့ မျိုးဗီဇတွေကို ဆက်လက်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

        မေထုန်မဲ့သားစပ်နည်းကို အပူပိုင်းဒေသနွားမျိုးတွေဆီ သမပိုင်းနို့စားနွားမျိုးတွေ ရောစပ်ပေးဖို့ပဲ  အသုံးပြုတာတော့ မဟုတ်ပါဘူး။ အပူပိုင်းနွားမျိုးစစ်တွေထဲ ဒါမှမဟုတ် သမပိုင်းနွားမျိုးစစ်တွေထဲမှာပဲ အရည်အသွေးကောင်းမွန်တဲ့ မျိုးနွားသိုးတစ်ကောင်ရဲ့ မျိုးဗီဇတွေကို နွားမအမြောက်အမြားထံ ဖြန့်ဝေနိုင်ဖို့နဲ့ ရေရှည် သိုလှောင်ထားနိုင်ဖို့အတွက် မေထုန်မဲ့သားစပ်နည်းကို အသုံးပြုကြပါတယ်။


သတိထားရမယ့်အချက်

        မေထုန်မဲ့သားစပ်လုပ်ငန်းဟာ နို့စားနွားမွေးမြူရေး လုပ်ငန်းအပေါ် ကြီးမားတဲ့ အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ မေထုန်မဲ့သားစပ်လုပ်ငန်းကို စနစ်တကျ မလုပ်ကိုင်ဘူးဆိုရင်တော့ အင်မတန်ဆိုးရွားတဲ့ ရလဒ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီထဲက တစ်ချက်ကတော့ မျိုးနီးသားစပ်ခြင်း (In-breeding) ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ မျိုးနွားသိုးရဲ့ မျိုးရည်တွေကို နိုက်ထရိုဂျင်ဓာတ်ငွေ့ရည်ထဲမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားနိုင်တာပါ။ ဒါ့အပြင် အဲဒီမျိုးရည်တွေ တစ်နိုင်ငံလုံးကို (တချို့ဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီး အထိ) ဖြန့်ဝေထားပြီး နွားမပေါင်းများစွာနဲ့ သားစပ်ပြီး၊ အဲဒီနွားသိုးရဲ့ သားသမီး နွားငယ်တွေ၊ ဆွေ မျိုးတော်စပ်တဲ့ နွားတွေဟာ တစ်နိုင်ငံလုံးမှာ အမြောက်အမြား ရှိနေနိုင်ပါတယ်။ သားစပ်မယ့် နွားမနဲ့ မျိုးရည် ထုတ်လုပ်ပေးတဲ့ နွားသိုးတို့ဟာ ဆွေမျိုးတော်စပ်ခဲ့ မယ်ဆိုရင် မျိုးနီးသားစပ်ခြင်းကို ဖြစ်ပေါ်စေမှာပါ။ 
နို့စားနွားတွေမှာ မျိုးနီးသားစပ်ခြင်းကြောင့် ရရှိလာတဲ့ ဆိုးကျိုးတွေရှိပါတယ်။ မျိုးနီးသားစပ်ခြင်းက ရရှိလာတဲ့ နွားငယ်တွေဟာ တိမ်မြုပ်နေတဲ့ မျိုးဗီဇဆိုးတွေ ပြန်လည်ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် အပူဒဏ်ကို ခံနိုင်ရည်မရှိတာမျိုး၊ နို့ထုတ်လုပ်မှု မကောင်းတာမျိုး၊ ရောဂါဒဏ်ကို မခံနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ မျိုးနီးသားစပ်မှု များလာတာနဲ့အမျှ နို့ထုတ်လုပ်မှုက ကျဆင်းလာပြီး ရေရှည်မှာ စီးပွားရေးအရ ထိခိုက်မှု ရှိလာပါ တယ်။ ဒါကြောင့် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာ မျိုးနီးသားစပ် မဖြစ်ဖို့ နည်းပညာကို အသုံးပြု ဆောင်ရွက်ကြပါတယ်။ 

        နောက်ထပ် အလေးထားရမယ့် အချက်တစ်ချက်ကတော့ မျိုးရည်ထုတ်လုပ်မယ့် မျိုးနွားသိုးရဲ့ အရည်အသွေး ဖြစ်ပါတယ်။ ဒါကြောင့် မျိုးနွားသိုးရဲ့ အရည်အသွေးကို သေသေချာချာ မစစ်ဆေးဘဲ မျိုးရည်ထုတ်လုပ်ပြီး သားစပ်မယ်ဆိုရင် အရည်အသွေး ညံ့ဖျင်းတဲ့ နွားသိုးရဲ့ မျိုးဗီဇတွေ ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးမြင့်မားတဲ့ မျိုးနွားသိုးကို စနစ်တကျ ရွေးချယ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

        ချုပ်ပြီးပြောရရင် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မေထုန်မဲ့သားစပ်လုပ်ငန်းဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါပေမဲ့ မေထုန်မဲ့သားစပ်လုပ်ငန်း လုပ်တယ်ဆိုရုံနဲ့ မပြီးပါဘူး။ အရည်အသွေး ကောင်းမွန်တဲ့ မျိုးနွားသိုးတွေကို ရွေးချယ်နိုင်ဖို့ လိုအပ်သလို၊ မျိုးနီးသားစပ်ခြင်း မဖြစ်ရအောင် သေသေချာချာ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နို့စားနွားမွေးမြူရေးလုပ်ငန်းမှာ အဲဒီအချက် နှစ်ချက်လုံး လိုအပ်နေတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။

        ဒီဆောင်းပါးဟာ ဒို့ကျေးရွာ ပရိတ်သတ်များအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းရဲ့ သဘောသဘာဝကို တီးခေါက်မိဖို့ အထောက်အကူပြုလိမ့်မယ်လို့ ယူဆပါတယ်။ နောက်တစ်ပတ်မှာတော့ အပူပိုင်းဒေသနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် နို့စားနွားမွေးမြူရေးထွန်းကားတဲ့ အစ္စရေးလ်မှာ အရည်အသွေးမြင့်တဲ့ မျိုးနွားသိုးတွေကို ဘယ်လို ရွေးချယ်သလဲ၊ မျိုးနီးသားစပ် မဖြစ်ရအောင် ဘယ်လိုလုပ်ဆောင်သလဲဆိုတဲ့ အတွေ့အကြုံတွေကို မျှဝေသွားပါဦးမယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)

No comments:

Popular Posts